Lexus ရဲ့ မော်ဒယ် အများစု ဇိမ်ခံတွေရဲ့ ရုပ်ထွက်အတိုင်း ဖန်တီးထားတတ်တာ တွေ့ရပေမယ့် အခု မော်ဒယ်ကိုတော့ Sport ဆန်တဲ့ ရုပ်ထွက်မျိုးနဲ့ ဖန်တီးထားတာ တွေ့ရပါတယ်။ BMW ရဲ့ ကိုယ်ထည်ပိုင်း ချိုးဆစ်ပုံနဲ့ ဆင်တူချင်ပြီးတော့ Hybrid အနေနဲ့ ဆီစားနည်းနည်း၊ စွမ်းဆောင်ရည် သင့်သင့်နဲ့ ဖန်တီးထုတ်လုပ်လာတာ ဖြစ်ပါတယ်။
ဈေးနှုန်းပိုင်းကတော့ တခြား Hybrid တွေထက် မြင့်နေလို့ နည်းနည်းတော့ စဉ်းစားစရာ ဖြစ်နေစေပေမယ့် အရည်အသွေးနဲ့ နည်းပညာပိုင်း ကောင်းမွန်မှုတွေကတော့ တကယ်ကို နှစ်သက်စရာပါ။ ရှေ့ဖက် မျက်နှာစာမှာလည်း Lexus ရဲ့ သိသာတဲ့ သဲနာရီ ပုံစံ လေဝင်ပေါက် ပုံစံနဲ့ ကြည့်လို့ ကောင်းပါတယ်။
Hybrid အနေနဲ့ ထုတ်လုပ်ထားလို့ ဆီစားနည်းစေချင်တာ သိသာပေမယ့် မထင်မှတ်ဘဲ မော်ဒယ်က ပြိုင်ဖက် မော်ဒယ်တွေထက်ကိုပဲ ဆီစားနှုန်း ပိုပြီး ချိုသာနေတာတချက်က အားရစရာပါ။ အထူးသဖြင့်တော့ လျှပ်စစ် စွမ်းအင်ပိုင်း သိုလှောင်နိုင်မှုနဲ့ ပြန်လည် အသုံးချမှုအပိုင်း နည်းပညာ ကောင်းမွန်တာကြောင့် ဆီစား အထူးနည်းသွားတာ ဖြစ်ပါတယ်။
အတွင်းခန်း အပြင်အဆင်က ဇိ်မ်ခံ စစ်စစ်မော်ဒယ်တွေရဲ့ အတွင်းခန်းအတိုင်း အကောင်းဆုံး ပြင်ဆင်ထားတာ တွေ့ရပါတယ်။ ဒီဇိုင်း၊ အရည်အသွေး၊ တပ်ဆင် ပစ္စည်း၊ အသုံးပြုရမှု အားလုံး စိတ်ကြိုက်ပါပဲ။ နောက်ပြီးတော့ မော်ဒယ်က အတွင်းခန်းလည်း အထူးကျယ်ဝန်း ကောင်းမွန်ပါသေးတယ်။ အထူးသဖြင့်တော့ ကိုယ်ထည် နည်းနည်း နိမ့်ချင်ပေမယ့် အလျားရှည်လို့ အတွင်းခန်း အနေအထားက ခရီးဝေး စီးနင်းရမှု အတွက်ပါ သက်သောင့်သက်သာ ရှိစေမှာပါ။
သတင်းအချက်အလက်ပြ စနစ်နဲ့ တွဲဖက်ထားတဲ့ ထိန်းချုပ်စနစ်ကို ကုမ္ပဏီက အကောင်းဆုံး ပုံစံဖြစ်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ ကောင်းမွန်ပြီး အဆင့်မြင့်တဲ့ ဖန်တီးမှုပါပဲ။ ဒါပေမယ့် သဘောမကျတာ တခုက ကားမောင်းရင်း သုံးဖို့ အဆင်မပြေချင်သလို ဖြစ်နေပါတယ်။ နည်းနည်း ရှုပ်ချင်တယ်၊ သုံးရ နည်းနည်း ခက်နေစေချင်တယ်။ ထိုင်ခုံကနေ အသုံးပြုရမှု ဟန်မကျချင်ဘူး၊ အဲဒီလို ခံစားမိနေစေပါတယ်။ နောက်တချက်ကတော့ မော်ဒယ်ရဲ့ မောင်းနှင်ရမှု အပိုင်းပါ၊ ဈေးနှုန်း ပိုပြီး ချိုသာတဲ့ မော်ဒယ်တွေရဲ့ မောင်းနှင်ရမှု ပုံစံမျိုး ခံစားနေရစေပါတယ်။ တကယ်ဆို အခုထက်ပိုပြီး စီးနင်းလို့ ကောင်းသင့်တယ်လို့ မြင်မိပါတယ်။
မော်ဒယ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်ကို ကြည့်မယ် ဆိုရင် ၂.၅ လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်ကိုပဲ တပ်ဆင်ထားတာ တွေ့ရပါတယ်။ ပေါင် ၃၆၈၂ ပေါင်လေးမယ့် ES 300h ကို လမ်းကြောင်းပေါ်မှာ ပြေးလွှားစေဖို့ အတွက် အင်ဂျင်က လည်ပတ်အား တမိနစ်မှာ အပတ်ရေ ၅၇၀ဝ မှာ စွမ်းအင် မြင်းကောင်ရေ ၂၀ဝ အားထိအောင် ထွက်ရှိ်လာစေမှာ ဖြစ်ပါတယ်။
အခြေခံ လည်ပတ်အား များနေတာ တချက်က ဆီစားနည်းနည်း ပိုစေချင်ပေမယ့် Hybrid ဖြစ်နေတာ တခုက နည်းနည်း တော်ပါသေးတယ်။ မော်ဒယ်က အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာ တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၇.၈ စက္ကန့်ထိအောင် ကြာနေပါတယ်။ ဒါဟာ ဇိမ်ခံ ဆီဒင်တစီးအတွက် အားနည်းတဲ့ စွမ်းဆောင်ရည်ပါ။
ပျမ်းမျှ အနေနဲ့တော့ ၆ စက္ကန့် ဝန်းကျင်ထက် ပိုပြီး မကြာသင့်တာပါ။ ဆီစားနှုန်းကတော့ ပျမ်းမျှ တဂါလံကို မိုင် ၄၀ ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပြီး ဇိမ်ခံ Hybrid အတွက်ကတော့ အကောင်းဆုံး နှုန်းပါပဲ။ မော်ဒယ်က ရှေ့ဘီးယက်စနစ်နဲ့ ဖန်တီးထားတာ ဖြစ်ပြီး ဂီယာပိုင်းက CVT စနစ်နဲ့မို့ အမျိုးသမီး ကားမောင်းသူတွေ အတွက်ပါ အဆင်ပြေစေမှာပါ။