၂၀၁၆ ခုနှစ်က လူရွှင်တော် အနုပညာရှင်တွေ ကျန်းမာရေးချူချာတဲ့ နှစ်တနှစ်လို့ ဆိုရမလားပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်တနှစ်လုံုးမှာ ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ပြီး ဆေးကုသမှုခံယူနေရတဲ့ လူရွှင်တော်တွေ တော်တော်များများ ရှိနေလို့ပါပဲ။
ပြည်သူချစ်အနုပညာရှင်တွေဖြစ်တဲ့ လူရွှင်တော် မန်းဝင်း၊ မိုးဒီ၊ ဧရာ၊ ကင်းကောင်တို့ဟာ နာမကျန်းဖြစ်တဲ့အတွက် ဆေးရုံတက်ပြီး ဆေးကုသမှု၊ ခွဲစိတ်မှုများအသီးသီးကို ခံယူနေကြရတာကို တွေ့ရပါတယ်။
လူရွှင်တော် ဧရာက အရိုးတီဘီဖြစ်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ဆေးရုံတက် ဆေးကုသမှု ခံယူခဲ့ ပါတယ်။ ဧရာအနေနဲ့က အရိုး၊ ခါး ကျီးပေါင်းမှတဆင့် ရောဂါဝေဒနာခံစားရကာ အရိုးကုဆေးရုံ အထူး ကြပ်မတ်ကုသဆောင်မှာ ခါးအရိုး ဝေဒနာကုသရန် တက်ရောက်ခဲ့ရပြီး တနှစ်အတွင်းမှာ ၃ ခါတိတိ ဆေးရုံတက် ဆေးကုုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။
ရုပ်ရှင် ချစ်ပရိသတ်များကို နှစ်ပေါင်းများစွာ ဟာဒယရွှင်ဆေးတိုက်ကျွေးခဲ့တဲ့ အကယ်ဒမီဆုရှင် ဦးမိုးဒီကလည်း ဒီနှစ် အောက်တိုဘာလကုန်ပိုင်းလောက်က နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရန်ကုန်မြို့ SSC ဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူခဲ့ရပါသေးတယ်။ ဟာသလူရွှင်တော် ဦးမိုးဒီက ယခုအခါ အသက် ၇၀ ပြည့်တော့မှာဖြစ်ပြီး ကျန်းမာရေးကြောင့် အနားယူဖို့ လိုအပ်နေတယ်လို့လည်း သိရပါတယ်။
အသက်အရွယ်ကြီးတဲ့ လူရွှင်တော်များ ကျန်းမာရေးအတွက် ဆေးရုံတက်ရောက်ကုသမှုများရှိသလို အသက်ရှည်နဲ့ ကျန်းမာစွာ နေထိုင်နေသေးတဲ့ လူရွှင်တော်ကြီးတချို့လည်း ရှိနေကြပါသေးတယ်။
အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ လူရွှင်တော်ကြီး မိုးကျော်က “ဒီနှစ်ကတော့ လူရွှင်တော်တွေ ကျန်းမာရေးမကောင်းတဲ့ နှစ်တနှစ်လို့ ပြောလို့ရပါတယ်။ ကျနော်ကြားတာက ကိုမန်းဝင်း၊ ကိုမိုးဒီ၊ ကိုဧရာ၊ ကိုစိန်ရိုးလည်း ဆေးရုံတက်ရတယ် ပြောတယ်။ လူရွှင်တော်တွေထဲမှာ ကျနော်ထက် အသက်ကြီးတာ ကိုစိန်ရိုး ရှိတယ်။ နောက် ကိုမန်းကျော်နဲ့ ကိုပေါက်ကျော် သူတို့က ကျနော်ထက် အသက်ကြီးတယ်။ ကိုပေါက်ကျော်ဆို အသက် ၈၀ ရှိပါပြီ။ ကျန်းမာတယ်။ သူက သဘင်မှာ ဦးစိန်အောင်မင်းနဲ့ ကပြဖျော်ဖြေခဲ့တဲ့သူပါ ။ ကိုမိုးဒီတို့၊ ကိုတိမ်ညွှန့်တို့၊ ကိုပေါ်လေးတို့၊ ဦးဝင်းနိုင်တို့၊ ကိုမန်းဝင်းတို့ကတော့ ကျနော်တို့ထက် ငယ်ပါတယ်” လို့ လူရွှင်တော်ကြီးတွေနဲ့ ပတ်သက်ပြီး ဧရာဝတီကို ဆိုပါတယ်။
ဟာသလူရွှင်တော်ကြီး ဦးမန်းဝင်းကတော့ စက်တင်ဘာလအတွင်းကပဲ ကျောက်ကပ်ဝေဒနာကြောင့် ခွဲစိတ်မှု ပြုလုပ်ခဲ့ရပြီး အောင်မြင်ခဲ့ပေမယ့် ဦးမန်းဝင်းက ဆီးချိုသွေးချိုရောဂါဖြစ်တာ ၂၅ နှစ်နီးပါးရှိခဲ့ပြီး သောက်ခဲ့တဲ့ ဆေးအရှိန်များက ကျောက်ကပ်ကို ထိခိုက်ခဲ့တာလို့ ဦးမန်းဝင်းက ဆိုပါတယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါကြောင့် ကုတင် ၅၀၀ ဆန့်ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူခဲ့ရတာ ၃ ကြိမ်ရှိခဲ့ပြီး ကျောက်ကပ်ဆေးကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်ကလည်း လူရွှင်တော် ကင်းကောင်ဟာ ရင်ခေါင်းခွဲစိတ်မှုတခုကို ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ အစာရေမြိုပြွန်မှာ အနာဖြစ်တဲ့အတွက် ကုတင် ၅၀၀ ဆန့် ဆေးရုံမှာပဲ ခွဲစိတ်ကုသမှု ၄ နာရီကျော်ခံယူခဲ့ပြီး အောင်မြင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒီလို လူရွှင်တော်ကြီးများ နာမကျန်းဖြစ်ပြီး ဆေးရုံတက်ရောက်နေစဉ်အတွင်းမှာလည်း အနုပညာရှင်များ၊ ဖောင် ဒေးရှင်းများနဲ့ အများပြည်သူများကလည်း တတ်နိုင်သလောက် ငွေကြေးကူညီမှုများ ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။
ဒါကြောင့် ၂၀၁၆ ခုနှစ်ဟာ ကျရာဇာတ်ရုပ်မှာ ဆေးစက်ကျရာ အရုပ်ထင်ခဲ့ပြီး ပြည်သူကို ဟာဒယရွှင်ဆေး တိုက်ကျွေးခဲ့ကြသူများ၊ ဘဝအမောများကို ပြေစေခဲ့တဲ့ ပြည်သူချစ်ဟာသလူရွှင်တော်ကြီးတွေရဲ့ ကျန်းမာရေးမကောင်းတဲ့ နှစ်တနှစ်ဖြစ်ခဲ့ရပါတယ်။