၁၉၈၀ ခုနှစ် နောက်ပိုင်းဝန်းကျင်လောက်က အောင်မြင် ကျော်ကြားခဲ့တဲ့ စတီရီယို အဆိုတော် ကော်နီဟာ မကြာသေးခင်က ဘန်ကောက်မှာ ကျန်းမာရေးအတွက် ဆေးကုသမှုခံယူရန် ၂ ရက်ကြာ သွားရောက်ခဲ့ရတယ်လို့ သိရပါတယ်။ အဆိုတော် ကော်နီဟာ ဂီတနဲ့ပတ်သက်ရင် အမြဲတက်ကြွလန်းဆန်းနေတတ်ပြီး ပရိသတ် အားပေးမှုလည်း ဒီနေ့ထက်တိုင် ရရှိထားဆဲလို့ ဆိုနိုင်ပါတယ်။ ဘဝလက်တွဲဖော်မရှာဘဲ တကိုယ်တည်း အပျိုကြီးဘဝနဲ့ ဖြတ်သန်းနေတဲ့ အဆိုတော် ကော်နီတယောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဘယ်လိုကြောင့် ဆေးကုသမှုခံယူခဲ့ရသလဲဆိုတာနဲ့ သူ့ရဲ့ လက်ရှိ ကျန်းမာရေးနဲ့ ဘဝဖြတ်သန်းမှုပုံစံ အနည်းငယ်ကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ မကော်နီ ဘန်ကောက်မှာ ဆေးသွားကုရတယ်လို့ ကြားပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အခြေအနေ ဘယ်လိုရှိနေပါလဲ။
ဖြေ။ ။ ခါးနာနေတာ တလကျော်လောက်ရှိတော့မှ ကျမ ဘန်ကောက်မှာသွားစစ်တယ်။ အဲဒီမှာ ဆရာဝန်က ပြင်းပြင်းထန်ထန် ထိခိုက်ထားတာမျိုးရှိလားဆိုမှ သတိရလိုက်တာလေ။ ကျမ ဝါတွင်းတုန်းက မတော်တဆ ကားတိုက်မိထားတာ ရှိတယ်လေ။ အဲ့ဒီတုန်းက ထိခိုက်ထားတာရှိတယ်။ အဲ့ဒီတုန်းက သတိမထားမိဘူး။ အရေး ပေါ်ကို ချက်ချင်းသွားခဲ့ပေမယ့် မသိခဲ့လိုက်ရဘူး။ မသိရတာက ဓာတ်မှန်တွေ မရိုက်လိုက်ရဘူး။ အဲ့ဒီ ဒဏ်တွေ ရှိခဲ့တယ်။
နောက်တခုက ကျမက ဟိုတလောက ထိုင်ဝမ်နိုင်ငံသွားတယ်။ အဲဒီမှာ တယောက်တည်း သွားရတာ ဖြစ်တဲ့အတွက် ပစ္စည်းတွေ ကိုယ်တယောက်တည်းမ ရတယ်။ ကီလို ၃၀ ကို ကိုယ်တယောက်တည်း မ ရတယ်။ မလိုက်ချလိုက်တွေ ကိုယ့်ဘာသာတယောက်တည်း လုပ်ရတော့ အဲ့ဒီမှာ အခန့်မသင့်တော့ ခါးကိုထိတယ်။ အခု ဘန်ကောက်မှာ MRI သွားရိုက်တဲ့အခါမှာ ခါးမှာ အတက်လိုထွက်ချင်ပြီး အဲ့ဒါက အာရုံကြောကို လာထောက် နေတာလေ။ နေရတာ အရမ်းခက်တယ်။ စဖြစ်ခါစတုန်းကဆိုရင် Toliet တောင် မသွားနိုင်ဘူး။ အခုတော့ သက်သာပါတယ်။ ဒါပေမယ့် ဆေးတွေက သိပ်ပြင်းတဲ့အတွက် ဆေးဒဏ်တော့ထိတာပေါ့။
နောက်တခုက အခု ခြေထောက်တဖက်က နည်းနည်းထုံသလို ကျင်သလိုဖြစ်တယ်။ ဆေးတွေတော့ သောက်နေတယ်။ ဆေးတွေက နည်းနည်းမူးတော့ ဒီနေ့သောက်တာ ရပ်ထားတယ်။ ဒီရက်ပိုင်းအတွင်း သီချင်းဆိုပွဲတွေကလည်း ရှိတယ်လေ။ ဆေးတွေက မူးတော့ ကိုယ်က ဘယ်လိုမှမခံနိုင်ဘူး။ ခါးအတွက်က လေ့ကျင့်ခန်းအတွက် ပန်ဒိုရာအောင်ကြီး ဆေးခန်းမှာ ဆက်ပြနေတယ်။ လေ့ကျင့်ခန်းတွေလုပ်ရတာပေါ့။
