ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ နေထိုင်တဲ့ အသက် ၅၀ ကျော် ခူမီးတိုင်းရင်းသား အမျိုးသမီးတိုင်းရဲ့ နားတွေက တလက်မခန့် ရှိတဲ့ နားပေါက်တွေမှာ ငွေထည်နဲ့ ပြုလုပ်သော ကြီးမားတဲ့ နားတောင်းတွေ ဝတ်ဆင်ထားကြပါတယ်။
နားတောင်း ဝတ်ဆင်တဲ့ အမျိုးသမီးတွေဟာ ချင်းပြည်နယ် တောင်ပိုင်း ကုလားတန် မြစ်ဝှမ်းမှာ နေထိုင်ကြတဲ့ ခူမီး ခေါ် ခမီ ချင်းတိုင်းရင်းသူတွေပါ။ သူတို့ဝတ်ဆင်လေ့ရှိတဲ့ ခူမီး ရိုးရာ နားတောင်းပုံစံက မှိုပွင့်ပုံဖြစ်ပြီး ထိပ်ပိုင်းမှာ နေကြာကြယ်ပုံ သဏ္ဍန်သွင်း ထုထားတာပါတယ်။
ယခင်က ခူမီး အမျိုးသမီးများက ရွှေထည်ဖြင့် ပြုလုပ်ထားတဲ့ နားကွင်းတွေကို ဝတ်ဆင်ကြပေမယ့် အခု နောက်ပိုင်းမှာ ငွေနဲ့ပြုလုပ်တဲ့ နားကွင်းကို ဝတ်ဆင်သူ နည်းပါးလာတယ်လို့ ဒေသခံများက ပြောပြပါတယ်။
“ကျမတို့ကတော့ နားကွင်းကြီးတွေ မပန်တော့ဘူး။ ဒါပေမယ့် ကျမတို့ ပွဲတော်ရက်ရောက်ရင်တော့ နားကပ် သေးသေးလေးပေါ် နားကွင်းကြီးကြီးကို သားရေကွင်းနဲ့ ချည်ပြီး ပွဲတော်တက်ပါတယ်” လို့ ရိက္ခာကုန်း ရပ်ကွက် မှ ဒေါ်ကိုးနွဲ့က ပြောပါတယ်။
ခူမီး သက်လတ်ပိုင်း အရွယ် အမျိုးသမီးတွေကတော့ နားတောင်း အကြီးတွေ မပန်တော့ဘဲ ပွဲလမ်းသဘင် တက်တဲ့အခါမှသာ ရိုးရာဝတ်စုံ နဲ့ နားတောင်းကို ပန်ဆင်ကြတယ်လို့ ဒေါ်ကိုးနွဲ့ ကဆိုပါတယ်။
ရိုးရာ ဓလေ့ဖြစ်တာကြောင့် နားတောင်းကို ပန်တာဖြစ်ကြောင်း၊ သူတို့ အသက် ငယ်စဉ်ကတည်းက နားတောင်း ဝတ်ဆင်ဖို့အတွက် နားစဖောက်တဲ့အခါမှာ ဝါးကို အသုံးပြုပြီး ဖောက်ဖြစ်ခဲ့တဲ့အကြောင်း၊ တလက်မခန့်အကျယ် နားတောင်းရဖို့ ဝါးအရွယ်အစား အမျိုးမျိုး နဲ့ ပြုလုပ်ခဲ့တဲ့အကြောင်း အသက် ၆၂ နှစ်အရွယ် ဒေါ်ဟွေ့ က ပြောပါတယ်။
“ ကျမတို့ ရိုးရာမှာ နားတောင်းမပန်ရင် နာမည်မကောင်းဘူး ဆိုတဲ့အယူရှိခဲ့တယ်။ ငယ်ငယ်ကတည်းက ဝတ်လာတော့ နေသားကျနေပြီ။ မနာဘူး” လို့ ဒေါ်ဟွေ့ က ဆိုပါတယ်။
လက်ရှိတွင် အသက် ၄၀ကျော် ဝန်းကျင်အောက် အမျိုးသမီး များ ကြီးမားတဲ့ နားတောင်းကို ပန်ဆင်မှု မရှိတော့ကြောင်း၊ နားတောင်း အကြီးကို ပန်ဆင်ရသည်မှာ ဝန်ထုတ်ဝန်ပိုးတခု အဖြစ် ယူဆလာသည့်အတွက် ဝတ်ဆင်မှုနည်းပါးလာခြင်းဖြစ်တယ်လို့လည်း ခူမီး အမျိုးသမီးတွေက ပြောပါတယ်။
“ ဒီနားကပ်က မြို့တွေ ဘာတွေ သွားရင်လည်း ရှက်စရာတခုဖြစ်လာတယ်။ ပြီးတော့ အလုပ်ရှုပ်သလို ခံစားရတယ်။ ကျမဆိုရင် ငယ်ကတည်းက နားပေါက် ကြီးကြီး မဖောက်ဘူး။ အိမ်ကလည်း ပေးမဖောက်ဘူး”လို့ အသက် ၂၀ အရွယ် ခူမီး အမျိုးသမီးငယ် က ဆိုပါတယ်။
ရိုးရာပွဲတော်၊ ခရစ်စမတ် ပွဲတော်ရက်တွေမှာတော့ ငွေနားတောင်းကြီး နားကပ်ကို ရိုးရာ ယဉ်ကျေးမှု အလှအပ အနေနဲ့ ဝတ်ဆင်ကြတယ်လို့ သိရပါတယ်။
