ဘိန်းဖြူနှင့် မူးယစ်ဆေးစွဲ ဝေဒနာရှင်အား မြန်မာတိုင်းရင်းဆေးဖြင့် ဆေးဖြတ်ပေးနိုင်ရန် အစိုးရက စီစဉ်လျက်ရှိရာ ယခုအခါ ယင်းလုပ်ငန်းများကို စမ်းသပ်မည့် သုတေသန လုပ်ငန်းများ စတင်တော့မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယမန်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများသို့ ပြောသည်။
“ဘယ်နိုင်ငံ အကူအညီမှ မလိုပါဘူး။ ကျနော်တို့ တိုင်းရင်းဆေးပညာနဲ့တင် ကျနော်တို့ အောင်မြင်အောင် လုပ်နိုင်တယ်။ အချိန်တခုပဲ ယူရမှာ။ လက်ရှိ ကုနေတဲ့ မက်သာဒုံး ဆေးအစား မြန်မာ တိုင်းရင်းဆေးကို အခြေခံတဲ့ မူးယစ်ဖြတ် ဆေးတွေကို အစားထိုး အသုံးပြုနိုင်ဖို့ သုတေသန လုပ်ငန်းတွေလည်း အမြန်ဆုံး စနိုင်ဖို့ လုပ်နေပါတယ်” ဟု ဒေါက်တာ မြင့်ထွေးက ပြောသည်။
မနေ့က ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၃ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်သန်းထွန်းက “မူးယစ်ဆေးစွဲ ဝေဒနာရှင် ကုသမှုတွင် မက်သာဒုံး (Methadone) ဆေးအစား တိုင်းရင်းဆေးဝါး အခြေခံသည့် မူးယစ်ဖြတ်ဆေးများ စီစဉ် ထုတ်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းတခုကို မေးမြန်းခဲ့သည်။
“တကယ်တော့ မက်သာဒုံးကလည်း မူးယစ်ဆေး တမျိုးပါပဲ။ ဘိန်းဖြူစွဲသူကို မက်သာဒုံးနဲ့ ကုပြီး အဲဒီမက်သာဒုံးကို ဆက်စွဲသွားတာမျိုးလည်း ရှိတယ်။ ဒါကြောင့် သူ့အစား တိုင်းရင်း ဆေးဝါးတမျိုးမျိုးနဲ ့ ကုနိုင်ဖို့ အစီအစဉ် ရှိ၊ မရှိ ကျနော်က မေးတာပါ” ဟု အမျိုးသား လွှတ်တော်အပြီးတွင် ဒေါက်တာ ကျော်သန်းထွန်းက သတင်းထောက်များကို ပြောသည်။
မြန်မာ တိုင်းရင်းဆေးဖြင့် မူးယစ်ဆေး ဖြတ်နိုင်ရန် စမ်းသပ်မှု အဆင့်ဆင့် ပြုလုပ်ရကြောင်း၊ ယခင်က ပြုလုပ်ခဲ့ဖူးသည့် သုတေသန လုပ်ငန်းများကို မဝေဖန်လိုသော်လည်း ၄င်း၏ လက်ထက်တွင် အကောင်းဆုံးဖြစ်အောင် သိပ္ပံနည်းကျကျ ပြုလုပ်မည် ဖြစ်ကြောင်း ဒေါက်တာ ကျော်သန်းထွန်းက မီဒီယာများသို့ ပြောသည်။
“အဆင့် ၃ ဆင့် အနည်းဆုံး လုပ်ရမယ်။ အဆင့် ၃ မှာ ဆိုရင် လူ ၁၀ဝ ကနေ ၁၀ဝ၀ နဲ ့လုပ်ရမယ်။ လုပ်တဲ့အခါ လူနာရွေးရာမှာ ကြုံရာ ကျပန်း လုပ်လို့မရဘူး။ မဲနှိုက်ပြီး အုပ်စုတွေ ဖွဲ ့ပြီး လုပ်ရမယ်။ သိပ္ပံနည်းကျကျ လုပ်ပြီးမှ ရလာတဲ့ အဖြေပေါ့။ ဥပမာ ရာကဲ ဆိုပါတော့ ရာကဲကို သုံးရင် အန္တရာယ် မရှိဘူး။ ဟုတ်ပြီ။ လောလောဆယ်မှာရော နောက် ၃၊ ၄ နှစ် မှာပါ အန္တရာယ် မရှိနိုင်ဘူးဆိုတာ သေချာအောင် လုပ်ရမယ်” ဟု ဒေါက်တာ မြင့်ထွေးက ပြောသည်။
မက်သာဒုံးနေရာတွင် အစားထိုးမည့် ရာကဲ မြန်မာ တိုင်းရင်းဆေးကို သုတေသန ပြုလုပ်ရန် အနည်းဆုံး အချိန် ၂ နှစ် ကြာမည် ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် သေချာပါက အစားထိုး သုံးမည်ဟု သိရသည်။
ရာကဲဆိုသည်မှာ ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူများကို ဆေးဖြတ်သည့်အခါ သုံးသည့် ဒေသသုံး တိုင်းရင်းဆေးဝါး တမျိုး ဖြစ်ကြောင်း၊ ကချင်ပြည်နယ်တွင်လည်း မရှော့၊ ခန်းတောက်၊ မဂျစ်ဥ တို့ကို ဒေသသုံး အဆိတ်အတောက် ဖြေဆေးမျိုးအဖြစ် အသုံးပြုမှုတို့ ရှိနေကြောင်း ဒေါက်တာ ကျော်သန်းထွန်း၏ ပြောဆိုချက်အရ သိရသည်။
လက်ရှိတွင် အစိုးရက မူးယစ်ဆေးစွဲသူများကို မက်သာဒုံး ဆေးရည်ကို တိုက်ကျွေးကုသ၍ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို မူးယစ်ဆေးစွဲ ကုသရေး ဌာန ၇၃ ခု၊ ပြန်လည်ထူထောင်ရေး စခန်း ၆ ခု၊ လူငယ်ပြုစု ပျိုးထောင်ရေး အတွက် စခန်း ၂ ခုတို့တွင် ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက မနေ့က ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ပြောသည်။
ယခုအခါ တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ၄င်းတို့၏ ရိုးရာ ဆေးဝါးများကို အခြေခံပြီး သိပ္ပံနည်းကျကျ ဖော်စပ်ထုတ်လုပ်နိုင်သည့် ဘိန်းဖြတ်ဆေးများကို တီထွင်နိုင်ခဲ့ရာ မြန်မာနိုင်ငံတွင်လည်း မန္တလေးမြို့တွင် တိုင်းရင်း ဆေးတက္ကသိုလ်ကြီးကို ဖွင့်လှစ်ထားရှိခြင်း၊ နှစ်ပေါင်းထောင်ချီ လက်တွေ့အတွေ့အကြုံများ ရရှိထားသည့် မြန်မာ့ရင်းမြစ် တိုင်းရင်းဆေး ပစ္စည်းများလည်း ရှိသောကြောင့် အဆိုပါ နိုင်ငံများကဲ့သို့ ဘိန်းဖြတ်ဆေးကို ရိုးရာဆေးဝါးများကို အခြေခံ၍ ထုတ်လုပ်သွားရန် စီစဉ်နေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။