ကုန်းဘောင်ခေတ်နှောင်း အမရပူရခေတ် ကိုယ်ပိုင်ဟန်အဖြစ် ဇာတ်ကြီး ၁၀ ဘွဲ့ သရုပ်ဖော်ထားသည့် နံရံဆေး ရေးပန်းချီများကို နံရံလုံးပြည့် ရေးဆွဲထားသော်လည်း ထိန်းသိမ်းမှုအားနည်းသဖြင့် အချို့ဇာတ်ကွက်များသည် မှိန်တဝက် ပျက်တဝက်။
ဂုဏ်ယူဖွယ်ရာ ရှေးမြန်မာ့ယဉ်ကျေးမှု အနုပညာကို အင်္ဂတေများ ကွာကျသွားပြီး ဖြစ်သဖြင့် သရုပ်ဖော်ထားသည့် ဇာတ်လမ်း ဇာတ်ကွက်ကို အပြည့်အစုံ မတွေ့မမြင်နိုင်တော့သည်မှာ ဝမ်းနည်းဖွယ်ပင်။ ထို့အပြင် အချို့နေရာများတွင် အင်္ဂတေများ အဖတ်လိုက်ကွာကျကာ ပြိုကျပျက်စီးလုဆဲဆဲ ဖြစ်နေသည်ကိုလည်း တွေ့လိုက်ရသည်။
အဆိုပါ နံရံဆေးရေးပန်းချီသည် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် မန္တလေး-မုံရွာကားလမ်းဘေးအနီး ခင်မွန်ကျေး ရွာတွင်ရှိသည့် လောကအောင်မြေစေတီတော်အတွင်းနံရံတွင် ရေးဆွဲထားသည့် ရှေးဟောင်းလက်ရာ နံရံဆေးရေးပန်းချီ များဖြစ်သည်။
“ပြုတ်ကျတော့မှာကို တဲတဲလေးပဲ ကျန်တော့တယ်၊ ခုတိုင်းဆို မကြာခင် အဖတ်လိုက်ကြွေမယ်” ဟု နံရံဆေးရေးပန်းချီများ ပျက်စီးတော့မည့်အနေအထားကို ညွှန်ပြရင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့့် စာကြည့်တိုက်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး အငြိမ်းစား၊ မြန်မာ့ရှေးရိုးပန်းချီပညာရှင် ဦးမောင်မာင်(မောင်မောင်သီရိ) က ဆိုသည်။
ယင်းနံရံဆေးရေးပန်းချီများမှာ ညောင်ရမ်းခေတ် ရေးဆွဲဟန် မဟုတ်တော့ဘဲ နံရံဆေးရေးပန်းချီ နောက်ခံတွင် တောအ ရောင်၊ တောင်အရောင်ကို နေ့ခင်းတွင် မြင်တွေ့နိုင်သည့် သဘာဝတောတောင် အရောင်အတိုင်း ရေးဆွဲထားသည်။
အမရပူရခေတ်တွင် ဘုရင်များ တည်ဆောက်သည့် အမိုးနှစ်ထပ် အဆောက်အအုံ ပုံစံဒီဇိုင်းများကို သုံးဘက်မြင်အနေအ ထားဖြင့် ရေးဆွဲထားပြီး လူတို့၏ဝတ်စားဆင်ယင်မှုတွင် ညောင်ရမ်းခေတ် သင်တိုင်းအကျႌမဟုတ်ဘဲ အမရပူရခေတ်တွင် ဝတ်ဆင်သည့် ထိုင်မသိမ်းပုံစံများ ပုံဖော်ရေးဆွဲထားသည်။
ထို့ကြောင့် လောကအောင်မြေ စေတီအတွင်း နံရံတွင် ရေးဆွဲထားသည့် နံရံဆေးရေး ပန်းချီသည် ညောင်ရမ်းခေတ်၏ ရေးဟန်ကို တော်လှန်ကာ အမရပူရခေတ် ကိုယ်ပိုင်ဟန် စတင်ရေးဆွဲသည့် လက်ရာဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၂၆၀ ခန့်က ပန်းချီပညာရှင် ဦးပုသည် လောကအောင်မြေ စေတီအတွင်း နံရံတွင် ဇာတ်ကြီး ၁၀ ဘွဲ့ကို ဇာတ်လမ်းဇာတ်ကွက် စုံလင်စွာ ဖော်ကျူးခဲ့သော်လည်း ယခုအခါ အင်္ဂတေများ ကွာကျကာ ပျောက်ကွယ်တော့မည့် အပြင် စေတီအဝင်မုဒ်ဦးကို ထုံးသုတ်ရာမှတဆင့် ရှေးဟောင်း နံရံဆေးရေးပန်းချီ လက်ရာများပေါ်ကိုပါ ထုံးသုတ်ထားသဖြင့် အချို့ နံရံဆေးရေး ပန်းချီပြကွက်များကို မြင်တွေ့ခွင့် မရတော့ပေ။
နှစ်ပေါင်း ၃၀၀ ဝန်းကျင်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ စစ်ကိုင်းမြို့၊ ချောင်းဦးမြို့၊ မုံရွာမြို့နှင့် ယင်းမာပင်မြို့ စသည့်ဒေသများတွင် ရှိသည့် နံရံဆေးရေးပန်းချီ၏ အချို့သော လက်ရာများမှာ ထိန်းသိမ်းမှုအားနည်းနေသဖြင့် ပျက်စီးလု နီးပါးရှိနေသည်ဟု နံရံဆေးရေးပန်းချီများနှင့် ပတ်သက်၍ လေ့လာနေသူများက ဆိုသည်။
အမျိုးသားယဉ်ကျေးမှု လက္ခဏာတရပ် ဖြစ်သော်လည်း ထိန်းသိမ်းမှု ကင်းမဲ့နေသောကြောင့် လာမည့်အနာဂတ်၌ ၎င်းနေ ရာများတွင် အလွန်အဆင့်အတန်းမြင့်သည့် အနုပညာလက်ရာ နံရံဆေးရေးပန်းချီများ ရှိခဲ့ဖူးသည်ဟု ပြောစရာသာ ကျန်မည့် အနေအထား ရောက်ရှိသွားမည်ကို သုတေသီများက စိုးရိမ်နေကြသည်။
“နံရံဆေးရေးပန်းချီ ထိန်းသိမ်းဖို့က ရှေးဟောင်း (သုတေသန) က မလာပါဘူး၊ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်ထိန်းသိမ်းရတယ်” ဟု ညောင်ရမ်းခေတ် နံရံဆေးရေး ပန်းချီ လက်ရာများ ရှိသည့် ပိဋိကတ်တိုက်ကို ထိန်းသိမ်း ထားသည့် စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီး ကျေးရွာရှိ လောင်းဦးမော် ကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်က မိန့်ကြားသည်။
လွန်ခဲ့သည့်အနှစ် ၂၀ ခန့်က အဆိုပါ အဆောက်အအုံအတွင်း ဘုန်းကြီးတပါး သီတင်းသုံးသဖြင့် ထုံးသုတ်ခြင်း၊ သံရိုက် ခြင်း စသည်တို့ကြောင့် နံရံဆေးရေး ပန်းချီများပျက်စီးမှု အချို့ရှိသဖြင့် ယခုအခါ မည်သူ့ကိုမျှ မထားတော့ကြောင်း ဆရာ တော် က မိန့်ကြားသည်။
“အမှောင်ထဲ ဒီအတိုင်း တံခါးပိတ်ထားလိုက်တာ၊ မီးတွေ ထွန်းပြန်ရင်လည်း ပျက်စီးတယ်။ သဘာဝအတိုင်းပဲ ထားရတယ်” ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။
လောင်းဦးမော် ပိဋိကတ်တိုက်အတွင်းတွင် ရေးဆွဲထားသည့် နံရံဆေးရေးပန်းချီ၏ ထူးခြားချက်မှာ လူမျိုး ၁၀၁ ပါးကို သရုပ် ဖော်ရေးဆွဲထားခြင်း ဖြစ်သည်။ အဆိုပါ နံရံဆေးရေးပန်းချီကို နိုင်ငံခြားသားများက မာစတာ၊ ပါရဂူဘွဲ့များအတွက် စာတမ်း ပြုစုရန် အများဆုံး လာရောက်လေ့လာကြသည်။
ထူးခြားချက် နောက်တခုမှာ နံရံဆေးရေးပန်းချီတွင် တွေ့မြင်ရခဲသည့် ယက်ကန်းခတ်သည့် သဘောသဘာဝကို ထည့်သွင်း သည့်ထားသည့် က်ကန်းစင်ရုပ်ပုံကို တွေမြင်ရခြင်းဖြစ်သည်။ ယင်းအပြင် ဇာတ်တော်ကြီး ၁၀ ဘွဲ့ကိုလည်း ဇာတ်ကွက် အလိုက် ပီပီပြင်ပြင် သရုပ်ဖော်ထားကိုလည်း တွေ့ရသည်။
