တန်ကြေးကြီး စွမ်းဆောင်ရည်မြင့် Kawasaki Z1000
ဒီနေ့ ပြည်တွင်းဈေးကွက်မှာ Branad New အနေနဲ့ ရနိုင်နေတဲ့ Standard တန်းဝင် မော်ဒယ်တွေထဲက ဈေးအကြီးဆုံး ဆိုင်ကယ် တစီးပါ၊ စွမ်းဆောင်ရည်လည်း အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဒါက တပ်ဆင် အင်ဂျင်ကြောင့်လည်း စွမ်းဆောင်ရည် အထူး ကောင်းသွားတာလို့ ဆိုနိုင်ပါတယ်။ ၁၀ဝ၀ စီစီဆိုတဲ့ အင်ဂျင်က ဒီနေ့ ပြည်တွင်းက လူကြိုက်များ အိမ်စီးကားလေးတွေရဲ့ အင်ဂျင် အရွယ်လောက်ထိအောင် ရှိနေပါတယ်။
မော်ဒယ်က ပြည်တွင်းမှာ ၂၀၁၅ ခုနှစ်ထုတ် အသစ်အနေနဲ့ ရနိုင်ပါတယ်။ ထူးခြားတာ တခုကတော့ ဒီမော်ဒယ်က လာမယ့် ၂၀၁၇ ခုနှစ်မှာ ထုတ်လုပ်မှု ရှိလာမှာ မဟုတ်တော့ပါဘူး။ အင်ဂျင် အရွယ်ကြီးမားခြင်းနဲ့ အတူ စွမ်းဆောင်ရည် မြင့်မားလွန်းနေတဲ့ အချက်က လမ်းတိုင်း၊ နေရာတိုင်းမှာ အဆင်မပြေတာကြောင့် Z1000 ရဲ့ နောက်ဆက်တွဲ Z750 နဲ့ Z800 မော်ဒယ်တွေကို လူကြိုက် များလာတာကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။ ၂၀ဝ၃ ခုနှစ်ကနေ စတင် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး Standard တန်းဝင် မော်ဒယ်ပါ။
မော်ဒယ်ကို မျိုးဆက် အဆင့်မြှင့်တင် ထုတ်လုပ်မှု ပုံစံမျိုးတွေ လုပ်ဆောင်ခဲ့တာ တွေ့ရပြီး ၂၀ဝ၃ ခုနှစ်ကနေ ၂၀ဝ၆ ခုနှစ်ထိအောင်တော့ ကနဦး ၁၉၇၁ ခုနှစ်က မိတ်ဆက်ခဲ့တဲ့ Z1 နဲ့ Z900 အင်ဂျင်တွေရဲ့ အထိုင်တွေ အတိုင်း တပ်ဆင် ထုတ်လုပ်ခဲ့တာပါ။
ဒါပေမယ့် အင်ဂျင်ကြီးသလောက် စွမ်းအင် ထုတ်လုပ်မှု အားနည်းလို့ ပြန်လည် ပြင်ဆင်ခဲ့တာ တွေ့လာရပါတယ်။ ပထမဆုံး အကြိမ် ပြင်ဆင်ထုတ်လုပ်မှုက ၂၀ဝ၇ ခုနှစ်မှာ ဖြစ်ပြီး အင်ဂျင်က လည်ပတ်ရေ နည်းနည်းနဲ့ စွမ်းအင် ထုတ်လုပ်မှု ကောင်းလာပေမယ့် အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်းကတော့ အားနည်းနေပါသေးတယ်။
ဒုတိယ အကြိမ်ပြန်လည် ပြင်ဆင်ထုတ်လုပ်မှုက ၂၀၁၀ ခုနှစ်မှာ ထွက်ရှိလာပါတယ်။ Z မော်ဒယ်ထွက်ရှိမှု နှစ် ၄၀ ပြည့် အနေနဲ့ Special Edition ကိုတောင် ထုတ်လုပ်ခဲ့ပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာတော့ တတိယ အကြိမ် ပြင်ဆင်ထုတ်လုပ်မှု ရှိခဲ့ပြီး ကိုယ်ထည် ဒီဇိုင်း အနည်းငယ် ပြောင်းလဲကာ ဆွဲဆောင်မှု ကောင်းအောင် ဖန်တီးလာခဲ့ပါတယ်။ နောက်ပြီး ဆီတိုင်ကီလည်း နည်းနည်း ကြီးလာသလို စွမ်းဆောင်ရည်လည်း နည်းနည်း တက်လာခဲ့တာပါ။
အခု ပြည်တွင်းမှာ ရနိုင်နေတဲ့ ၂၀၁၅ ခုနှစ် မော်ဒယ်ကတော့ ၁၀၅၄ စီစီသုံး အင်ဂျင် တပ်ဆင်ထားပါတယ်၊ Four-Stroke အင်ဂျင်စနစ် ဖြစ်ပြီး အင်ဂျင် အအေးခံစနစ်က အရည်နဲ့ သွားပါတယ်၊ လေးလုံးထိုး အင်ဂျင်ပါ။ အင်ဂျင်က အခြေခံ လည်ပတ်အား တမိနစ် အပတ်ရေ ၇၃၀ဝ မှာ ရုန်းအား ၇၄.၉ ပေါင်-ပေ ရှိပြီး မြင်းကောင်ရေ ၁၂၅.၈ ကောင်အား ထွက်ရှိပါတယ်။ Clutch စနစ်နဲ့ ဖြစ်ပြီး ဂီယာချက် ၆ ချက် အသုံးပြု မောင်းနှင်နိုင်မှာပါ။ တမိနစ်ကို အပတ်ရေ ၁၀ဝ၀ဝ ထိအောင် အမြင့်ဆုံး လည်ပတ်နိုင်တာကြောင့် တနာရီ မိုင် ၁၁၀ ထိအောင် မောင်းနှင်နိုင်တာ တွေ့ရပါတယ်။
အမြန်နှုန်း မြှင့်တင်နိုင်မှုက တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၄ စက္ကန့်ကျော်ကျော်ပဲ ယူပါတယ်။ ဆီတိုင်ကီက ၅ ဂါလံ ဝင်ဆံ့ပြီးတော့ ဆီတဂါလံကို မိုင် ၃၀ ဝန်းကျင် စီးနင်းနိုင်ပါတယ်။ ပြည်တွင်း ဈေးကွက်မှာတော့ အရောင် ရွေးချယ်နိုင်စရာ နည်းပေမယ့် ၂၀၁၅ ခုနှစ် Z1000 အသစ်ကို ၂၇၂ သိန်းနဲ့ ရနိုင်မှာလည်း ဖြစ်ပါတယ်။