Lifestyle

၂၀၁၇ မော်ဒယ်အဖြစ် ဈေးကွက်ဝင်လာတဲ့ Hyundai Azera Sedan

Want create site? Find Free WordPress Themes and plugins.

၂၀၁၇ မော်ဒယ်အဖြစ် ဈေးကွက်ဝင်လာတဲ့ Hyundai Azera Sedan မော်ဒယ်ကတော့ ၂၀၁၆ ခုနှစ် မော်ဒယ်နဲ့စာရင် ဒီဇိုင်းပိုင်းမှာ ဘယ်လောက်မှ သိသာလောက်အောင် အဆင့်မြှင့် လာတာမျိုး သိပ်မတွေ့ရပါဘူး။ တကယ်ဆို ရုပ်ထွက်က Sport ဆန်တယ်၊ ဆွဲဆောင်မှု အပြည့်ရှိတယ်၊ ဈေးလည်း ချိုတယ်၊ ဆီစားလည်း နည်းတယ်။

အဖက်ဖက်က လိုချင်စရာ ဖြစ်ပေမယ့် မထင်မှတ်ဘဲ တခြားကုမ္ပဏီထုတ် မော်ဒယ်တွေလောက် အောင်မြင်မှု မရသေးတာကြောင့် အခုလို အဆင့်မြှင့်မှု သိပ်မရှိဘဲ ပြန်ပြီး ပွဲထုတ်လာတာ ဖြစ်နိုင်ပါတယ်။ အတွင်းခန်းမှာလည်း ဆွဲဆောင်မှု ကောင်းဆဲပါပဲ။

တပ်ဆင် ပစ္စည်းပိုင်းမှာတော့ နည်းနည်း ပိုကောင်းအောင် ဖန်တီးလာပါတယ်၊ အထူးသဖြင့် အသက်ကယ်စနစ် အပိုင်းမှာ ရှေ့ထွက် မော်ဒယ်ထက် ပိုကြိုက်လာမိပါတယ်။ သားရေသား ဖန်တီးမှု များလာတယ်၊ ဇိမ်ခံပုံစံ ချိုးဆစ်လာတယ်၊ ထိုင်ခုံ တွေရဲ့ ဒီဇိုင်းက ပိုပြီး စီးနင်းလိုက်ပါလို့ ကောင်းလာပါတယ်။

မော်ဒယ်ရဲ့ အားသာချက်က ရွေးချယ်အသုံးပြုနိုင်စရာ နည်းပညာ အများအပြား ထည့်သွင်းထားခြင်းပါပဲ။ ဂျပန်ကားတွေ ထက်ကိုပဲ နည်းပညာပိုင်း ထည့်သွင်းထားမှု ပိုများလာပါတယ်။ ဒါက ကိုရီးယားကားတွေရဲ့ဆွဲဆောင်နိုင်မှု တခုပါပဲ။

နောက်တချက်က လိုက်ပါ စီးနင်းရမှု အပိုင်းမှာ ထိုင်ခုံဒီဇိုင်း နည်းနည်း ပြောင်းလာတဲ့အချက်က လမ်းကြမ်းပိုင်းမှာတောင် သက်သက်သာသာ စီးနင်းရမှု အရသာကို ပေးလာနိုင်ပါတယ်။

နောက်တချက်က အတွင်းခန်း ကျယ်ဝန်းမှုက ခရီးဝေး လိုက်ပါစီးနင်းရမှု၊ မောင်းနှင်ရမှုတွေမှာ စိတ်ကြိုက်ဖြစ်လာစေမှာပါ။

အားနည်းချက်အဖြစ် ဘီးစုံယက်စနစ်နဲ့ မရနိုင်ပါဘူး။ ဒါက ဥရောပနဲ့ အမေရိကလို ဈေးကွက်တွေမှာ လူကြိုက်နည်းစေ နိုင်သလို ပြိုင်ဘက် မော်ဒယ်တွေ ထက်စာရင် ရွေးချယ်နိုင်စရာ နည်းသွားစေပါတယ်။ အမြင့်နိမ့်ချင်တာကြောင့် အတွင်းခန်းမှာ အရပ်ရှည်တဲ့ သူတွေအတွက် နည်းနည်း ခက်ချင်ပါတယ်။ နောက်ဆုံးတချက်ကတော့ တံခါးတွေမှာ သုံးထားတဲ့ Lock စနစ်က အကောင်းဆုံး အရည်အသွေး မရှိခြင်းပါဘဲ။

မြင်းကောင်ရေ ၂၉၃ ကောင်အား ထုတ်ပေးနိုင်မယ့် V6 အင်ဂျင်ကို တပ်ဆင်ထားတာဖြစ်ပြီး ဂီယာချက် ၆ ချက်ကို Auto စနစ်နဲ့ သုံးပြီး မောင်းနှင်နိုင်မှာပါ။ ဥရောပဈေးကွက်လို နေရာမှာ အောင်မြင်ချင်ရင်တော့ အခုထက် ပိုပြီး ဂီယာချက် ၇ ချက်၊ ၈ ချက်လောက် သုံးနိုင်အောင် ဖန်တီးလာသင့်ပါတယ်။

အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုက တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၆.၈ စက္ကန့်ပဲ ယူပါတယ်။ ဆီစားနှုန်းကတော့ အခုနှစ် မော်ဒယ်ထက် ပိုပြီး ချိုသာလာနိုင်ဖို့ မျှော်မှန်းထားပေမယ့် တရားဝင် ထုတ်ပြန်ခြင်း မတွေ့ရသေးပါဘူး။ ခန့်မှန်းမိသ လောက်တော့ ပျမ်းမျှ ဆီတဂါလံကို မိုင် ၃၀ ကျော်လောက် ထိအောင် စီးနင်းနိုင်ပါလိမ့်မယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading