ဖဆပလခေတ် ယဉ်ကျေးမှုဝန်ကြီးဟောင်းဦးထွန်းဖေ ( ထွန်းနေ့စဉ်သတင်းစာအယ်ဒီတာချုပ်) ရဲ့ သတင်းထောက်တဦးအမည်နဲ့ ရေးသားထုတ်ဝေခဲ့တဲ့ အဘယ်ကြောင့် ပါလီမန်ဒီမိုကရေစီကျဆုံးရသလဲ’၊ `အစိုးရအဖွဲ့မှ ဘာကြောင့် ကျွန်တော် နုတ်ထွက်ရသလဲ’ စာအုပ် ၂ အုပ်ကိုပေါင်းပြီးထုတ်ဝေထားတာဖြစ်ပါတယ်။
စာအုပ်ကိုအခန်းပေါင်း ၅၅ ခန်းနဲ့ ဖွဲ့စည်းထားပြီးထုတ်ဝေသူက `ပါလီမန် ဒီမိုကရေစီကိုယုံကြည်လေးစားသူတစ်ယောက်ဖြစ်သူဖဆပလခေတ် ဝန်ကြီးဟောင်းဦးထွန်းဖေရေးသားပြုစုခဲ့သောစာအုပ် ဖြစ်ပါသည်။ ပါလီမန် ဒီမိုကရေစီကိုယုံကြည် လေးစားသော်လည်းအဘယ်အချက်များကယင်းကိုဖျက်ဆီးကြသလဲ၊ အဘယ်ကြောင့် ပျက်စီးကျဆုံးရသလဲဆိုသည်ကိုဝါရင့် နိုင်ငံရေးသမားတဦးကယထာဘူတကျကျ သုံးသပ်ဝေဖန်ပြထားသဖြင့် ခေတ်အဆက်ဆက် လေ့လာဖွယ် စာတစ်အုပ် အဖြစ် ပြန်လည် တင်ဆက်လိုက်ပါသည်’ လို့ ဆိုထားပါတယ်။ စိတ်ကူးချိုချိုစာပေမှ တန်ဖိုး ၃၂၀ဝ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးဆရာ – ဦးထွန်းဖေ (ဖဆပလဝန်ကြီးဟောင်း)
စာအုပ်အမည် – အဘယ်ကြောင့် ပါလီမန်ဒီမိုကရေစီကျဆုံးရသလဲ
ဘာကြောင့် ကျွန်တော် နုတ်ထွက်ရသလဲ
အမျိုးအစား – နိုင်ငံရေး
လမ်းပေါ်ကလူတွေဘယ်ဆီကိုသွားရမလဲမသိရင်တော့ ကိုယ်ကျိုးနည်းမယ်လို့ တွေးပြီးရေးလိုက်တဲ့ စာရေးဆရာကိုတာရဲ့ စာအုပ်ဖြစ်ပါတယ်။ (၁) ရေပေါ်လစီ၊ (၂) သယံဇာတနှင့် ပဋိပက္ခလွန် ပြဿနာဖြေရှင်းပုံများ၊ (၃) ဘောဂဗေဒသစ်၊ ဂလိုဘယ်မှ လိုကယ်သို့၊ (၄) ဗုဒ္ဓဘောဂဗေဒဆရာရှူးမေကာ၊ (၅) ဗုဒ္ဓဘောဂဗေဒ၊ (၆) တပြည်လုံးပျော်ရွှင်ခြင်း (ရေး) အယူအဆစတဲ့ ခေါင်းစဉ် ၉ ခုပါဝင်ပါတယ်။ ကမ္ဘာတဝန်းကရေပြဿနာတွေကိုတင်ပြပြီးတဲ့ နောက်မှာ `မြစ်ဆုံဆိုပါစို့ ။ ဒါလည်းပဲရေပြဿနာပဲ။ တရားမျှတမှုဟာအဲဒီကိစ္စမှာမရှိပါဘူးလို့ လူသူလေးပါးသိကြတယ်။ ခိုးတာဝှက်တာတွေအနိုင်ကျင့်ခဲ့တာတွေပါ’ လို့ ဆိုထားပါတယ်။ မုံရွေးစာအုပ်တိုက်ကတန်ဖိုး ၁၅၀ဝ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးဆရာ – ကိုတာ
စာအုပ်အမည် – လမ်းပေါ်က လူတယောက် ပြောချင်တာများ
အမျိုးအစား – လူမှုဆောင်းပါး
