၁၉၉၇ ခုနှစ်ခန့်က ကိုရီးယားပေါ့ပ်ဂီတလောကမှာ အမျိုးသမီးပေါ့ပ် ဂီတအဖွဲ့ဖြစ်တဲ့ S.E.S ဟာ ပထမဆုံးအနေနဲ့ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ S.E.S အဖွဲ့မှာ ဘာဒါ (Bada)၊ ယူဂျင်း (Eugene) နဲ့ ရှူး (Shoo) တို့ ပါဝင်ခဲ့ကြပါတယ်။ S.E.S အဖွဲ့ဟာ I’m Your Girl, Dreams Come True နဲ့ Just a Feeling စတဲ့ သီချင်းများနဲ့ အောင်မြင်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။
၁၉၉၇ ခုနှစ်မှာ S.E.S အဖွဲ့ရဲ့ ပထမဦးဆုံး တေးအယ်လ်ဘမ်ကို စတင်ထုတ်ဝေခဲ့တာကြောင့် လာမယ့်၂၀၁၇ ခုနှစ်မှာ S.E.S အဖွဲ့တည်ထောင်ခြင်း အနှစ် ၂၀ ပြည့်ပြီဖြစ်ပါတယ်။ ဒီ အနှစ် ၂၀ ပြည့်အနေနဲ့ တေးအယ်လ်ဘမ်တချပ် အမှတ်တရထုတ်ဝေရန်အတွက် စီစဉ်ခဲ့ကြပါတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ “Love Story” ဆိုတဲ့ သီချင်းအသစ်ကို စတင်ဖြန့်ချိလိုက်ပါတယ်။
ဒီသီချင်းဟာ ဂီတလှုပ်ရှားမှုများ ရပ်နားခဲ့ပြီး ၁၄ နှစ်ကြာမှ ပြန်လည်သီဆိုခဲ့တဲ့ S.E.S ရဲ့ သီချင်းအသစ်ဖြစ်ပါတယ်။ အဲ့ဒီလို သီချင်းထွက်ရှိပြီးနောက် မကြာခင်မှာတော့ S.E.S အဖွဲ့ရဲ့ တေးအယ်လ်ဘမ်အသစ်ကို မကြာခင်မှာ ဆက်လက် ဖြန့်ချိသွားမယ်လို့ သူတို့အဖွဲ့ရဲ့အနုပညာအေဂျင်စီဖြစ်တဲ့ SM Entertainment မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယခုထုတ်ဝေလိုက်တဲ့ “Love Story” သီချင်းဟာ ၁၉၉၉ ခုနှစ်ကတည်းက သူတို့အဖွဲ့ရဲ့ တတိယမြောက်တေး အယ်လ်ဘမ် Title သီချင်းအဖြစ် ထုတ်ဝေရန်အတွက် စီစဉ်ခဲ့တာပါ။ ဒီတေးသီချင်းကို သီချင်းရေးဆရာ ယွန်းယောင်ဂျင် က ရေးဖွဲ့ပေးခဲ့ပြီး သူကိုယ်တိုင်ပဲ စီစဉ်ဖန်တီးခဲ့ခြင်းပါ။
သို့ပေမယ့် S.E.S အဖွဲ့ဟာ ၂၀၀၂ ခုနှစ်မှာ တရားဝင် ဖျက်သိမ်း ခဲ့ပြီးနောက် သူတို့အဖွဲ့ရဲ့ တတိယမြောက် အယ်လ်ဘမ်ဟာလည်း မထုတ်ဝေဖြစ်တော့ပါဘူး။ အခုတော့ S.E.S အဖွဲ့သားများနဲ့ သူတို့ရဲ့ အနုပညာအေဂျင်စီက ဂီတသက်တမ်းနှစ်၂၀ ပြည့် အထိမ်းအမှတ်အဖြစ် တေးစီးရီးပြန်လည် ထုတ်ဝေဖို့ ကြိုးစားခြင်းလို့ ဆိုနိုင်ပါတယ်။
S.E.S ဟာ ၁၄နှစ် ကြာ ဂီတလှုပ်ရှားမှုများကို ရပ်နားခဲ့ပြီးမှ သူတို့အဖွဲ့ရဲ့ ဂီတသက်တမ်း နှစ်၂၀ ပြည့်မှာ ဂီတလောက ထဲကို တကျော့ပြန်ခြေချခြင်းလို့ ဆိုနိုင်ပါတယ်။
S.E.S အဖွဲ့ဝင်တွေထဲမှာ ဘာဒါ တစ်ဦးတည်းသာ ဂီတလောကထဲတွင် ကျန်ရစ်ခဲ့ပြီး ယူဂျင်းကတော့ တောင်ကိုရီးယား နိုင်ငံရဲ့သရုပ်ဆောင်လောကမှာ အောင်မြင်ထင်ရှားတဲ့ အမျိုးသမီးသရုပ်ဆောင်အဖြစ်ရှိနေခဲ့ပါတယ်။ ရှူးကတော့ သရုပ်ဆောင်လောကထဲကို ခေတ္တခဏမျှဝင်ရောက်ခဲ့ပြီး အမွှာသမီးငယ်နှစ်ဦးကို မွေးဖွားခဲ့ကာ သာမန် အမျိုးသမီးတဦး ဘဝဖြင့်သာ ဖြတ်သန်းနေခဲ့ပါတယ်။
အခုတော့ သူတို့သုံးဦးစလုံး အတူပူးပေါင်းပြီး ဂီတသက်တမ်းနှစ်၂၀ ပြည့် အမှတ်တရအဖြစ် တေးအယ်လ်ဘမ်ကို ထုတ်ဝေခြင်းဖြစ်ပါတယ်။
S.E.S အဖွဲ့ဟာ သူတို့ရဲ့ တေးစီးရီး ပရိုမိုးရှင်းအဖြစ်ရော ဂီတလှုပ်ရှားမှု နှစ်၂၀ ပြည့်အဖြစ်ပါ ဒီဇင်ဘာလ ၃၀ နဲ့ ၃၁ ရက်နေ့များမှာ ဆယ်ဂျောင်း တက္ကသိုလ်ရှိ ဒေးယောင်ခန်းမတွင် ဖျော်ဖြေပွဲကျင်းပမှာဖြစ်ကာ ဇန်နဝါရီလ ၂ ရက်နေ့တွင် သူတို့ရဲ့ တေးအယ်လ်ဘမ်အသစ်ကို စတင်ဖြန့်ချိမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Ref : koreatimes.com