မေး။ ။ အဲ့ဒီအတွက် ဆရာဝန်က ဘာပြောပါလဲ။
ဖြေ။ ။ အမှန်က အနားယူပြီး အိမ်မှာနားလိုက်ရမှာ ဒါပေမယ့် အိမ်မှာက ဘာဖြစ်လဲဆိုတော့ ခွေးလေးတွေ ကြောင်လေးတွေ မွေးထားသေးတယ်လေ။ ကြောင်က ၁၃ ကောင်ရှိတယ်။ ခွေးလေးက ၃ ကောင်ရှိတယ်။ အဲ့ဒီအလုပ်တွေလည်း ကျမပဲကိုယ့်ဘာသာလုပ်ရတယ်။ အမေကလည်း အသက် ၈၂ နှစ်ဆိုတော့ အမေကိုလည်း လုပ်ပေးရတယ်လေ။ အိမ်မှာ အိမ်အကူကလေးတွေကလည်း မမြဲဘူး။ ဒီနေ့လာ နောက်နေ့ထွက်၊ ကိုယ်က သတ္တဝါလေးတွေမွေးထားတော့ အဲဒီသတ္တဝါလေးတွေ ဒဏ်ကိုလည်း သူတို့ကမခံချင်ဘူး။ အမေ ၈၂ နှစ်ရဲ့ ဒဏ်ကိုလည်း သူတို့ မခံချင်တော့ ထွက်ထွက်သွားကြတယ်။ အဲဒီတော့ ကိုယ့်မှာတယောက်တည်း အမြဲ ဒုက္ခ ရောက်တယ်။ ဒီလိုသီချင်းဆိုဖို့ ပွဲတွေများတဲ့အချိန်မှာ ခါးနာလာဖြစ်တော့ အဲ့ဒီအတွက် စိတ်ဓာတ်ကျတယ်။ အလုပ်တွေ တော်တော်များများလည်း ဖျက်ရတယ်။ အမှန်တကယ်တော့ နားရမယ်။ ဒါပေမယ့်နားချိန်မရတော့ အဲ့ဒီလိုဖြစ်နေတာ။
မေး။ ။ ဒီလိုအချိန်မျိုး စိတ်ဓာတ်ကျတဲ့အချိန်မျိုးတွေမှာ ကိုယ့်ဘေးမှာ တယောက်ယောက်ရှိရင် ပိုကောင်းမလားဆိုတဲ့ အတွေးရော ဝင်မိသေးလား။
ဖြေ။ ။ ဝင်မိပါတယ်။ ဝင်မိတယ်ဆိုတာက အခုလို နေမကောင်းဖြစ်တဲ့အခါကျမှ သြော်.. အဲ့ဒီအခါ ငါ အိမ်ထောင်ပြု ခဲ့ပြီးများ သားသမီးတွေရှိခဲ့ရင် ငါ အခုလိုဖြစ်တဲ့အခါ ငါကိုပြုစုမှာလားမသိဘူး ဆိုတဲ့အတွေးလေးဖြစ်မိပါတယ်။ ရှိပါတယ်။ သို့သော်လည်း တခါ တဖက်ကလည်း ပြန်စဉ်းစားကြည့်ပြီးတော့ သားသမီးတွေက အပူတွေပေးပြီး ယောကျ်ားကလည်း ဒုက္ခတွေပေးတဲ့ယောကျ်ားဆိုရင် ဒုက္ခဟဲ့.. ငါ့ဟာငါ တယောက်တည်းမှ ကောင်းသေးဟဲ့..ဆိုပြီး ပြန်တွေးဖြစ်တယ်။ ကိုယ့်ဘာသာ ခွပြီး တွေးဖြစ်တာပေါ့လေ။ ယနေ့အထိ နှစ်ခွတွေးနေတုန်းပါပဲ။
မေး။ ။ ၂၀၁၇ ခုနှစ်မှာရော ဂီတနဲ့ပတ်သက်ပြီး ထူးထူးခြားခြား ဘာများလုပ်ဖို့ အစီအစဉ်ရှိပါမလဲ။
ဖြေ။ ။ အခုလာမယ့် ဒီဇင်ဘာ ၂၁ ရက်နေ့ဆိုရင် ကျမ ၄၉ နှစ်ပြည့်ပါပြီ။ ရှေ့နှစ်ဆိုရင် ကျမ အသက် ၅၀ ပြည့်ပြီလေ။ ဒါကြောင့် အသက် ၅၀ ပြည့် One Lady Show ထပ်လုပ်ပါမယ်။