ရှေးခေတ်က ခူမီး အမျိုးသမီး များမှာ ရွှေ၊ ငွေ ၂ကျပ်သား ခန့် ရှိတဲ့ နားကွင်းများ ဆွဲကြိုးများကို ဝတ်ဆင် ပန်းဆင်ကြပြီး၊ ရိုးရာခေါင်းပေါင်းများ၊ ရိုးရာ တဘက်များ၊ ရိုးရာ လုံချည်တွေကို တွဲဖက် ဝတ်ဆင်မှုကြောင့် အလွန်လှပတဲ့ ခူမီ အမျိုးသမီးအဖြစ် တင်စားကြတယ်လို့ ခူမီးရိုးရာ စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့က ပြောပါတယ်။
ဒီဘက်ခေတ်မှာတော့ ခူမီးရိုးရာ ယဉ်ကျေးမှုဖြစ်တဲ့ နားကွင်း နားတောင်းများ ဝတ်ဆင်မှု နည်းပါးလာသလို ခူမီးရိုးရာ တေးဂီတ ဖြစ်တဲ့ ဗူးသီးခြောက် တူရိယာ တီးမှုတ်တက်သူလည်း မရှိသလောက် နည်းပါး လာတာကြောင့် ယဉ်ကျေးမှု ပပျောက်သွားမှာကို စိုးရိမ်နေရတယ်လို့ ခူမီး ရိုးရာ စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့က ဦးစနိအောင်က ပြောသည်။
“အခုခေတ်က အမျိုးသမီးတွေ ငွေနားတောင်းတွေ မပန်တော့ဘူး။ အမျိုးသားတွေကလည်း ဗူးသီးခြောက် ပလွေကို မမှုတ်တော့ဘူး။ အဲဒီအရာတွေ ပပျောက်သွားမှာ စိုးရိမ်မိတယ်”လို့ ဦးစနိအောင်က ပြောပါတယ်။
ဗူးသီးခြောက် ပလွေ တူရိယာ ဆိုတာက ဗူးသီး ကို အပေါက်ဖောက် နေပူလှန်းပြီး၊ ဝါးချောင်းတွေနဲ့ ပြုလုပ်ထား တဲ့ ကိရိယာ တခုဖြစ်ပြီး ဗူးသီးခြောက် ပလွေကို လေမဝင်အောင် ပျားဖယောင်း နဲ့ အပြင်ကနေ ပြန်သုတ်ရပါတယ် လို့ ဦးစနိအောင်က ရှင်းပြပါတယ်။
ဗူးသီးခြောက် ပလွေ ကို ခူမီး တိုင်းရင်းသားတွေက နတ်စားရှိတဲ့အခါ အမဲပေါ်တဲ့အခါ အိမ်မှာ ဝိုင်းက တဲ့အခါတွေမှာ တီးမှုတ်လေ့ရှိပြီး၊ ပျော်ပွဲရွှင်ပွဲတွေမှာ အဓိက အသုံးပြုတဲ့ တူရိယာ တခုဖြစ်ကြောင်း သိရပါတယ်။
ဆက်လက်ပြီး ခူမီး တိုင်းရင်းသား ဦးအိုက်မောင် က “ ကျနော်တို့တောင် ဗူးသီးခြောက် ပလွေ မမှုတ်တတ်ဘူး။ အသက်ကြီးတဲ့ ၅၀ကျော် လူတွေပဲ မှုတ်တတ်တယ်။ မှုတ်တတ်တဲ့သူကလည်း အရမ်းနည်းသွားပြီ။ လူငယ် ဆိုရင်တော့ ပိုပြီး အလှမ်းဝေးကြတယ်” ဟု ပြောပါတယ်။
ခူမီးရိုးရာ ပလွေတွေ ဖြစ်တဲ့ ဗူးသီးခြောက်ပလွေ၊ ခရားတွေ ကို ကြည့်ရင် မှုတ်ရလွယ်မယ်လို့ ထင်ကြကြောင်း၊ ပလွေမှုတ်တက်ဖို့အရမ်းခက်ပြီး အချိန် ယူရတဲ့အတွက် လူငယ်တွေ က မသင်ကြတော့ဘူးလို့ ဦးအိုက်မောင် က ဆိုပါတယ်။
ကုလားတန်မြစ် ကို မှီတင်းနေထိုင်တဲ့ ခူမီး တိုင်းရင်းသားတွေက ပလက်ဝ မြို့နယ်ရှိ ကျေးရွာပေါင်း ၃၈၀ တွင်နေထိုင်ကြကာ လူဦးရေ တသိန်းနီးပါး ရှိကြောင်း သိရပါတယ်။
“ယဉ်ကျေးမှု ထိန်းသိမ်းဖို့ကတော့ ကျနော်တို့မှာ မလုပ်နိုင်သေးဘူး။ ပျောက်ကွယ်သွားနိုင်တဲ့ အရာကတော့ ဗူးသီးခြောက်နဲ့ ပြုလုပ်တဲ့အရာနဲ့ နောက်တခါ အတီးအမှုတ်ထဲကဆိုရင် ခရားမှုတ်တာတွေလည်း မရတော့ဘူး” လို့ ဦးစနိအောင် ကပြောပါတယ်။
ခူမီး တိုင်းရင်းသား တွေက ခေတ်မီတိုးတက်လာတဲ့ ခေတ်ကြီးမှာ ခူမီးလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှု အလှတရားတွေ အားလုံး ကွယ်ပျောက်သွားမှာကို စိုးရိမ်မိပါတယ်