ပြည်တွင်း ကားဈေးကွက်မှာ ဝယ်ယူသူတွေရဲ့ အစွဲကြီးမှုက နောက်ပိုင်း ဈေးကွက်အမြင်ရှိလာမှ အဆင်ပြေလာနိုင်သလို ဒီလို အမြင်ရှိလာဖို့လည်း နှစ်ကာလ အနည်းငယ်တော့ ယူရပါလိမ့်မယ်။ ပြည်တွင်းမှာက အစွဲလို့ ဆိုရပေမယ့် သူများ ဒီမော်ဒယ်ဆို ကိုယ်တိုင်လည်း အဲဒီမော်ဒယ် ကောင်းသည် မသိဘဲ လိုက်ဝယ်တာမျိုးပါ။ ဒါက မော်ဒယ်ပဲ ရှိပါသေးတယ်။
ပြည်တွင်း ကားအစွဲတွေထဲမှာ မော်ဒယ်၊ အရောင်၊ အမှတ်တံဆိပ်တွေပါ မျိုးစုံရှိပါတယ်။ အခု ကျနော်က မျက်နှာသစ် မော်ဒယ်တခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူက Vezel ပါ။ Honda ရဲ့ ထုတ်လုပ်မှု ဖြစ်ပြီး CR-V ပုံစံ ချိုးဆစ် ထားပါတယ်။ မော်ဒယ်မြင့် အနေနဲ့ ဈေးကွက်ဝင်လာတာ ဖြစ်ပြီး အစီးရေ အများအပြား ဝင်ရောက် စီးနင်းမှု မရှိိသေးပါဘူး။
တပ်ဆင် အင်ဂျင်က ၁.၅ လီတာသုံး ဖြစ်ပါတယ်။ SUV တစီး အတွက်တော့ အင်ဂျင်က သေးနေပါတယ်။ ဒါပေမယ့် CR-V အစားဆိုတာက မော်ဒယ်ရဲ့ အရည်အသွေးကြောင့် ပြောတာပါ။ အင်ဂျင် အနေအထားအရတော့ ပြိုင်ဘက် မဟုတ်ပါဘူး။ Mitsubishi RVR နဲ့မှ ပြိုင်ဘက်လောက် ဖြစ်ပါလိမ့်မယ်။ CR-Vထက် ဈေးချိုပါတယ်၊ အရည်အသွေးက သိပ်မကွာလှပါဘူး။
ခရီးဝေး မောင်းနှင်လေ့ မရှိသူတွေ၊ မြို့တွင်းသုံးသူတွေအတွက် အဆင်ပြေမှာပါ။ Auto စနစ်နဲ့ လာပါတယ်၊ ညာမောင်း ပုံစံအထိုင်နဲ့ ဖြစ်ပါတယ်၊ ဓါတ်ဆီသုံးအင်ဂျင်ပါ၊ Smart Keyနဲ့ ဖြစ်လာပါတယ်။ ဒါက ဇိမ်ခံ မော်ဒယ်တွေမှာ ထည့်သွင်းတတ်တဲ့ စနစ်ပါ။ အတွင်းခန်းတပ်ဆင် ပစ္စည်းက အစုံပါပဲ။ အော်ရီဂျင်နယ်တွေဖြစ်ပါတယ်။
ခြေနင်း၊ ထိ်ုင်ခုံစွပ်လောက်ပဲ ပြန်ထည့်ထားတာမျိုး တွေ့ရပါတယ်။ ဂျပန်စာ နည်းနည်းများလို့ ဖျော်ဖြေရေးစနစ်နဲ့ ထိန်းချုပ်ပိုင်းက အသားကျဖို့ အချိန် နည်းနည်းပေးရမှာပါ။ အသက်ကယ် လေအိတ်စနစ်က နောက်ဖက် ထိုင်ခုံတန်း အတွက်ပါ ပါရှိပါတယ်။
Power Steering စနစ်က လက်ကိုင်ကို ပိုပြီး တည်ငြိမ်လာစေသလို ပေါ့ပါးနေစေပါတယ်။ လမ်းကျပ်ကျပ်မှာ စမ်းမောင်းကြည့် သလောက်တော့ တော်တော်လေး ကောင်းမွန်ပါတယ်။ ဖျော်ဖြေရေးပိုင်းက TV လည်း ရုပ်ထွက်ကောင်းသလို DVD ကလည်း ပြန်ပြင်ဖို့၊ ထည့်ဖို့ မလိုသေးပါဘူး။ Cancellation အပြီး ဖြစ်ပါတယ်။ တစ်စီးလုံးအချော အနေအထားပါ။
ဈေးကွက်မှာတော့ အရောင်ပိုင်း ရွေးချယ်စရာ နည်းပေမယ် အနက်နဲ့ ခရမ်းရင့်ရောင်တွေ ဝင်တာ တွေ့ရပါတယ်။ အဖြူ အနေနဲ့တော့ ရနိုင်ပေမယ့် ဈေးက ပုံမှန်ထက် သိန်း ၂၀ လောက် တက်သွားနိုင်ပါတယ်။
CR-V ဘက်ကို အားစိုက်နေချိန် ကိုယ်က အခု Vezel ကို လေ့လာလို့ သဘောကျတယ် ဆိုရင်တော့ မော်ဒယ်မြင့် အနေအထားကိုပဲ ဈေးချိုချိုနဲ့ ရနိုင်ပါလိမ့်မယ်။ ပေါက်ဈေးက နောက်ဆုံး နံပါတ် အမည်ပေါက် အနေအထားနဲ့ ၂၀၁၄ ခုနှစ်ထုတ်ကို ကီလို ၃ သောင်းကျော် အနေအထားမှာ သိန်း ၄၂၀ အခေါ်ရှိပေမယ့် အင်ဂျင်စနစ်သေးတယ်၊ အရောင်းရွေးချယ်နိုင်မှု နည်းတယ်၊ မျက်နှာသစ် ဖြစ်နေတာက အကျဈေးနဲ့ ရနိုင်နေပါလိမ့်မယ်။