တောင်ကိုရီးယား ပေါ့ပ်ဂီတလောကမှာ ထိပ်တန်းနေရာက ရပ်တည်နေတဲ့ အမျိုးသမီးအဖွဲ့ဖြစ်တဲ့ Girls’ Generation အဖွဲ့က ဟိုယွန်းဟာ သူ့ရဲ့ ပထမဆုံးသော တကိုယ်တော် အယ်လ်ဘမ်ဖြစ်တဲ့ Mystery ကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။
အဆိုပါ တေးစီးရီးကို Girls’ Generation ကို စင်တင်ပေးခဲ့တဲ့ SM Entertainment မှ တာဝန်ယူ ထုတ်လုပ်ဖြန့်ချိခဲ့ပြီး ဒစ်ဂျစ်တယ် မြူးဇစ်ပုံစံ စတင် ဖြန့်ချိခြင်းဖြစ်ကာ တောင်ကိုရီးယား ဂီတလောကအတွက် ထုတ်လုပ်ဖြန့်ချိရေး စနစ်မှာ အပြောင်းအလဲ တခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဟိုယွန်းဟာ ၂၀ဝ၇ ခုနှစ်ကတည်းက Girls’ Generation အဖွဲ့အဖြစ် တောင်ကိုရီးယား ပေါ့ပ်ဂီတ လောကထဲကို စတင် ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ ယနေ့အချိန်အထိ ဂီတကိုပဲ တစိုက်မတ်မတ် လုပ်ကိုင်ခဲ့သူတဦးပါ။ သူ့ရဲ့ Mystery တေးအယ်လ်ဘမ်မှာတော့ လက်တင်ပေါ့ပ်ဂီတ အမျိုးအစားကို အခြေခံထားတဲ့ အကနဲ့တွဲဖက်နိုင်တဲ့ ဂီတများကို ဦးစားပေးထည့် သွင်းထားခြင်းဖြစ်ကြောင်း သိရပါတယ်။
ဟိုယွန်းဟာ ယခင်ကတည်းက အသံအမျိုးအစားမှာလည်း အင်အားပြည့်ပြီး ရက်ပ်သီချင်းများကိုလည်း သီဆိုနိုင်သူ ဖြစ်တဲ့အတွက် သူနဲ့ လိုက်ဖက်သော ဂီတအမျိုးအစားကို ဦးစားပေး ရွေးချယ်ခဲ့တယ်လို့ သူ့ရဲ့ အနုပညာအေဂျင်စီက ဆိုခဲ့ပါတယ်။
ဟိုယွန်းဟာ ဂီတလောကထဲကို မဝင်ရောက်ခင် ကတည်းက အကပညာရှင် တဦးအဖြစ် ရပ်တည်ခဲ့ကာ Mnet ရဲ့ အကပြိုင်ပွဲတွင် ဆုများရရှိခဲ့သူပါ။ အစောပိုင်းတုန်းက KBS ရုပ်သံအစီအစဉ်ရဲ့ Music Bank အစီအစဉ်တွင် ပါဝင်ခဲ့ကာ နောက်ပိုင်းမှာမှ Girls’ Generation အဖွဲ့ဝင် ဖြစ်လာခဲ့ခြင်း ဖြစ်ပါတယ်။
ဟိုယွန်းဟာ သူ့ရဲ့ Mystery တေးအယ်လ်ဘမ်ကို ဖြန့်ချိထားပြီ ဖြစ်တာကြောင့် လာမယ့် သီတင်းပတ်များ အတွင်းမှာ တေးစီးရီးအတွက် ပရိုမိုးရှင်းများကို ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ မြူးဇစ်ဗီဒီယိုကိုတော့ အွန်လိုင်းမှာ လာမယ့် ကြာသပတေးနေ့ည သန်းခေါင်မှာ စတင်ထုတ်လွှင့်မှာဖြစ်ပါတယ်။
ကိုးကား – koreatimes.co.kr