Zerotech ရဲ့ ထုတ်လုပ်မှု တခုဖြစ်တဲ့ 4K HD ရုပ်ထွက်ထိအောင် ရိုက်ကူးပေးနိုင်မယ့် ကင်မရာပါ ထည့်သွင်း ဖန်တီးထားတဲ့ အိတ်ဆောင် Drone ဖြစ်ပါတယ်။ ဈေးကွက်မှာ ဒေါ်လာ ၃၉၀ နဲ့ ရောင်းချနေတာ ဖြစ်ပြီး သူ့ရဲ့ အရည်အသွေး၊ စွမ်းဆောင်ရည်တွေအရ သဘောကျစရာ ကောင်းတဲ့ Drone တခုပါ။
Pro သမားတွေ အတွက်တော့ အဆင်ပြေမှာ မဟုတ်ဘဲ လုပ်ငန်းသုံး ဒေါ်လာ ၁ ထောင် ဝန်းကျင်ရှိ Drone တွေလိုတော့ အရွယ်အစားလည်း မကြီးမားသလို တခြားကင်မရာ သယ်ဆောင် ရိုက်ကူးနိုင်မှုလည်း အားနည်းချက် ရှိနိုင်ပါတယ်။
ဒါပေမယ့် အခု Droneမှာ ထည့်သွင်းထားတဲ့ ကင်မရာစနစ်က ဓာတ်ပုံ အတွက်တင် မဟုတ်ဘဲ ဗီဒီယိုရိုက်ကူးမယ် ဆိုရင်တောင်မှ အဆင်ပြေနိုင်လောက်အောင် ရုပ်ထွက် ကောင်းမွန်ပါတယ်။ အရွယ်အစားက iPhone 6 နဲ့ ရွယ်တူပဲ ရှိလို့ အလွယ်တကူ သယ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန် ၁၉၉ ဂရမ်ပဲ ရှိပါတယ်။
အသုံးပြုမှု အပိုင်းမှာ Drone နဲ့ အသားကျဖို့ ၅ မိနစ်လောက်ပဲ လိုအပ်ပါတယ်။ အလွယ်တကူ သုံးနိုင်အောင်၊ နားလည်လွယ်အောင် ဖန်တီးထားတာပါ။ ထည့်သွင်းကင်မရာ စနစ်က 13 MP ရှိပါတယ်။ ဓာတ်ပုံရိုက်ကူးမှုမှာ တပုံချင်း ရိုက်ကူးမှု အတွက်ရော တဆက်တည်း ရိုက်ကူးမှု ပုံစံပါ ရနိုင်ပါတယ်။
မြေပြင်ကနေ မီတာ ၁၀ဝ အမြင့်ထိအောင် ပျံသန်းနိုင်ပြီး ပုံရိပ်တွေ ရိုက်ကူးပေးနိုင်မှာပါ။ ဓာတ်ပုံအတွက်ကိုတော့ JPG Format နဲ့ ထွက်ရှိမှာ ဖြစ်ပြီး ဗီဒီယိ်ုအတွက်က MP4 (MPEG) ပုံစံ လာမှာပါ။ Internal Memory ထည့်ထားတာ တွေ့ရပြီး 16 GB ရှိပါတယ်။ Memory Card ထည့်သုံးနိုင်အောင်လည်း ဖန်တီးထားတာ တွေ့ရပါတယ်။ ဘယ်လောက်ထိအောင် Card စိုက်နိုင်မယ့် မပြောထားပေမယ့် 128 GB လောက်ထိအောင်တော့ ရနိုင်ပါလိမ့်မယ်။
ထိန်းချုပ်မှုကို မိမိရဲ့ စမတ်ဖုန်းကနေ လုပ်ဆောင် အသုံးပြုရမှာ ဖြစ်ပြီး Drone နဲ့ ချိတ်ဆက်နိုင်ဖို့ အတွက်ကိုတော့ သင့်ရဲ့ ဖုန်းက Android စနစ်သုံး ဖုန်းဆိုရင် Version 4.3 နဲ့ နောက်ပိုင်းထုတ် ဖုန်းဖြစ်ဖို့ လိုအပ်သလို iOS စနစ်သုံး ဆိုရင်တော့ Version 8.0 နဲ့ နောက်ပိုင်း စနစ်သုံး ဖုန်းနဲ့မှ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ထူးခြားချက်က Drone ကို ပိတ်ချင်တယ်ဆိုရင် ထိန်းချုပ် ဖုန်းကနေ တဆင့် Take Off လို့ အသံနဲ့ ထိ်န်းချုပ် ပိတ်နိုင်မယ်၊ ဖွင့်ချင်တယ် ဆိုရင် Drone ရဲ့ အပေါ် မျက်နှာပြင်ကို ၃ ချက် ထိလိုက်ရုံနဲ့ ၃ စက္ကန့်အတွင်း အလိုအလျောက် ပွင့်လာနိုင်မှာပဲ ဖြစ်ပါတယ်။