မြန်မာအစားအစာလို့ ဆိုလိုက်ရင် မြန်မာဆန်ဆန် ဆိုင်အပြင်အဆင်နဲ့ မြန်မာဆန်တဲ့ ဟင်းလျာတွေကိုပဲ မျက်စိထဲ ပြေးမြင်ကြမယ် ထင်ပါတယ်။ ဒါပေမယ့် ဒီတပတ်မှာ မြန်မာနဲ့ ဥရောပစတိုင် ရောထားပြီး ဂန္ထဝင်ဆန်တဲ့ ဆိုင်လေး တဆိုင်ကို မိတ်ဆက်ပေးချင်ပါတယ်။
မြန်မာနဲ့ ဥရောပစတိုင် ရောထားတယ်ဆိုလို့ အံ့သြသွားလိမ့်မယ် ထင်ပါတယ်။ တကယ်တော့ မြန်မာအစားအစာကို ဥရောပနိုင်ငံတခုမှာ သွားစားနေရသလို ခံစားရမယ့် နေရာ အပြင်အဆင်တွေနဲ့ စားသောက်ဆိုင်လို့ ဆိုရပါမယ်။
ဆိုင်အမည်ကတော့ Black Hat Wine Bar & Burmese Tapas Restaurant ပါ။ ဆိုင်ခန်းက အတော်လေး ကျယ်ဝန်းပြီး နှစ်ထပ်ပုံစံ ဖြစ်ပါတယ်။ အပေါ်ထပ်မှာတော့ ဘားတခုထပ်ရှိပြီး မိန်းကလေးတွေ အထိုင်များတယ်လို့ သိရပါတယ်။ နံရံတွေမှာ မြန်မာ၊ ဥရောပ နိုင်ငံတို့မှာ ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်တွေရဲ့ ဓာတ်ပုံတွေနဲ့ ချိတ်ဆွဲပြင်ဆင်ထားပြီး ဥရောပ စတိုင်အတိုင်း ခပ်မှိန်မှိန် အလင်းရောင်ရှိတဲ့ ဆိုင်အသွင်အပြင် အနေအထားလို့ ဆိုရပါမယ်။ အစားအသောက်တွေကို မှာယူနိုင်မယ့် Menu Style ကလည်း သတင်းစာလို ပုံစံမျိုးကို အဖြူအမည်းကာလာနဲ့ဲ ပြုလုပ်ထားတာမို့ တမူ ထူးခြားဆန်းသစ်နေပါတယ်။
အမျိုးသားအမျိုးသမီးတွေဟာ ၁၇ ရာစုကစပြီး ဦးထုပ်ကို အသုံးပြုလာကြရာကနေ ဦးထုပ်အမည်း Black Hat ကို ပွဲလမ်းသဘင်တွေမှာ ဝတ်စားရုံသာမကပဲ ဖက်ရှင်တခုအဖြစ်ပါ အသုံးပြုဝတ်စားလာခဲ့ကြပြီး အခုချိန်ထိ ဖက်ရှင်လောကမှာ မပြောင်းလဲဘဲ ရပ်တည်နေနိုင်တဲ့ Black Hat ကို ရည်ညွှန်းပြီးတော့ Black Hat ဆိုတဲ့ အမည်ကို အသုံးပြု ဖွင့်လှစ်ခဲ့တာဖြစ်ကြောင်းလည်း Menu ရဲ့မျက်နှာဖုံးမှာ ရှင်းပြထားတာကို တွေ့ရပါတယ်။
ပုံမှန်တွေ့နေကျ စားသောက်ဆိုင်တွေနဲ့ ဖွဲ့စည်းပုံရော၊ အပြင်အဆင်ပါ ကွာခြားတာကိုလည်း တွေ့ရပါတယ်။ ဆိုင်က ကျယ်ဝန်းပြီး တိတ်တိတ်ဆိတ်ဆိတ်ရှိကာ သီချင်းသံ ခပ်တိုးတိုးသဲ့သဲ့လေးနဲ့ ဖျော်ဖြေထားတာကြောင့် အလုပ်ကိစ္စ စကားပြော တိုင်ပင်ချင်သူတွေ၊ အေးအေးဆေးဆေး စကားပြောချင်သူတွေအတွက် အဆင်ပြေစေမှာပါ။ မွေးနေ့ပွဲ၊ အစည်းအဝေးပွဲ၊ Pre Wedding လာရိုက်ကြသူများလည်း ရှိတယ်လို့ သိရပါတယ်။
အစားအသောက်တွေက မြန်မာအစားအစာဆိုပေမယ့် မြန်မာဟင်းလျာတွေကိုပဲ နိုင်ငံခြားသားများ ကြိုက်နှစ်သက်မယ့် ပုံစံမျိုး ချက်ပြုတ်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် ထမင်းနဲ့ဟင်းတွေကို ပန်းကန်နဲ့ ထည့်ပေးတာမဟုတ်ဘဲ ဒန်အိုးနဲ့ ထည့်ထားတာက ထူးခြားချက်ပါ။
Black Hat Menu တွေဖြစ်တဲ့ Black Hat Rice, Black Hat Potato Soup, မျှစ်သုပ်၊ Black Hat အာလူးကြော်၊ Black Hat Signature Cocktail, နာနတ်သီးဖျော်ရည်တို့ကို မှာယူမြည်းစမ်းဖြစ်ခဲ့ပါတယ်။ ခန့်မှန်းခြေ ၁၅ မိနစ်လောက်ကြာပြီးတဲ့ နောက် မှာယူထားတဲ့ အစားအသောက်တွေ ပူပူနွေးနွေးနဲ့ ရောက်ရှိလာပါတယ်။
