နိုဝင်ဘာ ၂၆ မှာ ကျူးဘားနိုင်ငံရဲ့အဓိပတိကြီး ဖီဒယ် ကပ်စထရိုဟာ အသက် ၉၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ တချိန်က ကျူးဘားနိုင်ငံမှာ အာဏာရှင် ဘာတစ်စတာ အစိုးရကို ဖီဒယ်ကပ်စထရို ခေါင်းဆောင်ပြီး လက်နက်ကိုင် တော်လှန်ရေးနဲ့ ဖြုတ်ချနိုင်ခဲ့ပါတယ်။
ကျူးဘားနိုင်ငံရဲ့ သမိုင်းကို ပြန်လှန်ကြည့်ရင် ကမ္ဘာ့တော်လှန်ရေး အမှတ်တံဆိပ်လို ဖြစ်နေတဲ့ အားနက်စ်တို ချေဂွေဗားရား (Erensto Che Guevara) ဟာလည်း တစိတ်တဒေသ ဖြစ်လို့နေပါတယ်။ သူဟာ ဆရာဝန်တဦး ဖြစ်ခဲ့ပေမယ့်လည်း ဖိနှိပ်မှုတွေကို တော်လှန်ဖို့ လက်နက်ကိုင် တော်လှန်ရေး သမားတဦးအဖြစ် ကမ္ဘာကျော်ခဲ့ပါတယ်။
ချေဟာ အာဂျင်တီးနားနိုင်ငံ ရိုစာရီယိုမြို့သားတဦး ဖြစ်ပေမယ့်လည်း ပြောက်ကျား တော်လှန်ရေးသမား ဘဝဖြင့် နိုင်ငံတကာရှိ နယ်ချဲ့များနဲ့ ဖောက်ပြန်ဖိနှိပ်သော အစိုးရများကို တိုက်ခိုက်ရာတွင် ပူးပေါင်းပါဝင်ခဲ့သူ ဖြစ်ပါတယ်။
ချေဟာ ကျူးဘားတော်လှန်ရေးအပြီး ၂ နှစ်ကျော်ကြာ ၁၉၆၇ အောက်တိုဘာလ ဘိုးလီးဗီးရားပြည် တောတွင်းတနေရာ တိုက်ပွဲတခုအတွင်း ကျဆုံးသွားကြောင်း တကမ္ဘာလုံး အံ့သြဖွယ်ရာ သတင်းအဖြစ် ကြားသိလိုက်ရပါတော့တယ်။
မြန်မာနိုင်ငံမှာလည်း မျိုးဆက်၂ ခုနီးပါးလောက် ချေဂွေဗားရား ဆောင်းခဲ့တဲ့ ဦးထုပ်တွေ၊ ချေပုံ ပါတဲ့တီရှပ်တွေ၊ စတစ်ကာတွေကို လူငယ်လူလတ်တွေက ဝတ်ဆင်ခဲ့၊ အသုံးပြုခဲ့ပါတယ်။
ယခုစာအုပ်ကတော့ ချေကိုယ်တိုင် ရေးသားခဲ့တဲ့ GUERRILLA WARFARE ဆိုတဲ့ လက်နက်ကိုင် တော်လှန်ရေးကျမ်းငယ် လို့ ဆိုနိုင်တဲ့စာအုပ်ကို နိုင်မြင့်သစ်က ပြောက်ကျားစစ်လို့ ဘာသာပြန်ထားပါတယ်။ မူရင်းစာအုပ်ကို ၁၉၆၁ ခုနှစ်မှာ ထုတ်ဝေဖြန့်ချိခဲ့ပေမယ့် မြန်မာပြည်မှာတော့ ယခုမှ ဘာသာပြန် ထုတ်ဝေတာ ဖြစ်ပါတယ်။
