လူ့သက်တမ်း တလျှောက်မှာ အရင်းနှီးဆုံး အရည်ဆိုတာ ရေပါပဲ။ ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်က ရေဖြစ်သလို ကိစ္စအဝဝမှာ ရေမပါလို့ မဖြစ်တာချည်းပါပဲ။
အစာခြေဖို့၊ အာဟာရ စုပ်ယူဖို့နဲ့ အညစ်အကြေးတွေ စွန့်ထုတ်ဖို့ စတဲ့ လုပ်ငန်းဆောင်တာ အားလုံးမှာပေါ့။ ပုံမှန်ကိုယ်အပူချိန် ထိန်းတာမျိုး အတွက်လည်း ရေက လိုအပ်တာပါ။ နောက်ပိုင်း သုတေသန ပြုချက်တွေအရ ရေနွေးနွေးကလေးက ပိုပြီး အကျိုးအာနိသင်တွေ ရှိပြီး ပိုပြီး ထိရောက်တာကို တွေ့ရတယ်လို ဆိုပါတယ်။
ချွဲပျော်ဆေး
နွေးထွေးတဲ့ အရည်တိုင်းက နှာခေါင်း၊ လည်ချောင်းနဲ့ အစာလမ်းကြောင်းက ချွဲတွေ ပျော်စေတာမို့ ရောဂါပိုးမွှားတွေ ဝင်ရောက်ပြီး ပေါက်ပွား ကူးစက်တာမျိုးကို ကာကွယ်ပါတယ်။ ရေနွေးသောက်လိုက်ရင် နှာရည်တွေ ပျော်ကျဖယ်ရှားမှုက ပိုပြီး မြန်ဆန်တာ တွေ့ရတယ်လို့ သုတေသနက ဆိုပါတယ်။
အစာခြေ အားကောင်း
ရေနွေးက သွေးကြောလေးတွေ ကျယ်စေတဲ့ အာနိသင်ရှိပါတယ်။ အဲဒါကြောင့် သွေးတိုးကျစေတာ တွေ့ရသလို အစာ ကြေညက်မှုကိုလည်း လွယ်ကူမြန်ဆန်စေတာ တွေ့ရပါသတဲ့။ ယေဘုယျအားဖြင် ့ အစာအိမ်ထဲက အပူချိန်က မြင့်မား နေတာမို့ အစားအသောက်တွေကို ဘယ်လို အရည်နွေးနွေးလေးနဲ့မဆို မျှောချတာမျိုးက လွယ်လွယ်ကူကူ အစာကြေ မြန်စေပါတယ်။
ဒါအပြင် ရေနွေးက အစာမျိုရတာလည်း လွယ်ကူစေပါတယ်။ အစာရေမျို လှုပ်ရှားမှု အားနည်သူတွေမှာ ရေနွေးက အထောက်အကူ ပြုပါတယ်။ တကယ်လို့ အစာရေမျိုပြွန် လှုပ်ရှားမှုချို့တဲ့ရင် အစာတွေ ပြန်အန်တတ်ကာ ရေအေးက အဆင်မပြေဘဲ ရေနွေးကသာ မျိုရလွယ်အောင် လုပ်ပေးတာပါ။
ဇီဝဖြစ်ပျက်မှု မြန်စေတယ်
ရေနွေးသောက်လိုက်ရင် ကိုယ်အပူချိန်က မြင့်လာပြီး ကိုယ်တွင်းဇီဝ ဖြစ်ပျက်မှုကို မြန်စေပါတယ်။ ဒါက ကျောက်ကပ်နဲ့ အစာလမ်းကြောင်းကို လုပ်ငန်းဆောင်တာ ချောမွေ့စေပါတယ်။ တနည်းအားဖြင့် ကိုယ်အလေးချိန် လျှော့ချင်သူတွေ အတွက် ဇီဝဖြစ်ပျက်မှု မြန်ဆန်ပြီး အကျိုးပြုပါတယ်။
ဝမ်းချုပ်တဲ့ အခါ
တိုင်းရင်းဆေး အလိုအရ ဝမ်းချုပ်တတ်သူတွေ ရေနွေးသောက်သင့်ပါသတဲ့။ မနက်အိပ်ရာထမှာ ဘာမှမစားခင် ပျားရည်၊ သံပုရာရည်လေးတွေနဲ့ ရေနွေးလေး ရောသောက်တာက ဝမ်းချုပ် သက်သာတယ်လို ့ပြောပါတယ်။
သွေးသန့် ဆေးကြော
အိန္ဒိယ ရှေးဆေးပညာအရတော့ အိပ်ရာထ ရေနွေးတခွက်သောက်တာက သွေးကြောတွေကို ဆေးကြော သန့်စင်တာပါတဲ့။ တနေ့တာလုံးမှာ ရေနွေးသာ သောက်သုံးတာကလည်း ရေဓာတ်ခန်းခြောက်မှု ကာကွယ်ပြီး စွန့်ပစ်ပစ္စည်းတွေ ထုတ်ဖယ်ရာမှာ အထောက်အကူ ရတယ်လို့ ဆိုပါတယ်။
အဝလွန် အဆီများသူအတွက်
နံနက်ခင်းမှာ ရေနွေးတခွက်ထဲ သံပုရာရည် လက်ဖက်ရည်တဇွန်း၊ ပျားရည် လက်ဖက်ရည်တဇွန်း ထည့်သောက်တာက အဝလွန်တာ၊ ကိုလက်စထရော များတာတွေ ပြေလျော့စေတယ်လို့ ဆိုပါတယ်။ တရုတ်ရိုးရာ ဆေးပညာအရလည်း ရေနွေး သောက်တာက အဆီတွေ ဖြိုဖျက်ပေးတယ်လို့ ဆိုပါတယ်။
တခြား အကျိုးအာနိသင်တွေ
ရေနွေးသောက်တာက လည်ချောင်းနာတာတွေ သက်သာစေပါတယ်။ ရေနွေး သောက်လိုက်တဲ့အခါ ပါးစပ်နဲ့ လည်ချောင်း၊ အစာအိမ်နဲ့ အူက အာရုံခံ အစိတ်အပိုင်းတွေက ဦးနှောက်ကို စိတ်ကျေနပ်မှု ရစေပါသတဲ့။
အဲဒီတော့ အထူးတလည် အပန်းမကြီးဘဲ ရေကို ပူနွေးစေရုံနဲ့ အဆင်ပြေမယ့် ရေနွေးကို တခြား လိုအပ်တာလေးတွေ ရောစပ်ပြီး ရေနွေးသောက်သူများ လုပ်ကြရရင် အဆင်ပြေမယ်ထင်မိပါရဲ့။