ငှက်ပျောသီးကို အရသာအတွက်ရော ၊ကျန်းမာရေးအတွက်ပါ နှစ်သက်ကြသူတွေ အတွက် ထောက်ခံချက်ပေးနိုင်တဲ့ အချက်အလက်ကလေးတွေ ရှာဖွေတွေ့ရှိလာကြပါတယ်။
•ငှက်ပျောသီးက အရသာထူးခြားလှတဲ့ သစ်သီးဝလံပါ။ အမှည့်လွန် မနေရင် မလိုင်လို နူးညံ့မှုပါ ပိုင်ဆိုင်လေရဲ့။
•ငှက်ပျောသီးက ပိုတက်ဆီယမ် ပါဝင်မှုမှာ ထိပ်ဆုံးက အစားအစာပါ။ ပိုတက်ဆီယမ် ကလည်း လူရဲ့ သွေးဖိအား ထိန်သိမ်းပေးရာမှာ အခရာကျ ပါတယ်။ ငှက်ပျောသီးက သွေးတိုးရောဂါ အတွက် အကူအညီကောင်း တခုပါ။
•လူရဲ့ အစာလမ်းကြောင်းမှာ ကောင်းတဲ့ ဘက်တီးရီးယားခေါ်တဲ့ ပိုးတွေ ရှင်သန်နေဖို့ prebiotic ခေါ်တဲ့ အမျှင်ဓာတ် တမျိုးက အရေးကြီးပြီး။ အဲဒါက ငှက်ပျောသီးမှာ ကြွယ်ဝစွာ ပါဝင်နေတာပါ။ ဒီ ဘက်တီးရီးယားတွေက အစာကြေဖို့ ထောက်ကူတယ်၊ ကိုယ်ခံအား မြင့်စေတယ်၊ နေကောင်းကျန်းမာ စေတဲ့ စိတ်ခံစားမှုတွေ ရရှိစေတယ်၊ မကောင်းတဲ့ ဘက်တီးရီးယားတွေ အစာလမ်းကြောင်းမှာ မပေါက်ပွားဖို့လည်း ကူညီပါတယ်။
•ငှက်ပျောသီး ရဲ့ အားသာချက် တခုက သယ်ဆောင်ဖို့ လွယ်ကူတာလည်း ပါဝင်လေရဲ့။ ပိုက်ဆံအိတ်ထဲ ထည့်၊ ကျောပိုးအိတ်ထဲ ထည့်၊ သရေစာလို စားသုံးနိုင်သလို ထမင်းတနပ်လိုလည်း အဆာပြေ စားသုံးနိုင်တာကိုး။
•ငှက်ပျောသီးမှာ တခြား သတ္တုဓာတ်တွေ ဖြစ်တဲ့ မဂ္ဂနီဆီယမ်၊ မင်းဂနီးစ်၊ ဘီတာကယ်ရိုတင်း ဆိုတဲ့ မရှိမဖြစ် အာဟာရတွေ ပါဝင်နေတာကလည်း ကျန်းမာရေး အတွက် အဖိုးတန်လှပါတယ်။
•ငှက်ပျောသီးက အာဟာရတွေထဲမှာ အမျှင်ဓာတ် ကြွယ်ဝတဲ့ အထဲမှာ ပါဝင်ပါတယ်။ သူချည်းသက်သက် ဆိုရင်တောင် ငှက်ပျောသီး အလုံးကြီးကြီး တလုံးက တနေ့တာ လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ပါသတဲ့။
•ကလေးငယ်လေးတွေကို စတင်ပြီး အစာကျွေးဖို့ ရာမှာ သင့်လျော်တဲ့ အစားအစာ တခုအဖြစ် ငှက်ပျောသီးကို ညွှန်းကြပြန်ပါတယ်။
•ငှက်ပျောသီးက သဘာဝ အရကိုပဲ ဆိုဒီယမ် လုံးဝ မပါဝင်တာမို့ အငန်ဓာတ်များတာနဲ့ မတည့်သူတွေ (သွေးတိုး၊ နှလုံး စသဖြင့်) အတွက် သင့်လျော်တဲ့ စားစရာပါ။
•ငှက်ပျောသီးက တခြား အရာတွေနဲ့ နှိုင်းယှဉ်ရင် ကယ်လိုရီ နည်းတယ်လို့ ဆိုနိုင်ပါတယ်။ အကြီးစား တလုံးမှ ၁၂၀ ကယ်လိုရီ လောက်သာ ပါဝင်တတ်ပြီး အလတ်စားဆို ၁၀ဝ ကယ်လိုရီ လောက်သာ ပါဝင်ပါတယ်။ ဒါကြောင့် ကယ်လိုရီ အများကြီးနဲ့ မသင့်လျော်တဲ့ အဝလွန်သူတွေ၊ ဆီးချိုသမားတွေ အတွက် လက်ဆောင်တခုပေါ့။
•ငှက်ပျောသီးကို ပုံစံမျိုးစုံနဲ့ ပြင်ဆင်စားနိုင်ပါတယ်။ အစာ စားပြီး အချိုတည်းတာ ဖြစ်စေ၊ နို့နဲ့ အတူရောပြီး ဖြစ်စေ၊ မုန့်တွေမှာ အဝိုင်းလေးတွေ လှီးပြီး အလှဆင်တာ ဖြစ်စေ ၊ ငှက်ပျောသီးဖျော်ရည် လုပ် သောက်တာဖြစ်စေ မျိုးစုံ အသုံးတည့်ပါတယ်။
ငှက်ပျောသီး ကြိုက်သူတွေအဖို့ သတင်းကောင်းတွေ ပါပဲ။ နေ့စဉ် ငှက်ပျောသီး စားပေးသင့်တယ်လို့ အကြံ ပေးချင်ပါတယ်။ သို့ပေမယ့် ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေး မို့ ငှက်ပျောသီးကို တနေကုန် တဖီးလုံး ထိုင်စားနေတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့။ ငှက်ပျောသီး နေ့စဉ်ပုံမှန် တော်တန်ရုံ ပမာဏစားပြီး ကျန်းမာနိုင်ကြပါစေ။