စာအုပ်မှာ အခန်း ၅ ခန်းပါဝင်ပြီး အခန်း ၁ ပြောက်ကျားစစ်၏ ယေဘုယျအခြေခံမူများ၊ အခန်း ၂ ပြောက်ကျားတပ်ဖွဲ့၊ အခန်း ၃ ပြောက်ကျား စစ်မျက်နှာအစီအစဉ်၊ အခန်း ၄ နောက်ဆက်တွဲများနှင့် နိဂုံးအပိုင်းမှာတော့ ကျူးဘားနိုင်ငံ၏ မျက်မှောက် နှင့် အနာဂတ်အခြေအနေကို ခွဲခြမ်းစိတ်ဖြာခြင်းတို့ ပါဝင်ပါတယ်။
ပြောက်ကျားစစ်၏ ယေဘုယျအခြေခံမူများမှာ ပြောက်ကျားစစ်၏ အနှစ်သာရ၊ ပြောက်ကျား မဟာဗျူဟာ၊ ပြောက်ကျား နည်းဗျူဟာ၊ အခွင့်သာသည့် မြေအနေထားတွင် တိုက်ရသည့် ပြောက်ကျားစစ်၊ အကြိုက်မတွေ့သည့် မြေအနေထားတွင် တိုက်သည့် ပြောက်ကျားစစ်၊ မြို့ဆင်ခြေဖုံးများတွင် တိုက်သည့် ပြောက်ကျားစစ်ဆိုပြီး အခန်းငယ် ၆ ခန်းပါဝင်ပါတယ်။
အခန်း ၂ ပြောက်ကျားတပ်ဖွဲ့မှာ ပြောက်ကျားတိုက်ခိုက်ရေးသမား (သို့) လူမှုပြုပြင်ရေးသမား၊ တိုက်ပွဲဝင်စစ်သည် ပြောက်ကျား တိုက်ခိုက်ရေးသမား၊ ပြောက်ကျားတပ်ဖွဲ့ ဖွဲ့စည်းခြင်း၊ ချေမှုန်းစစ်၊ ပြောက်ကျားစစ်ပွဲ တစ်ပွဲစတင်ခြင်းတို့ ပါရှိပါတယ်။
အခန်း ၃ ခန်းမြောက်ဖြစ်တဲ့ ပြောက်ကျားစစ်မျက်နှာ အစီအစဉ်မှာတော့ ထောက်ပံ့ရေး၊ အရပ်ဘက်အဖွဲ့အစည်း၊ အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ ဆေးဝါးကုသမှု ပြဿနာများ၊ အဖျက်အမှောက်လုပ်ငန်း၊ စစ်ဘက်စက်မှု လုပ်ငန်း၊ ဝါဒဖြန့်ချိရေး ၁၂၆၊ စစ်ရေးအရ တန်ဖိုးရှိသော သတင်းစုဆောင်းသူ၊ လေ့ကျင့်ခြင်းနှင့် ဝါဒသွတ်သွင်းခြင်း၊ တော်လှန်ရေးလှုပ်ရှားမှု စစ်တပ်၏ ဖွဲ့စည်းမှုအနေအထားတို့ ဖြစ်ပါတယ်။
နောက်ဆက်တွဲများ အပိုင်းမှာတော့ ပထမဦးဆုံး ပြောက်ကျားလူစု၏ လျှို့ဝှက်အဖွဲ့အစည်းနဲ့ အောင်ပွဲရဖူးသည့် အင်အားကြီး နိုင်ငံ၏ ကာကွယ်ရေးတို့ကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။
ချေရဲ့အတ္ထုပ္ပတ္တိကို ကွယ်လွန်သူ စာရေးဆရာကြီး လင်းယုန်မောင်မောင်က ၁၉၆၈ မှာ ပထမ အကြိမ် ဘာသာပြန်ဆို ထုတ်ဝေဖူးခဲ့ရာ အကြိမ်ကြိမ် ပုံနှိပ်ခဲ့ရတဲ့ စာအုပ်တအုပ်လည်း ဖြစ်ပါတယ်။ ချေဟာ အာဂျင်တီးနားနိုင်ငံမှာ ၁၉၂၈ ဇွန်လ ၁၄ ရက် မွေး ဖွားတာမို့ အသက် ၈၉ အရွယ်ရှိပြီ ဖြစ်ပါတယ်။