မြည်းစမ်းကြည့်တဲ့အခါမှာ Black Hat Rice က ထမင်းထဲမှာ ပြောင်းဖူး၊ မုန်လာဥနီ၊ သီဟိုဠ်စေ့၊ စပျစ်သီးခြောက် စတာတွေကို ထောပတ်နဲ့ ချက်ထားတာဖြစ်ပြီး ဒန်ပေါက်ထမင်းနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ကြက်သားကိုတော့ ဒန်အိုးထဲမှာပဲ ထမင်းပေါ်မှာ တင်ထားတာဖြစ်ပြီး နူးအိပြီး မွှေးပျံ့တဲ့ရနံ့နဲ့ စားသုံးသူကို ဆွဲဆောင်နိုင်ပါတယ်။ ထမင်းက ထောပတ်ပါပေမယ့် အရမ်းမအီဘဲ စိမ့်စိမ့်လေးနဲ့ စားကောင်းပြီး ပန်းကန်လုံးသေးသေးလေးနဲ့ ထည့်ထားတဲ့ ချဉ်ပေါင်ဟင်းနဲ့လည်း လိုက်ဖက်လှပါတယ်။
မျှစ်သုပ်ကတော့ အနည်းငယ် စပ်ရှိန်းရှိန်းပေမယ့် ခပ်ချိုချို ခပ်စိမ့်စိမ့်ပါပဲ။ အဲ့ဒီလို အသုပ်တွေဆိုရင် ချဉ်ချဉ်စပ်စပ်မှ ကြိုက်တဲ့ မြန်မာတွေအနေနဲ့ကတော့ သိပ်သဘောကျလှမယ် မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်လိုချင်တဲ့ပုံစံအတိုင်း တော့ ပြင်ဆင်ခိုင်းလို့ ရတယ်လို့ ဆိုပါတယ်။ အာလူးကြော်က ငရုတ်သီးအနည်းငယ်ပါဝင်ပြီး သီဟိုဠ်စေ့၊ အုန်းကြော် စတာတွေလည်း ပါဝင်ပါတယ်။ အရသာကတော့ အာလူးကြော်ရဲ့ထုံးစံအတိုင်း ခပ်ချိုချိုပါပဲ။ ကြော်ပြီးစမှာ လာချ ပေးတာဆိုတော့ ပူပူနွေးနွေး ချိုချို စပ်ရှိန်းရှိန်းအရသာမျိုး ဖြစ်နေပါတယ်။
Black Hat Signature Cocktail က အနည်းငယ် စပ်ပါတယ်။ Vodka, Passion, Apple Juice, Sweet & Sour, Chilli, Sprite တို့ ပါဝင်တာကြောင့် Cocktail အရသာ ချိုရှရှအပြင် Chilli အရသာ ပူစပ်စပ်ကိုပါ ရရှိစေပါတယ်။ သောက်လိုက်တဲ့ အချိန်မှာ ချိုရှပြီး မျိုချလိုက်မှ လည်ချောင်းထဲမှာ ပူပူရှရှစပ်စပ်လေး ဆင်းသွားတဲ့ အရသာကလည်း တကယ့်ကို ဆွဲဆောင်မှုရှိစေပါတယ်။ နိုင်ငံခြားသားတော်တော်များများက အပူအစပ်တွေကို မကြိုက်ကြပေမယ့် ဒီ Cocktail ကိုတော့ သဘောကျကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ထမင်း၊ အာလူးကြော်၊ မျှစ်သုပ် စတာတွေ စားပြီး အီစပြုလာတဲ့အချိန်မှာ ချဉ်ပြုံးပြုံးအရသာနဲ့ နာနတ်သီးဖျော်ရည်ကလည်း အီတာကို ပြေစေပါတယ်။
“ဆိုင်က ၅လပိုင်းတုန်းက စဖွင့်တာပေါ့နော်။ မြန်မာအစားအစာကို အဓိကထားပြီး ရောင်းတယ်ပေါ့။ ဖွင့်ချိန်ပိတ်ချိန်တွေက မနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိပါ။ ပိတ်ရက်မရှိပါဘူး။ တနင်္ဂနွေနေ့ဆိုရင် Music Band ရှိတယ်ပေါ့။ ဗုဒ္ဓဟူး၊ သောကြာ၊ စနေဆိုရင်တော့ DJ ရှိတယ်။ ညဖက်တွေပေါ့။ ညနေ ၆ နာရီလောက်ဆိုရင်တော့ ပိတ်တဲ့အချိန်ထိ လူကျပါတယ်။ နိုင်ငံခြားသားတွေ လာတာများတယ်။ ဆိုင်မှာ ဝန်ထမ်း ၂၆ ယောက် ရှိပါတယ်” လို့ Black Hat မှ တာဝန်ရှိသူ တဦးဖြစ်တဲ့ မနန်းစန္ဒာက ပြောပြပါတယ်။
စားသောက်ဖွယ်ရာတွေရဲ့ဈေးနှုန်းတွေအနေနဲ့ ၂၅၀၀ ပတ်ဝန်းကျင်ကနေ ၂၀၀၀၀ ကျော်အထိ ရှိပါတယ်။ ဆိုင်လိပ်စာက No 143/149, ဆူးလေဘုရားလမ်း၊ ဆူးလေပလာဇာ၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါတယ်။