မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာတခုဖြစ်တဲ့ အူရီဒူးမြန်မာမှ မြန်မာနိုင်ငံမှာ ပထမဆုံးနဲ့ စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်တခုဖြစ်ပြီး ဆုကြေးငွေ အများဆုံးဖြစ်တဲ့ Galaxy Star Myanmar 2017 သီချင်းဆိုပြိုင်ပွဲကို Main Sponsor အဖြစ် ကူညီပံ့ပိုးမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၉ ရက်နေ့မှာ သတင်း ထုတ်ပြန်လိုက်ပါတယ်။
Galaxy Star အစီအစဉ်ဟာ သီချင်းဆို ဝါသနာရှင် အရွယ်မျိုးစုံကို ၄င်းတို့ အိပ်မက်များ အကောင်အထည် ဖော်နိုင်အောင်၊ ကမ္ဘာကျော် အဆိုရှင် တယောက်ဖြစ်လာအောင် မြေတောင်မြှောက်ပေးမယ့် ပြိုင်ပွဲတခု ဖြစ်ပြီး အစီအစဉ်မှာ ပဏာမ အသံစစ်ဆေးခြင်း (Local Challenge), Premier Challenge, Galaxy Camp, Korea Training Camp နှင့် Dream League စသဖြင့် အဆင့် ၅ ဆင့် ပါဝင်တယ်လို့ သိရပါတယ်။
အကဲဖြတ်ဒိုင် လူကြီးတွေအဖြစ် နာမည်ကြီး အဆိုတော်တွေဖြစ်ကြတဲ့ ဂရေဟန်၊ ဖိုးကာ၊ ဆုန်သင်းပါရ်၊ ဖြူဖြူကျော်သိန်းနဲ့ ဂျေမီတို့က ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ ပဏာမ အသံစစ်ဆေးခြင်းကို မြန်မာနိုင်ငံ တဝှမ်းမှာ ရှိတဲ့ မြို့ကြီး ၁၅ မြို့ဖြစ်တဲ့ ထားဝယ်၊ စစ်တွေ၊ မော်လမြိုင်၊ ပုသိမ်၊ ဘားအံ၊ ပြည်၊ လွိုင်ကော်၊ မကွေး၊ တောင်ကြီး၊ မုံရွာ၊ ဟားခါး၊ မြစ်ကြီးနား၊ မန္တလေး၊ နေပြည်တော်နဲ့ ရန်ကုန်မြို့တို့မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
Galaxy Star Myanmar 2017 သီချင်းဆို ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ စတင်မှာ ဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်မှာ ပြီးစီးမှာ ဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်လိုတဲ့ အဆို ဝါသနာရှင်တွေ အနေနဲ့ ပဏာမ အသံစစ်ဆေးတဲ့ အဆင့်မှာ သီချင်းတပုဒ်ကို သီဆိုယှဉ်ပြိုင်ရမှာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သူ ၁၅၀ ကို နောက်တဆင့် တက်လှမ်းရန် ရွေးချယ်သွားမယ်လို့ သိရပါတယ်။
Premier Challenge အဆင့်မှာ အကဲဖြတ်ဒိုင်လူကြီးများမှ တတိယအဆင့် (Galaxy Camp) ကို တက်လှမ်းရန် ယှဉ်ပြိုင်သူ အယောက် ၇၀ ကို စိစစ်ရွေးချယ်သွားမှာဖြစ်ပြီး Galaxy Camp အဆင့်မှာ ပါဝင်ယှဉ်ပြိုင်လိုသူများ အနေနဲ့ သီချင်းဆို အရည်အသွေး တိုးတက်ကောင်းမွန်အောင် လေ့ကျင့်သင်ကြားပေးမှုများ ပြုလုပ်ပေးမှာ ဖြစ်ပြီး “Korean Training Camp” အဆင့်ကို တက်လှမ်းဖို့ အဖွဲ့ ၁၂ ဖွဲ့ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
အဆိုပါ အဆင့်မှာ ရွေးချယ်ခံရသူတွေအနေနဲ့ ကိုရီးယားနိုင်ငံမှာ ၃ ပတ်ကြာ သီချင်းသီဆိုမှု လေ့ကျင့်သင်ကြား ပေးသွားမှာ ဖြစ်ပြီး “Dream League” အဆင့်ကို တက်လှမ်းနိုင်ဖို့ အဖွဲ့ ၁၀ ဖွဲ့ အကဲဖြတ် ရွေးချယ်သွားမယ်လို့ သိရပါတယ်။
Dream League ရဲ့ နောက်ဆုံးအဆင့်မှာ အနိုင်ရရှိတဲ့ အဆိုရှင်က ဆုကြေးငွေအဖြစ် ကျပ်သိန်း ၁၀ဝ၀ ချီးမြှင့် ခံရမှာဖြစ်ပြီး ကိုယ်ပိုင်တေးစီးရီး Single Album ကို ကိုရီးယားနိုင်ငံမှာ ရိုက်ကူးထုတ်လုပ်နိုင်မယ့် အခွင့်အရေး၊ ကမ္ဘာကျော် အနုပညာ ငွေကြယ်ပွင့် တယောက် ဖြစ်လာမယ့် အခွင့်အရေးကို ရရှိမှာဖြစ်ပါတယ်။
သီချင်းဆို ပါဝင်ယှဉ်ပြိုင်မှု အစီအစဉ်တွေကို MRTV-4 မှ ၂၀၁၇ ခုနှစ်၊ ဧပြီလ ပထမပတ်မှ စတင်ပြီး ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပြီး မိမိ Vote ပေးလိုတဲ့ အဆိုရှင်ကို တရားဝင် SMS ပေးပို့ပြီး Vote လုပ်နိုင်မယ့် အစီအစဉ်ကို အူရီဒူးမြန်မာမှ စပွန်ဆာပေး တာဝန်ယူထားတယ်လို့ သိရပါတယ်။
အဆိုပါ Galaxy Star Myanmar 2017 သီချင်းဆိုပြိုင်ပွဲကို အသက် ၁၅ နှစ် မှ ၃၅ နှစ် အကြားရှိတဲ့ သီချင်းဆို ဝါသနာပါသူ မြန်မာနိုင်ငံသားတိုင်း မည်သူမဆို တဦးချင်း၊ အုပ်စုလိုက် ပါဝင်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး ပြိုင်ပွဲကို ပါဝင်ဖို့ လျှောက်လွှာများကို ပမာဏအသံ စစ်ဆေးတဲ့နေ့ ပွဲကျင်းပရာနေရာမှာ ရယူ ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။