ချေကွယ်လွန်ခဲ့တာ နှစ်ပေါင်း ၅၀ နီးပါး ရှိခဲ့ပေမယ့်လည်း ကမ္ဘာ့နိုင်ငံ အသီးသီးက ပြည်သူတွေဟာ သူ့ကို မမေ့နိုင်ကြသေးဘဲ တော်လှန်ရေးအမှတ်အသားပြု သူရဲကောင်းအဖြစ် ချစ်မက်နေကြဆဲ ဖြစ်ပါတယ်။
ယခုစာအုပ်မှာလည်း ချေဟာ ဖိနှိပ်မှုကိုတော်လှန်ရာမှာ ပြတ်သားတဲ့စိတ်ဓာတ်၊ ခိုင်မာတဲ့ ယုံကြည်မှုများကို တွေ့ရဖတ်ရှုရ ပါတယ်။
“ဘာကြောင့် တိုက်ခိုက်ရသလဲ ဆိုသည့်မေးခွန်းကို ကျွန်တော်တို့ ဖြေဆိုနိုင်ပါသည်။ ပြောက်ကျား တိုက်ခိုက်ရေးသမားသည် လူမှုပြုပြင်ရေးသမား ဖြစ်သည်။ ဖိနှိပ်သူများကို ဆန့်ကျင်သည့် လူထု၏ ဒေါသတကြီး ကန့်ကွက်ချက်ကို လက်နက်ဖြင့် အဖြေရှာပေးသူဖြစ်သည်”
“ပြောက်ကျား တိုက်ခိုက်ရေးသမား၏ အဓိကတာဝန်သည် အဖျက်အဆီး မခံရအောင် သူ့ကိုယ်သူ ထိန်းထားဖို့ပင် ဖြစ်သည်။ ရန်သူကို ထိုးသည့် ထိုးနှက်ချက်များသည် အဆက်မပြတ် ဖြစ်သင့်သည်”
“ပြောက်ကျားအုပ်စု၏ အခြေခံကျသည့် သွင်ပြင်လက္ခဏာသည် ရွေ့လျားနိုင်မှုပင် ဖြစ်သည်”
“ပြောက်ကျားစစ်၏ နောက်ထပ် အခြေခံကျသော သွင်ပြင်လက္ခဏာမှာ အလျှော့မပေးမှု၊ ဝန်းကျင်တိုင်းနှင့် သူ့ကိုယ်သူ လိုက်ဖက်အောင် ပြင်ဆင်ညှိနှိုင်းနိုင်စွမ်းရှိမှု သူ၏ ဝန်ဆောင်မှုကို လှုပ်ရှားမှု၏ တိုက်ဆိုင်မှုတိုင်းသို့ ပြောင်းလဲနိုင်စွမ်းရှိ မှုတို့ ဖြစ်သည်”
“ပြောက်ကျား တိုက်ခိုက်ရေးသမားသည် ဒဏ်ရာရ မိမိ၏ ရဲဘော်တစ်ဦးကို ရန်သူ့တပ်၏ ပြုသမျှနုရသည့် အခြေအနေတွင် မည်သည့်အခါမှ မည်သည့်အကြောင်းပြချက်နဲ့မှ မထားရစ်ခဲ့ရပေ”
“တရားရေး၊ တော်လှန်ရေး၊ ဥပဒေနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ ဗဟိုဌာန သို့မဟုတ် ကောင်စီသည် ပြောက်ကျားစစ်တပ်၏ မရှိမဖြစ် အင်္ဂါရပ်များထဲမှ တစ်ခုသော အင်္ဂါရပ်ဖြစ်သည်”
“လွတ်မြောက်ရေး စစ်သားများ၏ အခြေခံလေ့ကျင့်ရေးသည် ပြောက်ကျားအုပ်စုနှင့် ပတ်သက်သည့် ဘဝကိုယ်တိုင်ပင် ဖြစ်သည်”
