အရက်သောက်တာ မကောင်းဘူးဆိုတာကိုတော့ ကျန်းမာရေး ရှုထောင့်ပေါင်းစုံကနေ အခိုင်အမာ ဝိုင်းပြောဖို့ သေချာပါတယ်။ အရက်သောက်တာ ကောင်းတာလေးတွေလည်း ရှိပါတယ်ဆိုတာ ပြောဖို့ကတော့ သတ္တိအတော်မွေးရ ပါလိမ့်မယ်။
အရက်သောက်တာ ကောင်းတာတွေလည်း ရှိတယ်ဆိုတာနဲ့ပဲ ရေအိုးထဲကရေတွေ သွန်ချပြီး ဘီယာနဲ့ အစားထိုးလိုက်ကြဖို့ မဟုတ်တာ ကြိုတင်အသိပေးပါရစေ။
အရက်ရဲ့စိတ်အချရဆုံး ပမာဏက တနေ့မှာ အမျိုးသမီးအတွက် ဝိုင်တခွက် (၅ အောင် စ)၊ ဘီယာတဘူး(၁၂ အောင်စ)နဲ့ အရက်ပြင်း ၁ ပက်ခွဲ (၁.၅ အောင်စ) လောက်သာဖြစ်ပြီး အမျိုးသားအတွက် အဲဒီ ၂ဆမျှ သာ ဖြစ်တယ်လို့ သိထားဖို့နဲ့ ပမာဏပိုလာလေ ကောင်းဖို့ထက် အန္တရာယ်များလေ ဆိုတာကို အရင် လက်ခံထားရပါမယ်။ အရက်ကောင်းတာလေးတွေ ပြောကြပါစို့။
နှလုံးအတွက်
ပုံမှန် ကျန်းမာနေသူအတွက် အရက်သင့်တင့်ရုံ သောက်သုံးရင် နှလုံး ရုတ်တရက် ရပ်ဆိုင်းတဲ့ heart attack ၊ လေဖြတ်တာနဲ့ သွေးလွှတ်ကြောတွေ ထူကျဉ်းလာတာမျိုးဖြစ်ဖို့ ၂၅ ရာခိုင်နှုန်း ကနေ ၄၀ ရာခိုင်နှုန်းလောက်အထိ ဖြစ်နိုင်ခြေ လျော့ကျတယ် လို့ ဆိုပါတယ်။ နည်းနည်း သောက်သုံးရင် ကောင်းတဲ့ ကိုလက်စထရော HDL ပမာဏလည်း များစေပါတယ်။ အလွန်အကျွံ သောက်ရင်တော့ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုလာမယ်ဆိုတာ သိစေချင်ပါတယ်။
ပိုမိုတက်ကြွ
တော်ရုံ သောက်သုံးသူတွေအဖို့ ကိုယ်လက်လှုပ်ရှားမှု လုပ်တာလို တက်ကြွမှုတွေမှာ မသောက်သူထက် သာတယ်လို့ ဆိုပါတယ်။ ဒါက ကျန်းမာရေးအတွက် အထောက်အကူပါ။ ဒါပေမယ့် ကိုယ်လက် လှုပ်ရှားမှု များများလုပ်ရင်း များများသောက် တဲ့ဆီ ပြောင်းသွားတာမျိုးကတော့ မကောင်ဘူးပေါ့။
ဆီးကျောက်ကာကွယ်
ပုံမှန် အနည်းအကျဉ်း သောက်နေသူတွေမှာ ဆီးကျောက်တည်တာ ဖြစ်နိုင်ခြေ လျော့ကျတာက ဘီယာသောက်ရင် ၄၁ ရာခိုင်နှုန်း အထိရှိပြီး ဝိုင်သောက်ရင် ၃၃ ရာခိုင်နှုန်းလောက်တောင် ရှိပါသတဲ့။ ကဖင်းဓာတ်ပါတဲ့ကော်ဖီ၊ လက်ဖက်ရည်တွေလိုပဲ အရက်က ဆီးရွှင်စေတာလည်း ပါတာပေါ့။
အဲဒီလို ဆီးရွှင်တာက အနယ်လေးတွေ ဆေးကြောပြီး ကျောက်မဖြစ်အောင် ကာကွယ်တဲ့သဘောပါ။ အရမ်းသောက်သူတွေ မှာတော့ ရေဓာတ် ခန်းခြောက်တဲ့အထိဖြစ်ပြီး ဆီးကျောက်တည်ဖို့ အခွင့်အလမ်းပိုများတာကိုတော့ သဘောပေါက်ရပါလိမ့် မယ်။
လိင်ကိစ္စ
စိတ်ဖိစီးမှုတွေများနေတဲ့ ကြင်ဖော်တွေအတွက် ချစ်ရည်လူးကြရာမှာ အရက်က ပြေလျှော့ပေးတဲ့အကျိုးရှိတယ်လို့ဆိုပါ တယ်။ သုတေသနတခုအရ ဝိုင်နီတခွက်၊ နှစ်ခွက်လောက် သောက်ထားတဲ့ အမျိုးသမီးတွေမှာ လိင်ပိုင်းဆိုင်ရာ စိတ်ဆန္ဒနဲ့ ကျေနပ်မှု ပိုရတယ်လို့ ဆိုကြပါတယ်။ အရက်က ကျားဟော်မုန်း testosterone ပမာဏမြင့်စေတာကြောင့်လို့လည်း ယူဆ ကြပါတယ်။ အမျိုးသားတွေမှာတော့ အရက်ပမာဏများသွားရင် လိင်စိတ် လျော့နည်းသွားတတ်တာတော့ သတိပြုစရာပါ။
ဦးနှောက်ပိုင်းဆိုင်ရာ
တပတ်မှာ ၂ ကြိမ် ၃ ကြိမ်လောက် သောက်သုံးသူတွေအဖို့ အသက်ကြီးလာရင် သတိမေ့လျော့တဲ့ Alzheimer ရောဂါ ဖြစ် နိုင်ခြေ နည်းသွားတာ တွေ့ရပါသတဲ့။ အထူးသဖြင့် ဝိုင်ကို ဦးနှောက်ကျန်းမာရေး အစားအသောက်စာရင်းမှာ ထည့်သွင်း ထားပါတယ်။
ဆီးချို
ညစာစားချိန်မှာ ဝိုင်တခွက်လောက် သောက်လေ့ရှိသူတွေအဖို့ ဆီးချိုသွေးချို ရောဂါ ဖြစ်နိုင်ခြေ လျော့စေတယ်လို့ ဆိုပါတယ်။ ဘာကြောင့်ဆိုတာ တိတိကျကျ ပြောဖို့ လေ့လာနေဆဲ ဖြစ်ပေမယ့် တခွက်နှစ်ခွက် သောက်သုံးတာက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးတာ တွေ့ရတယ်လို့ ဆိုကြပါတယ်။
အရက်သောက်တာ မဆိုးလှဘူးဆိုတာ ဒီအချက်တွေက ပြနေပေမယ့် တကယ်တမ်း အရက်သောက်တာ ကောင်းတယ်လို့ ပြောရလောက်အောင် သောက်သုံးရမယ့် ပမာဏကတော့ နိဒါန်းတုန်းက ပြောခဲ့သလောက်ကိုသာ ဆိုလိုကြောင်း အလေးအနက် သတိထပ်ပေးလိုက်ပါတယ်။
Ref; Web MD