Lifestyle

နိုင်ငံတဝန်းရှိ စာတိုက်များ၌ MPT ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဝန်ဆောင်မှု စတင်ရရှိ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အော်ပရေတာဖြစ်တဲ့ (MPT) ဟာ မြန်မာနိုင်ငံတဝန်းရှိ စာတိုက်ပေါင်း ၇၈၂ ခုမှာ MPT ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း လုပ်ငန်းများ လုပ်ဆောင်ပေးနေပြီဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် မတ်လမတိုင်မီ ဆင်းမ်ကတ်များအားလုံး မှတ်ပုံတင်ပြီးစီးရေးဆိုတဲ့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ခုလို မြန်မာ့စာတိုက်လုပ်ငန်းနဲ့ ပူးပေါင်းပြီး ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ပြုလုပ်နိုင်မယ့်နေရာတွေ ထပ်မံတိုးချဲ့လိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

“အမြို့မြို့အနယ်နယ်တိုင်းမှာရှိတဲ့ စာတိုက်တွေမှာ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုကို ခုလိုသက်ဆိုင်ရာနဲ့ ပူးပေါင်းပေးအပ်နိုင်ခဲ့အတွက် ဝမ်းသာမိပါတယ်။ ကျနော်တို့ရဲ့ သုံးစွဲသူတွေဟာ ဒီလိုနေရာတွေကို သူတို့ရဲ့ နေ့စဉ်အလုပ်ကိစ္စတွေအတွက်နဲ့ မကြာခဏရောက်ရှိတတ်တဲ့အတွက် တကူးတကသွားဖို့ မလိုတော့ဘဲ သူတို့ရဲ့ MPT ဆင်းမ်ကတ်တွေကိုလည်း အလွယ်တကူ မှတ်ပုံတင်နိုင်မှာ ဖြစ်ပါတယ်” လို့ MPT-KSGM မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က ဆိုပါတယ်။

MPT သုံးစွဲသူတွေအနေနဲ့ စာတိုက်များမှာ ဆင်းမ်ကတ်မှတ်ပုံတင်ဖို့အတွက် မိမိတို့မှတ်ပုံတင်မယ့် လက်ရှိဆင်းမ်ကတ်နဲ့ နိုင်ငံသားမှတ်ပုံတင်ကတ်၊ ကျောင်းသားကတ် (သို့မဟုတ်) ယာဉ်မောင်းလိုင်စင် အစရှိတဲ့ အထောက်အထားတခုခု၊ နိုင်ငံခြားသားများအနေနဲ့ နိုင်ငံကူးလက်မှတ်တို့ လိုအပ်တယ်လို့ သိရပါတယ်။

ဆင်းမ်ကတ်မှတ်ပုံတင်ပြုလုပ်ခြင်းကို မြန်မာနိုင်ငံတဝှမ်းရှိ စာတိုက်ပေါင်း ၇၈၂ ခုမှာ ပြုလုပ်နိုင်ရုံသာမက မြန်မာနိုင်ငံတဝှမ်းရှိ အိတ်ချိန်းရုံးပေါင်း ၃၀၀ ကျော်မှာလည်း ဆောင်ရွက်နိုင်ပြီး MPT လက်လီအရောင်းဆိုင်ပေါင်း ၃၅,၀၀၀ မှာပါ မှတ်ပုံတင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် CB ဘဏ် ၊ KBZ ဘဏ်နှင့် Bestone မိုဘိုင်းဖုန်း အရောင်းဆိုင်များမှာလည်း ဆင်းမ်ကတ်များကို မှတ်ပုံတင်နိုင်မှာ ဖြစ်ပါတယ်။

Loading