Lifestyle

ဘက်ထရီသက်တမ်း အကောင်းဆုံး Motorola Moto Z Play

ရန်ကုန်မြို့၊ အချက်အချာ လမ်းဆုံတွေရဲ့ အမေရိကန် အခြေစိုက် Motorola ရဲ့ ဖုန်းတွေ ဈေးကွက်တင် ရောင်းချတော့မယ် ဆိုတဲ့ ကြော်ငြာ ဆိုင်းဘုတ်လေးတွေ တွေ့မိလာခဲ့တော့ မျက်နှာသစ် အနေနဲ့ ပြန်လည် ရောက်ရှိလာမယ့် Motorola ရဲ့ လက်ရှိ ထုတ်လုပ်နေတဲ့ ဖုန်းမော်ဒယ်တွေ အကြောင်းကို အခု ကျနော် နည်းနည်းလောက် ပြောပြချင်ပါတယ်။

ဒါနဲ့ ကုမ္ပဏီကနေ ထုတ်လုပ်နေတဲ့ ဖုန်းတွေ အကြောင်း လေ့လာရင်း အခု ပြောမယ့် Moto Z Play ကို သဘောကျမိခဲ့တာပါ။ သူက ဒီနေ့ နိုင်ငံတကာ ဈေးကွက် အတိုင်းအတာမှာပါ ရောင်းချနေတဲ့ ဖုန်းတွေ အားလုံးထဲမှာ ဘက်ထရီ သက်တမ်း အရှည်ကြာဆုံး သုံးနိုင်မယ့် ဖုန်းဖြစ်နေပါတယ်။

တကယ်ဆိုရင် ထည့်သွင်း ဘက်ထရီရဲ့ ပမာဏက 3510 mAh ပဲ ရှိတာပါ။ ဒါက နောက်ပိုင်းထုတ် ဖုန်းတွေမှာ 4000 mAh နဲ့ အထက် စွမ်းအင် သိုလှောင်နိုင်တဲ့ ဘက်ထရီတွေ ထည့်ထားမှုနဲ့စာရင် အရွယ်အစား သေးငယ်ပေမယ့် စွမ်းအင် ထိန်းချုပ် အသုံးပြုမှုစနစ် ကောင်းမွန်တာကြောင့် ဘက်ထရီ သက်တမ်း အရှည်ကြာဆုံး သုံးနိုင်လာတာ ဖြစ်ပါတယ်။ ကောင်းပါပြီ၊ ကျနော်တို့ Z Play အကြောင်းကို နည်းနည်းလောက် ကြည့်ရအောင်ပါ။

GSM အပြင် CDMA ကိုပါ ထည့်သုံးနိုင်ပါတယ်။ လိုင်းစနစ်က နောက်ဆုံးစနစ် 4G LTE ထိအောင် ရမှာပါ။ ပြီးခဲ့တဲ့ သြဂုတ်လ အတွင်းကမှ ဈေးကွက်ကို မိတ်ဆက်ခဲ့တာ ဖြစ်ပြီး နိုင်ငံတကာမှာ စက်တင်ဘာလ အတွင်းက စတင် ရောင်းချခဲ့တာပါ။

ပြည်တွင်းမှာတော့ Moto တွေ တင်သွင်းရောင်းချခွင့် မရှိသေးတာကြောင့် ဈေးကွက် ဝင်မလာခဲ့သေးပါဘူး။ ဖုန်း အရွယ်အစားက အမြင့် ၆.၁၆ လက်မ၊ မျက်နှာစာ ၃.ဝ၁ လက်မနဲ့ အထူ ဝ.၂၈ လက်မပါ။ အလေးချိန်က ၁၆၅ ဂရမ်ရှိပြီး မျက်နှာပြင် ၅.၅ လက်မ ပြပေးနိုင်မယ့် ရွယ်တူ တောင်ကိုရီးယားနဲ့ တရုတ်ထုတ် ဖုန်းတွေထက်စာရင်တော့ ပိုပြီး လေးနေပါသေးတယ်။

ပြသ မျက်နှာပြင်စနစ်က AMOLED စနစ်ပါ။ အရောင်ထွက်နှုန်းနဲ့ ကြည်လင်ပြတ်သားမှုနှုန်း ကောင်းမွန်ပြီး အကြမ်းခံနိ်ုင်မှု အပိုင်းမှာပဲ နည်းနည်း အားပျော့ချင်ပါတယ်။ CPU က Octa-core ကို ထိုင်ထားပြီး မြန်နှုန်းက 2.0 GHz ရှိပါတယ်။ ဒါက ပုံမှန် 1.5 GHz မြန်နှုန်းလောက်ပဲ ရှိတတ်တဲ့ ဖုန်းတွေထက် ပိုမြန်နေတာပါ။ ဒီဖုန်းရဲ့ အဓိက အားသာချက်ဖြစ်တဲ့ ဘက်ထရီ သက်တမ်းပိုင်းမှာ ဗီဒီယို တဆက်တည်း ကြည့်ရှုမှုကို ၂၃ နာရီထိအောင် ကြည့်နိုင်တာပဲ ဖြစ်ပါတယ်။

SIM အထိုင်မှာပဲ Memory Card တွဲထည့်ထားပါတယ်။ Nano SIM ကို သုံးရမှာပါ။ Memory Card ထည့်သုံးမယ် ဆိုရင် 256 GB ထိ ထည့်နိုင်ပါတယ်။ ဒါပေမယ့်ဖုန်းရဲ့ RAM က 3GB မှာ Internal Memory ကို 32 GB ထည့်ထားလို့ သိပ်ပြီး အသုံးမရှိရင် Memory Card ထည့်ဖို့ မလိုပါဘူး။

ကင်မရာပိုင်းက နောက်ဖက် ကင်မရာက 16 MP ရှိပြီး ရှေ့ဖက်ကတော့ 5MP ပဲ ရှိပါတယ်။ ထူးခြားတာကတော့ Laser Autofocus စနစ်ကို သုံးနိုင်တာကြောင့် လှုပ်ရှားပုံရိပ်တွေ အတွက် ရုပ်ထွက် ပိုကောင်းလာစေပါတယ်။

ဖုန်းအဖွင့်အပိတ် စနစ်အတွက် လက်ဗွေစနစ် ပါရှိတယ်၊ အရောင်ကိုတော့ အဖြူနဲ့အနက် နှစ်မျိုးတည်း ထုတ်လုပ်ထားတယ်၊ Android v6.0.1 ကို သုံးနိုင်မယ်၊ တကယ်လို့ အဆင့်မြှင့်ချင်တယ် ဆိုရင် နောက်ပိုင်းမှာ v7.0 ဖြစ်မယ့် Nougat ကို သုံးနိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ နိုင်ငံတကာ ဈေးကွက်မှာတော့ ဒေါ်လာ ၄၅၀ နဲ့ရောင်းချနေတာ တွေ့ရပြီး ပြည်တွင်း ငွေဈေးနှုန်းအရဆိုရင် ကျပ် ၆ သိန်း ဝန်းကျင် ဈေးရှိမှာ ဖြစ်ပါတယ်။

Loading