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် တည်ရှိရာ ရွာသစ်ကြီးကျေးရွာတွင် အချို့သော သာသနိက အဆောက်အအုံများတွင် နံရံဆေးရေးပန်းချီများ ရှိခဲ့သော်လည်း ထိန်းသိမ်းနိုင်မှု မရှိသဖြင့် ယခုအခါ ပျက်စီးပျောက်ကွယ် သွားခဲ့ကြပြီဖြစ်ကြောင်း လောင်းဦးမော် ဆရာတော်က မိန့်သည်။
တခုတည်းသာ ကျန်ရှိနေတော့သည့် လောင်းဦးမော် ပိဋိကတ်တိုက်သည်ပင်လျှင် အပင်က ဝါးမျိုဖျက်ဆီးတော့မည့် အနေ အထားတွင် ရှိနေသည်။ ညောင်ပင်က အဆောက်အအုံကို အမြစ်တွယ်လျက်ရှိရာ အဆိုပါအမြစ်ကို ဖယ်ရှားပါက အဆောက် အအုံ ပြိုကျသွားမည်စိုးသဖြင့် အပေါ်ယံလောက်သာ ခုတ်ထွင်ဖယ်ရှားနိုင်ကြောင်း ဆရာတော်ကြီးက မိန့်ကြားသည်။
သေးငယ်သော အဆောက်အအုံ ဖြစ်သော်လည်း အဖိုးတန် နံရံဆေးရေး ပန်းချီများ၊ အနုပညာ လက်ရာမြောက် ရွှေရေးပန်းချီများ ရှိနေ၍ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားမည်ကို ဆရာတော်ကြီးက စိုးရိမ်နေသည်။
ယဉ်ကျေးမှု တိုးတက် ထွန်းကားလာသည် နှင့်အမျှ နံရံဆေးရေးပန်းချီ ရေးဆွဲမှုမှာလည်း ခေတ်တခေတ်အလိုက် သိသိသာ သာ တိုးတက်လာသည်။ မြန်မာနိုင်ငံရှိ နံရံဆေးရေးပန်းချီ၏ သက်တမ်းကို ပန်းချီတွင် ပါဝင်သည့် ဇာတ်ရုပ်တို့၏ ဆင်ယင် ထုံးဖွဲ့မှု၊ သစ်ပင်၊ တောတောင်၊ အဆောက်အအုံစသည်တို့အား ရေးဆွဲဟန်ကို ကြည့်ကာ ခွဲခြားရသည့်အပြင် သုံးစွဲသည့် အရောင်ကိုလည်း ကြည့်ကာ သုံးသပ်ရသည်ဟု မြန်မာ့ရှေးရိုးပန်းချီပညာရှင် ဦးမောင်မောင်(မောင်မောင်သီရိ) က ဆို သည်။
“နိုင်ငံခြားသားတွေက ပုဂံဘုရားတွေရဲ့ ဗိသုကာလက်ရာတွေ နံရံဆေးရေးပန်းချီတွေ မြင်ရရင် အံ့သြကြသလိုပဲ စစ်ကိုင်း တိလောကဂုရု က နံရံဆေးရေးပန်းချီတွေ၊ ဖိုလ်ဝင်တောင်က ရုပ်လုံးရုပ်ကြွတွေ၊ နံရံဆေးရေးပန်းချီတွေ တွေ့ရင်လည်း တအံ့တသြ ဖြစ်ကြတယ်” ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့့် စာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး အငြိမ်းစား ဦးပေါက်ပေါက်က ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နံရံဆေးရေးပန်းချီ အချို့သည် ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းနေရာ ယခုအချိန်မှ စတင်ကာ ထိန်းသိမ်းရေးလုပ်နိုင်ပါမှ လာမည့်အနာဂတ်တွင် ယခုအနေအထား၏ထက်ဝက်ခန့်သာ ကျန်နိုင်မည်ဟုလည်း ၎င်းက သုံးသပ်ပြောကြားသည်။
နံရံဆေးရေးပန်းချီတို့သည် ခေတ်ကာလ ကြာမြင့်သည်နှင့်အမျှ သဘာဝဘေးဒဏ်၊ လူ့ပယောဂ ဘေးဒဏ်တို့ကြောင့် ပျက်စီး ယိုယွင်းလာကြသည်။ နံရံဆေးရေးပန်းချီသည် ခေတ်ကာလကြာမြင့်သည့်အလျောက် အရောင်များ မှေးမှိန်လာ၍ အချိန်မီ ထိန်းသိမ်းသင့်သည်ဟု နံရံဆေးရေးပန်းချီလေ့လာနေသူများက ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အချို့နေရာများသည် လူသူအရောက်အပေါက်နည်းကာ မထင်မရှား နေရာများဖြစ်၍ ရှေး ဟောင်း နံရံဆေးရေးပန်းချီများမှာလည်း တဖြည်းဖြည်းပျောက်ကွယ်သွားနိုင်ကြောင်း ဝါရင့်ဧည့်လမ်းညွှန်များက ပြောကြား သည်။
