စွမ်းဆောင်ရည်မြင့် တန်ကြေးသင့် မော်ဒယ်အဖြစ် ထုတ်လုပ်ထားပေမယ့် ပြည်တွင်းလို အနေအထားမှာတော့ ဇိမ်ခံ မော်ဒယ် အနေနဲ့ပါ သုံးနိုင်လောက်အောင် အရည်အသွေး ရှိပါတယ်။ နောက်ပြီး စိတ်ဝင်စားစရာ ကောင်းတာ တချက်က ကိုယ်ထည် အမျိုးအစားပါ။
Coupe လို့ ခေါ်တဲ့ နှစ်ယောက်စီး တံခါးနှစ်ပေါက်စနစ်နဲ့ပါ ရနိုင်မယ့် အနေအထားက Sport မော်ဒယ်တွေ လိုချင်တဲ့ လူငယ်တွေအတွက် သဘောကျစရာပါ။ အိမ်စီးအနေနဲ့ ဆိုရင်လည်း တံခါးလေးပေါက်စနစ် ဆီဒင် မော်ဒယ်ကို ရနိုင်ပါတယ်။
Toyotaရဲ့ Mark X လို မော်ဒယ် အတွက်တော့ ပြိုင်ဖက်ကောင်းတခုပါပဲ။ အရည်အသွေး ကောင်းတယ်၊ ဆွဲဆောင်မှု ရှိတယ်၊ နောက်ပြီး အင်ဂျင်ပိုင်း စွမ်းဆောင်ရည် ကောင်းတာတွေကြောင့် ဈေးကွက်မှာ မော်ဒယ်ခွဲ အများအပြား ထုတ်လုပ် ရောင်းချနေနိုင်တာ တွေ့ရပါတယ်။
ဒါပေမယ့် တခုရှိတာက ပြည်တွင်း ဈေးကွက်မှာတော့ အဝင်နည်းသလို လူသိနည်းတာပါ။ မော်ဒယ်က နိုင်ငံတကာ ဈေးကွက်မှာ အရမ်းအောင်မြင်နေတာ ဖြစ်သလို ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလတုန်းက အမေရိကန်မှာ ရောင်းအား အကောင်းဆုံး မော်ဒယ်အနေနဲ့ သူ့အတန်းအစားထဲမှာ ၂ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ပါတယ်။
တကယ်တမ်း ပြောရမယ် ဆိုရင် Civic လို မော်ဒယ်တောင်မှ Accord ရဲ့ အငွေ့အသက် မကင်းပါဘူး။ ထားပါတော့၊ တကုမ္ပဏီတည်း ထုတ်ထားတာလည်း ဖြစ်တယ်၊ ဆီဒင် အမျိုးအစားချင်းလည်း တူတယ်ဆိုတော့ အပြစ်ပြောလို့ မရပေမယ့် သေချာတာ တခုက Accord က Civic ထက် ဆွဲဆောင်နိုင်မှု ပိုပါတယ်။ ရုပ်ထွက် လှပါတယ်၊ အကြမ်းခံနိုင်ရည် ပိိုကောင်းပါတယ်၊ စွမ်းဆောင်နိုင်မှု အပိုင်းမှာလည်း မဆိုးပါဘူး။
ဒါပေမယ့် တခု ရှိသွားတာက ကျနော်တို့ ပြည်တွင်း ဈေးကွက်မှာက မော်တော်ကား တစီးကို ဈေးတွက်တွက်ပြီး စီးနေရသူတွေ များနေတာပဲ ဖြစ်ပါတယ်။ ဒီတော့ အကျိုးဆက်က ဘာဖြစ်လာသလဲဆိုရင် အင်ဂျင် အရွယ်ကြီးတဲ့ မော်ဒယ်တွေ ဘေးရောက်သွားတော့တာပဲ ဖြစ်ပါတယ်။
Accord ရဲ့ အင်ဂျင်ပိုင်းကို ကြည့်မယ် ဆိုရင် ၂.၄ လီတာသုံး အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့နိုင်ပြီး ခရီးဝေး မောင်းနှင်မှုလို အသုံးပြုမှုတွေ အတွက် အဆင်ပြေနိ်ုင်လောက်ပေမယ့် တဖက်က ရေရှည်မှာ ဆီစားများလာမယ့် အချက် ဖြစ်တော့ ဝယ်ချင်သူက လက်ရှောင်သွားပါတော့တယ်။
ပြီးတော့ နောက်တခုက ဈေးနှုန်းပိုင်းမှာက ဈေးကွက်အဝင်များတဲ့ ၂၀ဝ၇ ခုနှစ် ဝန်းကျင်လောက် ထုတ်လုပ်ထားတဲ့ မော်ဒယ်ကိုပဲ ဈေးနှုန်းက သိန်း ၃၂၀ ဝန်းကျင်လောက် ရှိနေတာ တချက်က နည်းနည်းလောက် စဉ်းစားစရာ ဖြစ်လာစေပါတယ်။ ဟုတ်ပါတယ်၊ လက်ရှိမှာက Toyota ကို အကြိုက်ဆုံး ဖြစ်နေတဲ့ ဈေးကွက်မှာ Honda က Nissan တို့ Suzuki တို့နဲ့ ဈေးကွက်နေရာကို ဝေမျှယူနေရတဲ့ အခြေအနေကြောင့် အင်ဂျင်အရွယ်ကြီးပြီး ဆီစားများများ၊ ဈေးနှုန်း များများ အနေအထားမှာ Accord က နောက်မှာ ကျန်နေခဲ့တော့တာပါ။
ပြောရရင် Toyota ရဲ့ နောက်မှာတင် မဟုတ်ဘဲ Honda ရဲ့ တခြား တန်ကြေးနည်း မော်ဒယ်တွေကကိုပဲ လမ်းတိုင်း၊ နေရာတိုင်း တွေ့နေရပေမယ့် Accord က နေရာပျောက်သွားရတော့တာပါ။ ဒါပေမယ့် အခုချိန်က ကားဈေးတက်နေတယ်၊ ဒါပေမယ့် လူသိနည်းသေးတဲ့ မော်ဒယ်တွေ ဈေးချိုချင်တယ်၊ ဒါဆို အရည်အသွေးရော ရွေးချယ်နိုင်မှုပါ အားကောင်းနေတဲ့၊ စိတ်ကြိုက်ဖြစ်နေတဲ့ မော်ဒယ် တခုအတွက်ကတော့ လေ့လာမိဖို့ပဲ လိုတော့သလိုပါ။