Lifestyle

ဂီတသက် ၃၅ ၊ အသက် ၅၃ နဲ့ မေရွက်ဝါ

တေးသံရှင် မေရွက်ဝါရဲ့ “May Ywat War 35&53 Music Concert” လို့ အမည်ပေးထားတဲ့ ဂီတသက်တမ်း ၃၅ နှစ်ပြည့် အထိမ်းအမှတ်အနေ ဂီတဖျော်ဖြေပွဲတခုကို ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

အဆိုပါ ဂီတဖျော်ဖြေပွဲကို လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့ည ၇ နာရီအချိန်မှာ ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းမှာရှိတဲ့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ဒီ ဖျော်ဖြေပွဲကလည်း တေးသံရှင်မေရွက်ဝါရဲ့ ဂီတသက်တမ်း ၃၅ နှစ်အတွင်း ပထမဆုံးကျင်းပပြုလုပ်တဲ့ ဖျော်ဖြေပွဲတခုလို့ သိရပါတယ်။

ဖျော်ဖြေပွဲနဲ့ပတ်သက်လို့ အဆိုရှင် မေရွက်ဝါက “ ဒီပွဲက ကျမရဲ့ ပထမဆုံးပြုလုပ်တဲ့ ဂီတဖျော်ဖြေပွဲပါ။ ကျမရဲ့ အနုပညာသက်တမ်း ၃၅ နှစ်ပြည့်တဲ့အတွက် သီချင်း ၃၅ ပုဒ်ကို သီဆိုဖျော်ဖြေပါမယ်။ ဒီပွဲလေးက ထူးခြားတဲ့ ပွဲတပွဲဖြစ်မှာပါ။ လာကြည့်တဲ့သူတွေ တန်အောင် အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးမယ်။ ပါဖောမန့်တွေလည်း အများကြီးထည့်ထားပေးတယ်။ သူများနဲ့မတူ တမူထူးခြားအောင် ပွဲမှာ ခေတ်လေးခေတ်ပုံစံနဲ့ ဖျော်ဖြေပေးပါမယ်။ စတူဒီယိုခေတ်ဦး၊ စတူဒီယိုစုံတွဲခေတ်၊ မြန်မာသံ၊ ရုပ်ရှင်ဂန္တဝင်တေး ခေတ်တွေပေါ့” လို့ သူကဆိုပါတယ်။

ဆက်လက်ပြီး ၎င်းက “ပုံစံလေးမျိုးနဲ့ဖျော်ဖြေမယ့် အဝတ်အစားကိုလည်း အဲဒီသီချင်းပုံစံတွေနဲ့ လိုက်ဖက်မှုရှိအောင် အနီးစပ်ဆုံး ဝတ်သွားမယ်။ ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း ပါဝင်အားဖြည့်ပေးမယ်လို့ ပြောပါတယ်။ ကျမ ထွက်ခဲ့ဖူးတဲ့ သီချင်းခွေပေါင်းများစွာထဲ၊ အခွေတရာကျော်ထဲက အကောင်းဆုံးသီချင်းတွေကို အချိတ်အဆက်တွေနဲ့ သီဆို ဖျော်ဖြေသွားမှာပါ။ ဦးဇင်ဝိုင်းနဲ့ဆိုရင်လည်း သင်္ကြန်မိုး ဇာတ်ကားထဲက “နှစ်ကိုယ်တူချစ်သမျှ” လို သီချင်းတွေ ဆိုမယ်”လို့ ဧရာဝတီကို ပြောဆိုပါတယ်။

ဒီ ဖျော်ဖြေပွဲမှာ ပါဝင်အားဖြည့်သီဆိုကြမယ့်အဆိုရှင်များကတော့ စိုးပိုင်၊ နေအောင်၊ ဇင်ဝိုင်း၊ စည်သူလွင်၊ အစ္စဏီ၊ မေသန်းနု၊ မိုင်၊ ချမ်းချမ်း၊ အိမ့်ချစ် တို့ဖြစ်ကြပါတယ်။
အဆိုရှင်ပေါင်းများစွာနဲ့အတူ စတီရီယို၊ မြန်မာသံ၊ ရုပ်ရှင်ဂန္တဝင်တေးများစွာကို ခံစားရမယ့် ဂီတဖျော်ဖြေပွဲတခုလည်း ဖြစ်ပါတယ်။

လက်မှတ်ဈေးနှုန်းများကို ငါးသောင်းကျပ်၊ လေးသောင်းကျပ်၊ သုံးသောင်းကျပ်၊ နှစ်သောင်းကျပ်နဲ့ တသောင်းကျပ် သတ်မှတ်ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Loading