လေထီးဆင်း သမ္မတကြီး မန်းဝင်းမောင်
နိုင်ငံတော်တာဝန်များဖြစ်တဲ့ ဝန်ကြီးတာဝန် ၁၀ နှစ်၊ နိုင်ငံတော်သမ္မတ တာဝန် ၅ နှစ် ထမ်းဆောင်ခဲ့ပြီး အသက် ၅၀ မပြည့်ခင်မှာဘဲ ဘဝကို တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်မယ်လို့ စဉ်းစားနေချိန်၊ သမ္မတတာဝန် ပြီးဆုံးဖို့ ရက်ပိုင်းသာ လိုတော့တဲ့အချိန်မှာ အာဏာသိမ်းခြင်းနဲ့ ကြုံခဲ့ရပြီး ဝန်ကြီးချုပ် ဦးနု အပါအဝင် တခြားဝန်ကြီးတွေနဲ့ ရေကြည်အိုင်မှာ အဖမ်းခံခဲ့ရကာ အဆိုပါစခန်းမှာ ၆ နှစ်ကြာမျှ နေခဲ့ရတဲ့ သမ္မတ မန်းဝင်းမောင်ရဲ့အတ္ထုပ္ပတ္တိ စာအုပ် ဖြစ်ပါတယ်။
သမ္မတ မန်းဝင်းမောင် မွေးဖွားတဲ့ ကျုံပျော်ကနေစလို့ သမ္မတ မန်းဝင်းမောင်ကို ကြံတောသုသာန်၊ ပြည်ထဲရေး ဝန်ကြီးဟောင်း ဦးကျော်ငြိမ်းရဲ့အုတ်ဂူဘေးမှာ မြှုပ်နှံလိုက်တဲ့အထိ အခန်းငယ်ပေါင်း များစွာနဲ့ ရေးသားထားပါတယ်။ စာရေးသူရဲ့အမှာစာ၊ အစီရင်ခံစာ၊ ကျမ်းကိုးတွေနဲ့အတူ ဗိ်ုလ်မှူး ချစ်ကောင်းရဲ့ အနှစ်နှစ်ဆယ် စာအုပ်မှာပါတဲ့ ရဲဘော်ကျင်မောင် (ဗကပ) အမှာစာကိုလည်း ထည့်သွင်းထားပါတယ်။ စိတ်ကူးချိုချိုစာပေက တန်ဖိုး ၂၇၀ဝ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးဆရာ – မောင်စင်ကြယ် ( အမျိုးသားစာပေဆုနှင့် စာပေလွတ်လပ်ခွင့်ဆုရ )
စာအုပ်အမည် – လေထီးဆင်းသမ္မတကြီး မန်းဝင်းမောင်
အမျိုးအစား – အတ္ထုပ္ပတ္တိ
မောင်ချောနွယ် ကဗျာစာအုပ်များပေါင်းချုပ်
ကဗျာဆရာ မောင်ချောနွယ်ရဲ့ ကဗျာစာအုပ်တွေကို ပေါင်းချုပ်ထုတ်ဝေထားတဲ့ ကဗျာစာအုပ် ဖြစ်ပါတယ်။ ကဗျာဆရာ မောင်ချောနွယ်ရဲ့ မောင်ချောနွယ် အတု၊ ရထား၊ ငှက်ဆိတ်တဲ့ သစ်စည်း၊ ကဖေး၊ ညီမလေး မမမြင့်၊ မောင်ချောနွယ် ဆန်သွားသော နေ့များ စတဲ့ ကဗျာစာအုပ်တွေအပြင် နောက်ဆက်တွဲ အနေနဲ့ ထွက်ပြီးသမျှ ကဗျာစာအုပ်တွေမှာ မပါဝင်သေးတဲ့ မောင်ချောနွယ်ရဲ့ကဗျာတွေကို စုစည်းထားတဲ့စာအုပ်ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ မောင်ချောနွယ် ကဗျာချစ်သူများအတွက် အပြည့်စုံဆုံး စာအုပ်ဖြစ်ပါတယ်။ ဆက်လက်ပြီး မောင်ချောနွယ် ကဗျာပေါင်းချုပ်၊ မောင်ချောနွယ် ဝတ္တုများ၊ မောင်ချောနွယ် အင်တာဗျူးများ၊ ထိုမှတဆင့် မောင်ချောနွယ် စာပေါင်းချုပ်ကို စုစည်းနိုင်ဖို့ အားထုတ်ကြရပါမယ် လို့ ထုတ်ဝေသူကဆိုထားပါတယ်။ နှင်းဆီဖြူစာပေက တန်ဖိုး ၅၀ဝ၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးဆရာ – မောင်ချောနွယ်
စာအုပ်အမည် – မောင်ချောနွယ် ကဗျာစာအုပ်များပေါင်းချုပ်
အမျိုးအစား – ကဗျာ
ပညာတော်လှန်ရေး
အိန္ဒိယနိုင်ငံရဲ့ သြဇာရှိ သတင်းစာတစ်စောင်က ၁၉၉၁ ခုနှစ်မှာ အိုရှိုးကို ဂေါတမဗုဒ္ဓ ၊ မဟတ္တမ ဂန္ဒီ စတဲ့ အိန္ဒိယနိုင်ငံရဲ့ကံကြမ္မာကို ပြောင်းလဲစေခဲ့တဲ့ ပုဂ္ဂိုလ် ၁၀ ဦးစာရင်းမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ အိုရှိုး ဟောပြော ရေးသားခဲ့တဲ့ စာအုပ်အားလုံးကို နယူးဒေလီမှာရှိတဲ့ အိန္ဒိယအမျိုးသား ပါလီမန်စာကြည့်တိုက်မှာ ထိန်းသိမ်းထားပါတယ်။
အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ အိန္ဒိယ ဆစ်ခ်စာရေးဆရာ ကူရှာဝင့်ဆင်း တို့ကလည်း အိုရှိုးကို လေးစားသမှု ပြုကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။ အောင်သူရ ဘာသာပြန်တဲ့ အိုရှိုးရဲ့ ပညာတော်လှန်ရေး စာအုပ်မှာ ဆရာ၊ လူ့အဖွဲ့အစည်းနဲ့ တော်လှန်ရေး၊ လူသားသစ် မွေးဖွားမှုဆီသို့၊ ချစ်ခြင်းတရား အခြေပြုပညာရေး၊ ပညာရေးနှင့် ဘာသာတရား၊ အသိပညာသည် လွတ်မြောက်မှုကို ပေးသည်၊ သူပုန်မီးတောက်၊ ပြည့်ဝပညာ၊ မယုံကြည်မှု အလင်းရောင်နှင့် သတိတရားမှ လာသော ပြောင်းလဲမှု စတဲ့ ခေါင်းစဉ် ၉ ခုပါဝင်ပါတယ်။
ထုတ်ဝေတဲ့ ဝါးလည် Society ရဲ့ အမှာစာမှာ “ဤပညာတော်လှန်ရေး စာအုပ်သည် သူပုန်မီး ထတောက်ရေး၊ သူပုန်ထသော ဝိညာဉ်မွေးဖွားရေး၊ မဟာကလေးများ ပေါ်ထွန်းလာရေးအတွက် အထောက်အပံ့ တစုံတရာဖြစ်ငြားအံ့၊ ကျွန်ုပ်တို့ ထုတ်ဝေရခြင်း၏ ရည်ရွယ်ချက်မှာ ပြီးပြည့်စုံသွားပြီဟု ဆိုနိုင်ပေသည်” လို့ ပါရှိပါတယ်။ ဝါးလည် Society စာအုပ်ထုတ်ဝေရေးက တန်ဖိုး ၃၅၀ဝ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးဆရာ – အောင်သူရ ( ဘာသာပြန် )
စာအုပ်အမည် – ပညာတော်လှန်ရေး
အမျိုးအစား – ဘာသာပြန်
မြန်မာစာပေဖွံ့ဖြိုးရေး အထောက်အကူပြု စာတမ်းများ
၁၉၆၅ ခုနှစ်ကနေပြီး ၂၀ဝ၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၃၅ နှစ်အတွင်း စာပေဗိမာန် စာပေနှီးနှောပွဲနဲ့ စာတမ်းဖတ်ပွဲတွေမှာ ဖတ်ကြားခဲ့တဲ့ စာတမ်းတွေကို အညွန်းအနေနဲ့ ဖော်ပြပေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ယင်း ၃၅ နှစ်အတွင်း စာပေနှီးနှော ဖလှယ်ပွဲ ၈ ကြိမ်၊ စာပေစာတမ်း ဖတ်ပွဲ ၁၆ ကြိမ်တို့မှာ ဖတ်ကြားခဲ့တဲ့ စာတမ်း ၁၇၄ စောင် အညွှန်းကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
နောက်ဆက်တွဲတွေအဖြစ် ဟာသစာပေ စာတမ်း ၆ စောင် ၊ မြန်မာနိုင်ငံစာအုပ်လုပ်ငန်းနှင့် ဆက်သွယ်နေသော အသင်းအဖွဲ့များ ပူပေါင်းဆောင်ရွက်ရေး နှီးနှောဖလှယ်ပွဲမှာ ဖတ်ကြားခဲ့တဲ့ စာတမ်း ၆ စောင်နဲ့ စာပေထုတ်ဝေရေး နှီးနှောဖလှယ်ပွဲမှာ ဖတ်ကြားခဲ့တဲ့ စာတမ်း ၁၂ စောင် အညွန်းတို့ကိုလည်း ဖတ်ရှုရမှာဖြစ်ပါတယ်။
စာရေးသူက စာပေဗိမာန်ထုတ် စာပေစာတမ်း စာအုပ်တွေဟာ အခုအချိန်မှာ ရှာဖွေဖတ်ရှုဖို့ ခက်လာလို့ ရည်ညွန်းကျမ်း သဖွယ် ပြုစုပေးထားတယ်လို့ ဆိုပါတယ်။ ဓူဝံစာပေမှ တန်ဖိုး ၂၀ဝ၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးဆရာ – ဖိုးအောင်လေး
စာအုပ်အမည် – မြန်မာစာပေဖွံ့ဖြိုးရေး အထောက်အကူပြု စာတမ်းများ
အမျိုးအစား – မြန်မာစာပေ