“ရန်သူ့လက်ထဲတွင် သတင်းအချက်အလက် လုံးဝကင်းမဲ့နေမှုဖြစ်သည့် အကြွင်းမဲ့ လျှို့ဝှက်ထားမှုကို ပြောက်ကျားလှုပ်ရှား မှု၏ အဓိကအခြေခံ ဖြစ်သင့်ပါသည်”
အနှစ်ချုပ်ဆိုရရင် ချေဟာ ကျူးဘားတော်လှန်ရေးက ရခဲ့သည့် ပြောက်ကျားစစ်ရေး ဗျူဟာများကို လက်နက်ကိုင် တော်လှန်ရေး ကျမ်းငယ်သဖွယ် ထောင့်စေ့အောင် ရေးသားနိုင်ခဲ့ပါတယ်။ လက်နက်ကိုင် ပြောက်ကျားစစ်သည် တယောက်အတွက် လက်နက်ကိုင်တခုတည်း မဟုတ်ဘဲ စိတ်ဓာတ်၊ စည်းကမ်း၊ ရာသီဥတု၊ အနေအထိုင် စတာတွေကိုပါ ထည့်သွင်း ရေးသားထားပါတယ်။
ချေက နိုဝင်ဘာလက ကွယ်လွန်သွားတဲ့ ရောင်းရင်းကြီး ကျူးဘားခေါင်းဆောင် ဖီဒယ်ကပ်စထရို အကြောင်းကိုလည်း ထည့်သွင်း ရေးသားခဲ့ပါသေးတယ်။
“ဖီဒယ်ကပ်စထရိုသည် တိုက်ခိုက်ရေးစွမ်းရည် မြင့်မြင့်မားမား ပိုင်ဆိုင်ထားသည်ကို ပြောစရာလိုမည် မဟုတ်ပေ။ အမြော်အမြင်ရှိသည့် နိုင်ငံရေးခေါင်းဆာင်တစ်ဦး ဖြစ်သည်ဆိုသည်ကိုလည်း ပြောစရာလိုမည် မဟုတ်ပေ။ ကျွန်တော်တို့၏ လမ်းကြောင်း၊ ကျွန်တော်တို့၏ တိုက်ပွဲ၊ ကျွန်တော်တို့၏ အောင်ပွဲခံမှုနှင့် ကျွန်တော်တို့သည် သူ၏ အမြော်အမြင် အပေါ်တွင် အကြွေးတင်ရှိနေပါသည်” လို့ မမေ့မလျော့ ရေးသားခဲ့ပါတယ်။
ကျူးဘားတော်လှန်ရေး အပြီး ၂ နှစ်အကြာ ၁၉၆၇ မှာတော့ ကမ္ဘာ့တော်လှန်ရေး အမှတ်တံဆိပ်လို့ဖြစ်ခဲ့တဲ့ Erensto Che Guevara ဟာ ဘိုလီဗီးယား တောတွင်း တနေရာမှာ ကျဆုံးသွားခဲ့ပါတယ်။ ချေ ကွယ်လွန်ခဲ့ပေမယ့် သူ့စိတ်ဓာတ်၊ သူ့လမ်းစဉ်တွေဟာ ဆက်လက် ရှင်သန်ခဲ့ပြီး အခု ချေ ကိုယ်တိုင် ရေးသားခဲ့တဲ့ စာအုပ်ကို နိုင်မြင့်သစ် ဘာသာပြန်မှုနဲ့ ဖတ်ခွင့်ရကြပြီ ဖြစ်ပါတယ်။
စာရေးသူ – Erensto Che Guevara
စာအုပ်အမည် – GUERRILLA WARFARE ပြောက်ကျားစစ်
ဘာသာပြန် – နိုင်မြင့်သစ်
အမျိုးအစား – နိုင်ငံရေး
ထုတ်ဝေသည့်တိုက်- ယဉ်မျိုးစာပေ
ထုတ်ဝေသည့်ကာလ -၂၀၁၆၊ နိုဝင်ဘာ
တန်ဖိုး – ၁၈၀ဝကျပ်