ပန်းချီဆရာ၊ စာရေးဆရာပန်းချီလှတင်ထွန်းရဲ့ ကလောင်သက် နှစ် ၅၀ ပြည့် ရွှေရတုအထိမ်းအမှတ် အဖြစ် ထုတ်ဝေတဲ့ ပန်းချီခရီးသွားဆောင်းပါးများစာအုပ် ဖြစ်ပါတယ်။ ပန်းချီလှတင်ထွန်းဟာ ၁၉၇၂ ခုနှစ်ကပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာပန်းချီပညာသင်ကြားခဲ့တဲ့ အတွေ့အကြုံတွေကစလို့ နောက်ပိုင်းကာလတွေမှာသွားရောက်ခဲ့တဲ့ လန်ဒန်၊ စကော့တလန်၊ အီတလီ၊ တရုတ်၊ ကိုရီးယားပန်းချီခရီးစဉ် အတွေ့အကြုံတွေကိုပါ မှတ်တမ်းတင် ရေးသားထားခြင်းဖြစ်ပါတယ်။
ခေတ်အဆက်ဆက် မြန်မာပန်းချီခရီးကိုဖြတ်သန်းခဲ့တဲ့ ပန်းချီလှတင်ထွန်းရဲ့ ကမ္ဘာ့ပန်းချီခရီးအတွေ့အကြုံတွေကိုဖတ်ရှုရမှာဖြစ်ပါတယ်။ ဦးစံဝင်း၊ ဦးဘကြည်၊ ဦးမြတ်ကျော်၊ မင်းယုဝေ၊ မောင်ခင်မင် (ဓနုဖြူ) စတဲ့ ပန်းချီဆရာ၊ စာရေးဆရာကြီးများကအမှာစာရေးသားထားပါတယ်။ လင်းလွန်းခင်စာပေကတန်ဖိုး ၁၀ဝ၀ဝ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးဆရာ – ပန်းချီလှတင်ထွန်း
စာအုပ်အမည် – ပန်းချီခရီးသည်
အမျိုးအစား – ခရီးသွားဆောင်းပါး
ဂျေ၊ အက်စ်၊ ဖာနီဗယ်ဟာမြန်မာနိုင်ငံသုတေသနအသင်း၊ မြန်မာနိုင်ငံသုတေသနဂျာနယ် ၊ မြန်မာပြည် စာအုပ်တိုက် ၊ ဂန္ထလောကမဂ္ဂဇင်း ၊ မြန်မာပြည် ပညာပြန့်ပွားအသင်းစတာတွေကိုဦးဆောင်တည်ထောင်ခဲ့တဲ့ မြန်မာစာပေ၊ ပြည်သူ့စာကြည့်တိုက် ဖွံ့ဖြိုးရေးနဲ့ မြန်မာ့လူမှုစီးပွားရေးသုတေသီကြီးတဦးဖြစ်ပါတယ်။
စာကြည့်တိုက် ယဉ်ကျေးမှု ၁ စာအုပ်ဟာဆရာကြီးဂျေ၊ အက်စ်၊ ဖာနီဗယ်ရဲ့ မြန်မာစာပေ၏ နောင်ရေး ၊ မြေအုတ်တို့ ပြိုလေရာကျောက်အုတ်တို့ဖြင့် တည်ဆောင်ကြလော့၊ ပြည်မြို့ဟောင်းနှင့် ပြည်မြို့သစ် စတဲ့ ဟောပြောချက် သုံးရပ်နဲ့ ပြည်သူ့ စာကြည့်တိုက် ကြေညာစာတမ်း ၁၉၉၄ ကိုဆရာမောင်သာမညကဘာသာပြန်ထားတာဖြစ်ပါတယ်။
`မြန်မာလူထုစာမဖတ်ဟုတချို့ကဆိုကြပါမည်။ သို့သော် မြန်မာလူထုကားစာဖတ်ရန် အခွင့်အလမ်းကိုမည်သည့် အခါကမှ မရဖူးခဲ့ပါ။ စာကြည့်တိုက်ကမြန်မာလူထုအားစာဖတ်ရှုခွင့် ပေးပါလိမ့်မည်။ စာဖတ်သည့် အလေ့အကျင့်ကိုတိုးပွားအောင် ကူညီပေးပါလိမ့်မည်’ လို့ ဆိုထားပါတယ်။ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ The Key Collection စာအုပ်ထုတ်ဝေရေးကတန်ဖိုး ၁၅၀ဝ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးဆရာ – မောင်သာမည (ဘာသာပြန်)
စာအုပ်အမည် – စာကြည့်တိုက်ယဉ်ကျေးမှု ၁
အမျိုးအစား – ဘာသာပြန်