Lifestyle

ဘာသာစကားသစ် လေ့လာသင်ယူဖို့ရာ အကောင်းဆုံး Babbel

ဒီနေ့ IT ခေတ်မှာ လူအများစုအနေနဲ့ Smartphone တွေကို အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ ဒီလို အသုံးပြုမှု အတွင်း နည်းလမ်းကျပြီး အသုံးတည့်စေတဲ့ အပြုအမူတခုကတော့ ဘာသာစကားသစ်တခု သင်ယူ လေ့လာခြင်းပါ။ မိမိနဲ့ အတူ ရှိနေမယ့် စမတ်ဖုန်းကနေ အခု ကျနော်ပြောမယ့် Babbel ကို Install လုပ်ထားရုံနဲ့ သင် စိတ်ဝင်စားတဲ့ ဘာသာစကားကို Online ကနေ လေ့လာ သင်ယူနိုင်မှာ ဖြစ်ပါတယ်။

E-Learning ပုံစံ Online ကနေ လေ့လာသင်ယူနိုင်မှု ဖြစ်ပြီး ဒီနေ့ ဘာသာစကား လေ့လာသင်ယူမှု အပလီကေးရှင်း တွေထဲမှာတော့ ကမ္ဘာ့ လူသုံး အများဆုံး အပလီကေးရှင်း ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ ၉ နှစ်၊ ၂၀ဝ၇ ခုနှစ် သြဂုတ်လ အတွင်းက စတင် ဖန်တီးနိုင်ခဲ့တာ ဖြစ်ပြီး ဂျာမနီနိုင်ငံ၊ ဘာလင်မှာ ဖန်တီးမှုကို အခြေချ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒတ်ချ်၊ ဒင်းနစ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမနီ၊ အင်ဒိုနီးရှား၊ အီတလီ၊ နော်ဝေ၊ ပိုလန်၊ ပေါ်တူဂီ၊ ရုရှ၊ ဆွီဒင်၊ စပိန်နဲ့ တူရကီ ဘာသာစကား စုစုပေါင်း ၁၄ မျိုး သုံးနိုင်ပါတယ်။ လက်ရှိ ကမ္ဘာနဲ့ အဝှမ်း Babbel ကို သုံးနေသူ တသန်းကျော် ရှိနေပါပြီ။

ဘာသာစကားသစ် လေ့လာသင်ယူဖို့ရာ အကောင်းဆုံး Babbel

ဘာကြောင့်များ Babbel ကို လူသုံးများနေတာပါလဲ။ အဓိက အနေနဲ့ အချက် ၄ ချက်ကြောင့်ပါ။ ပထမ အချက်က အပလီကေးရှင်းကို သုံးသူတွေ အနေနဲ့ ဘာသာစကား တခုချင်းစီနဲ့ ကိုယ်သိလိုရာကို မေးနိုင်သလို အချင်းချင်း ပြန်လည် ဖြေကြားနိုင်အောင် ဖန်တီးထားပါတယ်။

အဲဒီမှာ မိမိ နားမလည်တဲ့ အကြောင်းအရာ တခုကို တခြားသာသာ စကားသုံးသူ တဦးဦးထံကနေ အဖြေမေးရင်းကနေ သူကလည်း သိလိုရာကို မေးလာတာ ဖြစ်တဲ့အတွက် အပြန်အလှန် သင်ကြားမှု ပုံစံနဲ့ အတူ ဘာသာစကား လေ့လာသင်ယူမှု တိုးတက်လာစေတာ တွေ့ရပါတယ်။

နောက်ထပ် Babbel ကို အထောက်အပံ့ ဖြစ်စေတဲ့ အချက်က နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှု ဖြစ်ပါတယ်။ စမတ်ဖုန်း အသုံးပြုလာနိုင်မှုက Babbel ကို သုံးနေမယ် ဆိုရင် အဘိဓာန်နဲ့ ရှင်းလင်းချက် စာအုပ်တွေ နေရာတိုင်း သယ်သွားစရာမလိုဘဲ သိလိုရာကို Babbel မှာ မေးနိုင်တာပဲ ဖြစ်ပါတယ်။ အမြဲတမ်း လေ့လာနေသူ ၁ သန်းကျော်ထဲမှာ Online ရှိနေသူတွေထဲက မိမိသိလိုရာကို ရှင်းပြနိုင်သူက ဝင်ရောက် ဖြေကြားပေးပါလိမ့်မယ်။

တတိယ Babbel ရဲ့ အားသာချက် တခုက သင်ယူသူ တိုးတက်လာခြင်း ဖြစ်ပါတယ်။ တဦးချင်း တယောက်ချင်းစီ အပေါ်မှာ ကိုယ်တွေ့ဆောင်းပါး၊ အကြောင်းအရာလေးတွေ ရှိပါတယ်။ ဒါကို ကိုယ်နားလည်ရာ ဘာသာစကားနဲ့ ရေးသားတင်ပြနိုင်ပါတယ်။ အဆိုပါ ဆောင်းပါး အပေါ်မှာ မသိ နားမလည်မှုတွေကို မေးနိုင်ပါတယ်၊ ဖြေကြားပေးနိုင်ပါတယ်၊ မျှဝေနိုင်ပါတယ်၊ အချင်းချင်း ညှိနှိုင်း တိုင်ပင်နိုင်ပါတယ်။

ဒီအချက်ကလည်း Babbel ကို လူသုံးများလာစေပါတယ်။ နောက်ထပ် အားသာချက် တခုက Babbel Magazine ရှိခြင်းပါ။ လွန်ခဲ့တဲ့ ၂နှစ်က မဂ္ဂဇင်းကို စတင်ထုတ်ဝေခဲ့တာပါ။ Online ပုံစံပဲဖြစ်ပြီး ဗီဒီယိ်ုဖိုင်တွေနဲ့ပါ သင်ကြားရေးပုံစံကို ထည့်သွင်း ပေးလာခဲ့ပါတယ်။ အသံထွက် ပိုမို မှန်ကန်လာသလို ထိရောက်မှု ရှိလာစေခဲ့ပါတယ်။ သင့်ရဲ့ ဘာသာစကား တတ်မြောက်မှုဟာ ဘယ်နေရာ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် အကျိုးရှိစေမှာပါ၊ သင်ယူဖို့ပဲ အားထုတ်ရမှာပါ။

Ref: businessinsider.com
babbel.com
wikipedia.com

Loading