ပြည်တွင်းပြည်ပ ဧည့်သည်များ အမြဲမပြတ် လာရောက်လည်ပတ်လျက်ရှိသည့် ဖိုလ်ဝင်တောင်သည်လည်း ထိန်းသိမ်းနေ သည့်ကြားကပင် ကျောက်နံရံဆေးရေးပန်းချီလက်ရာများ တဖြည်းဖြည်းယိုယွင်းလာသည်ကို တွေ့မြင်နေရသည်ဟု ဧည့် လမ်းညွှန်များက ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်း တည်ရှိသည့် ဖိုလ်ဝင်တောင်ရှိ ကျောက်ဂူနံရံ ဆေးရေး ပန်းချီများသည် ကျောက်ဂူများအတွင်း ပစ္စည်းများထားခြင်း၊ ထမင်းဟင်းချက်စားခြင်း၊ လျှပ်စစ်မီးသွယ်တန်းခြင်း စသည့် အပြုအမူများ ကြောင့် ဆေးမှိန်ကာ ပျက်စီးမည့်အနေအထားသို့ ရောက်ရှိနေသည်။
ဖိုလ်ဝင်တောင်တွင်ရှိသည့် တခုတည်းသော ညောင်ရမ်းခေတ်နှောင်းလက်ရာဟု ခန့်မှန်းထားသည့် နံရံဆေးရေးပန်းချီရှိရာ စေတီတော်အတွင်းတွင် ဈေးတောင်းများ၊ ဂျပ်ဖာပုံးများ စသည်တို့ ထည့်ကာ သော့ခတ်ထားသည်ကို တွေ့ခဲ့ရသည်။ ရှေး ယခင်က ရှိခဲ့သည့် ယဉ်ကျေးမှုလက်ရာများကို ထိန်းသိမ်းရမည့်အစား လွယ်လွယ်ပင် ပစ္စည်းသိမ်းရာ ဂိုထောင်တခု အဖြစ် ထားရှိနေသည်မှာ စိတ်မကောင်းစရာပင်။
ဖိုလ်ဝင်တောင်တွင် ညောင်ရမ်းခေတ်နှောင်းနှင့် ကုန်းဘောင်ခေတ်ဦး စပ်ကူးမတ်ကူး ကာလနံရံဆေးရေးပန်းချီလက်ရာ များအပြင် ကုန်းဘောင်ခေတ်လယ်လက်ရာများကိုလည်း တွေ့မြင်နိုင်သည်။
ခေတ်အဆက်ဆက်နံရံဆေးရေးပန်းချီရေးဆွဲခဲ့မှုမှာ အုတ်၊ အင်္ဂတေနံရံများပေါ်တွင်သာဖြစ်ပြီး ကျောက်နံရံပေါ်တွင် ရေး ဆွဲသည့် နံရံဆေးရေးပန်းချီမှာ မြန်မာနိုင်ငံတွင် ပြဒါးလင်းဂူနှင့် ဖိုလ်ဝင်တောင်တို့တွင်သာ တွေ့မြင်ရမည် ဖြစ်သည်။
ရှေးဟောင်းကျောက်နံရံဆေးရေးပန်းချီများရှိသည့်ကျောက်ဂူပေါင်း ၂၂၅ ဂူ ရှိရာ ဖိုလ်ဝင်တောင်သည် အရှေ့တောင်အာရှ တွင် ကျောက်နံရံဆေးရေးပန်းချီများအား တနေရာတည်း၌ အများဆုံး လေ့လာနိုင်သည့် တခုတည်းသော ရှေးဟောင်း ကျောက်နံရံဆေးရေးပန်းချီရတနာသိုက်အဖြစ် တင်စားခြင်းခံရသည်။
လက်ရှိနံရံဆေးရေးပန်းချီ အချို့သည် လွန်ခဲ့သည့် ၂၅ နှစ်နှင့်ယှဉ်ပါက ၇၅ ရာခိုင်နှုန်းထိပင် ပျက်စီးခဲ့ပြီဖြစ်ကြောင်း၊ နံရံ ဆေးရေးပန်းချီ အရောင်များလည်း ပိုမို မှိန်ဖျော့နေပြီဖြစ်ကြောင်း ညွှန်ကြားရေးမှူးအငြိမ်းစား ဦးပေါက်ပေါက်က ပြောကြား သည်။
“အဲဒီ ကျောက်နံရံဆေးရေးပန်းချီအများဆုံး ဆိုတာက တဖြည်းဖြည်းနဲ့ ရာဇဝင်ထဲမှာပဲ ကျန်ရစ်ခဲ့မယ့်ဘဝကို ရောက်နေပြီ” ဟု ၎င်းက ဆိုလေသည်။