တယ်လီနောမြန်မာ ကုမ္ပဏီလီမိတက်မှ Senior Expert အမျိုးသမီးတဦး အပါအဝင် ကမ္ဘာတဝှမ်းမှာရှိတဲ့ တယ်လီနော စီးပွားရေးလုပ်ငန်းများမှ အနိုင်ရရှိသူ ဝန်ထမ်း ၅ ဦး တို့ဟာ ဒီဇင်ဘာလ ၈ ရက်မှ ၁၂ ရက်နေ့ အထိ နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ ကျင်းပခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဗဲလ်ငြိမ်းချမ်းရေးဆုချီးမြှင့်ပွဲနဲ့ ဆက်စပ် အခမ်းအနားများ တက်ရောက်ခွင့် ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
တယ်လီနော လုပ်ငန်းစုအနေနဲ့ အောက်တိုဘာလအတွင်း ကမ္ဘာတဝန်းမှာရှိတဲ့ တယ်လီနော လုပ်ငန်းစု စီးပွားရေး ယူနစ် ၁၃ ခုလုံးအတွက် “သင့်အတွက် ငြိမ်းချမ်းရေးဆိုသည်မှာ…” အမည်ရှိတဲ့ ပြိုင်ပွဲတရပ်ကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပြိုင်ပွဲမှာ တယ်လီနော မြန်မာ၊ တယ်လီနော ဘူဂေးလ်ရီးယား၊ တယ်လီနော ဒိန်းမတ်၊ တယ်လီနော ပါကစ္စတန် နဲ့ Digi တို့မှ ပြိုင်ပွဲဝင် ဝန်ထမ်း ၅ ယောက်တို့ဟာ အနိုင်ရရှိသူများအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။
အဆိုပါ အနိုင်ရရှိသူများ အနေနဲ့ နိုဗဲလ်ငြိမ်းချမ်းရေး ဆုချီးမြှင့်ပွဲအခမ်းအနားရဲ့ တစိတ်တပိုင်းဖြစ်တဲ့ တယ်လီနောမှ ကူညီထောက်ပံ့သော ငြိမ်းချမ်းရေးဆိုင်ရာ အခမ်းအနားမှာ ပါဝင်ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။ တယ်လီနော မြန်မာရဲ့ Learning and Development ယူနစ်မှ Senior Expert တယောက်ဖြစ်သူ မစိမ့်ရီထက် က အဆိုပါပြိုင်ပွဲမှာ အနိုင်ရ ရွေးချယ်ခံရသူတဦးဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြု အမျိုးသမီးတဦးအနေနဲ့ နိုဗဲလ်ငြိမ်းချမ်းရေး ဆုချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ရတာ ဖြစ်ပါတယ်။
“ကျမအတွက်ငြိမ်းချမ်းရေးဆိုတာကတော့ ကျမရဲ့နိုင်ငံအတွင်းမှာရှိတဲ့ ကျေးလက်ဒေသနေ လူ့အဖွဲ့အစည်း တွေနဲ့ လက်တွဲလုပ်ဆောင်ပြီး သူတို့အရင်က မသိမမြင်ဖူးခဲ့တဲ့ ကမ္ဘာလောက အသစ်တခုကို တွေ့ကြုံ ခံစားနိုင်ဖို့ လုပ်ဆောင်ပေးခြင်းပဲ ဖြစ်ပါတယ်” လို့ မစိမ့်ရီထက်က ဆိုပါတယ်။
ဆက်လက်ပြီး သူက“တယ်လီနောမြန်မာအနေနဲ့ ကြည့်မယ်ဆိုရင် ကျမတို့ဟာ အပြန်အလှန် ဆက်သွယ် နိုင်မယ့် ဆက်သွယ်ရေး နည်းလမ်းတွေ ပေးအပ်ခြင်း၊ အင်တာနက်ကနေတဆင့် ကမ္ဘာကြီးကို ကြည့်ရှုနိုင်မယ့် တံခါးတွေကို ဖွင့်လှစ်ပေးခြင်းနဲ့ ပြည်သူလူထုကို ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေကို ပေးအပ်ခြင်း အစရှိတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ပြည်သူလူထုကို ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနေပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ဒါ့အပြင် “ကျမတို့အနေနဲ့ ဒီလို နည်းလမ်းတွေကို မြို့ကြီးတွေကနေ မြို့ငယ်တွေအထိ၊ မြို့ငယ်တွေကနေ ကျေးရွာတွေအထိ အသုံးပြုနေပြီး မကြာခင် အချိန်အတွင်းမှာပဲ ကျမတို့အနေနဲ့ အရင်က ကမ္ဘာကြီးနဲ့ ဆက်သွယ်ဖို့ အခွင့်အလမ်းတွေ မရရှိခဲ့တဲ့ နယ်စပ်ဒေသတွေက ပြည်သူလူထုတွေကိုပါ ကူညီမှုတွေ ပြုလုပ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
တယ်လီနောမြန်မာမှ Chief People Officer ဖြစ်သူ Anne Birgitte Kverum မှ “တယ်လီနောဟာ နိုဗဲလ် ငြိမ်းချမ်းရေး စင်တာကို အချိန်ကြာမြင့်စွာ ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနေတဲ့ အဖွဲ့အစည်းတခု ဖြစ်တဲ့ အပြင် နိုဗဲလ်ငြိမ်းချမ်းရေး ဆုချီးမြှင့်ပွဲ အခမ်းအနားရဲ့ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်လည်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုပူးပေါင်းဆောင်ရွက်မှု အပေါ်မှာ ကျမတို့ရဲ့ဝန်ထမ်းတွေ အားလုံးအနေနဲ့လည်း ဂုဏ်ယူစရာ တခုအဖြစ် ရှိစေချင်ပါတယ်။ ဒါကြောင့်လည်း ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဝန်ထမ်းတွေကို အခမ်းအနားမှာ ပါဝင် စေခဲ့ခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။