‘စကားပြောသော နှင်းဖြူတောင်’ ဟာ အရှေ့တောင်အာရှမှာ အမြင့်ဆုံးတောင် ဖြစ်ပြီး မြန်မာနိုင်ငံ အနောက်မြောက် ပိုင်း တိဗက်-မြန်မာ နယ်စပ်အနီးမှာ တည်ရှိပါတယ်။ ဟိမဝန္တာ တောင်တန်းနဲ့ ဆက်သွယ်လျှက်ရှိတဲ့ ‘စကားပြောသော နှင်းဖြူတောင်’ ဟာ ပင်လယ် ရေမျက်နှာပြင်အထက် ၅,၈၈၁ မီတာ (၁၉,၂၉၆ ပေ) မြင့်ပါတယ်။ တချို့ မှတ်တမ်းတွေ မှာ တော့ ၁၉,၃၁၄ ပေ မြင့်တယ် လို့ ဆိုပါတယ်။ မြောက်လတ္တီကျု ၂၈°၁၈’ အရှေ့လောင်ဂျီကျု ၉၇°၃၂’ အကြားမှာ တည်ရှိတာပါ။
မြန်မာနိုင်ငံ ကချင်ပြည်နယ် မချမ်းဘောမြို့ရဲ့ အနောက်မြောက်ဘက် မိုင် ၈ဝ ကျော်မှာ တည်ရှိတဲ့ ‘စကားပြောသော နှင်းဖြူတောင်’ ဟာ တနှစ်ပတ်လုံး ဆီးနှင်းတွေ ဖုံးလွှမ်းနေပြီး၊ တိဗက်နယ်စပ်နှင့် နှစ်မိုင်ခန့်သာ ဝေးပြီး တိဗက်နှင့် မြန်မာနိုင်ငံ နယ်နိမိတ် အဖြစ်လည်း ပိုင်းခြားထားပါတယ်။
တိဗက်စကားအရ ‘နှင်းဖြူတောင်’
တိဗက်ဘာသာစကားအရ ‘နှင်း’ ကို ‘ခါ’ ၊ ‘အဖြူ’ ကို ‘ကာဘို’ ဖြစ်ပြီး၊ ‘ရာဇီ’ မှာ တောင် လို့ အဓိပ္ပာယ် ရပါတယ်။ ဒါကြောင့် ‘ခါကာဘိုရာဇီ’ တောင်ကို တိဗက် ဘာသာစကား အရ ‘နှင်းဖြူတောင်’ လို့ ခေါ်ပါတယ်။
ရဝမ်ဘာသာစကားအရ ‘စကားပြောသော တောင်’
ကချင်ပြည်ရှိ ရဝမ်လူမျိုးတွေရဲ့ ဘာသာစကား အရ ‘ခါကာပူ’ ဆိုတာက ‘အသံများထွက်ခြင်း၊ စကားပြောခြင်း’ ဖြစ်ပြီး ‘ရာဇီ’ မှာ ‘တောင်’ လို့ အဓိပ္ပာယ် ရတာကြောင့် ‘ခါကာဘိုရာဇီ’ ဟာ ‘စကားပြောသော တောင်’ လို့ အဓိပ္ပာယ် ရပါတယ်။
ခါကာဘိုရာ ဇီတောင် ခေါ် စကားပြောသော တောင်ကို ပထမဦးဆုံး တွေ့ရှိခဲ့တာက အိန္ဒိယမြေတိုင်းအဖွဲ့ တဖွဲ့ ဖြစ်ပြီး၊ ၁၉၂၃ ခုနှစ်က ပူတာအိုမြို့ မြောက်ပိုင်းကို လုပ်ငန်းသဘော အရ ရောက်ရှိခဲ့ရာမှာ တွေ့ရှိခဲ့တာပါ။
အပင်တွေနဲ့ တိရစ္ဆာန်တွေ
ခါကာဘိုရာဇီ တောင်ကြော တလျှောက်မှာ ထင်းရှုး၊ ဝက်သစ်ချ၊ မေပယ်၊ ရိုဒိုဒင် ဒရမ်ခေါ် တောင်မြင့်ဇလပ်၊ ပရီမြူလာ၊ လီလီ၊ မြေကပ်သစ်ခွ စတဲ့ အပင်တွေ တွေ့ရပြီး၊ ဒေသ ရေခဲပြင်အောက်မှာလည်း အသက်ရှည်ဆေးလို့ နာမည်ကျော်တဲ့ မချစ်ဥ သို့မဟုတ် ဂမုန်းကြက်သွန်ဖြူတွေ ပေါက်ရောက်ပါသတဲ့။ သားမင်းခေါ် တာကင်ကောင်၊ ကဒိုးကောင်နဲ့ တောင်ဆိတ်တွေကို ခါကာဘိုရာဇီတောင်မှာ နေထိုင်ကျက်စားကြပါတယ်။
ခါကာဘိုရာဇီ တောင်ကြော တလျှောက်မှာတော့ တိဗက်လူမျိုးများ အပြင် ထလုနှင့် ထရုန် လူမျိုးများလည်း နေထိုင် ကြပါတယ်။
မြန်မာနိုင်ငံနှင့် အရှေ့တောင် အာရှမှာ အမြင့်ဆုံးဖြစ်တဲ့ စကားပြောသော နှင်းဖြူတောင် ခေါ် ခါကာဘိုရာဇီ ရေခဲတောင်ထိပ်သို့ ၁၉၉၆ က ဂျပန်လူမျိုး အိုဇာကီနဲ့ တိဗက် လူမျိုး နမားဂျွန်ဆင်တို့ တက် ရောက်နိုင်ခဲ့ပါတယ်။ ယင်းနောက် ၂၀၁၄ သြဂုတ်တွင် တက္ကသိုလ် ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝခေါ်သံ ဖောင်ဒေးရှင်း) က တောင်တက်သမား ၂ ဦး တောင်ထိပ်သို့ တက်ရောက်စဉ် ပျောက်ဆုံးသွားခဲ့ပါတယ်။
မြန်မာတောင်တက်အဖွဲ့ တက်ရောက်ပြီးနောက် အမေရိကန်နဲ့ ဂျပန်တောင်တက်အဖွဲ့တခုက တက်ရောက်ရန် ဆက်လက် ကြိုးပမ်းခဲ့သော်လည်း ရာသီဥတု ဆိုးရွားလွန်းတာကြောင့် တောင်ထိပ်သို့ အရောက်ရှိဘဲ ပြန်ဆင်းခဲ့ရ ပါတယ်။
ယခုအခါ ခါကာဘိုရာဇီတောင် အပါအဝင် နတ်မတောင်၊ ဧရာဝတီလင်းပိုင်နေရာ၊ တနင်္သာရီသစ်တောများ၊ မြိတ် ကျွန်းစု၊ ဧရာဝတီတိုင်းဒေသကြီးမှ မိန်းမလှကျွန်း၊ အင်းတော်ကြီးကန် စတဲ့ မြန်မာ နိုင်ငံအတွင်းက နေရာ ၇ ခုကို ကမ္ဘာ့အမွေအနှစ် အဖြစ် သတ်မှတ်နိုင်ရန် ကြိုးပမ်းလျက် ရှိပါတယ်။ ။
ကိုးကား – မြန်မာ့စွယ်စုံကျမ်း