Lifestyle

တန်ကြေးကြီး ဖုန်းစျေးကွက်ထဲ ဝင်ရောက်လာတဲ့ Huawei P9

Huawei ဆိုတဲ့ ဖုန်းအမှတ်တံဆိပ် ပြည်တွင်း စျေးကွက်ကို ဝင်ရောက်လာချိန်က တန်ကြေးနည်းဖုန်း ထုတ်လုပ်သူ အဖြစ်နဲ့ပါ။ ကျပ် ၁ သိန်း ဝန်းကျင်နဲ့ ဖုန်းအမျိုးအစားပေါင်း များစွာကို ဒီဇိုင်းမျိုးစုံ၊ စွမ်းဆောင်ရည် မျိုးစုံနဲ့ ရနိုင်ပါတယ်။

ဒါကြောင့်လည်း စျေးကွက်မှာ အောင်မြင်မှု အလျင်အမြန် ရသွားခဲ့တာပါ။ အခုတော့ တခြား နာမည်ကျော် အမှတ် တံဆိပ်တွေနဲ့ အတူ တန်ကြေးသင့်၊ တန်ကြေးကြီး ဖုန်းတွေကို ထုတ်လုပ်လာခဲ့ပါပြီ။ Android စနစ်သုံး ဖုန်းတွေထဲမှာ တော့ Samsung လို အမှတ်တံဆိပ်ကို အဓိက ပြိုင်ဆိုင်သွားရမှာပါ။

အခု ပြောချင်တဲ့ မော်ဒယ်ကတော့ Huawei P9 ပါ၊ စျေးကွက်ထဲမှာ ရနိုင်ခဲ့တာ ဧပြီလကတည်းကပါ။ ဒါပေမယ့် ကျပ် ၁ သိန်း၊ ၂ သိန်း ဝန်းကျင် Huawei ဖုန်းတွေကို ကိုင်နေကျ ဝယ်လက်တွေက အခုလို စျေးနှုန်း ကျပ် ၅သိန်းခွဲခန့် ဖုန်းကို Huawei တံဆိပ်နဲ့ မကိုင်ချင်ကြပါဘူး။ Samsung လို အမှတ်တံဆိပ်ကို ပိုပြီး ယုံကြည် သဘောကျကြပါတယ်။ ဒါဆို အမှန်တကယ်ရော P9 က ကျပ် ၅၅၉၀၀၀ စျေးနဲ့ တန်တဲ့ ဖုန်းတလုံး ဖြစ်လာခဲ့ရဲ့လား။

LTE စနစ်ထိအောင် သုံးနိုင်မယ့် ဖုန်း၊ အလေးချိန် ၁၄၄ ဂရမ်ပဲ ရှိလို့ ပျမ်းမျှ တန်းတူ မော်ဒယ်တွေ အလေးချိန် ၁၅၀ ဂရမ် ဝန်းကျင် ရှိနေချိန်မှာ ပေါ့ပါးတဲ့ ဖုန်း၊ Coc လို Game မျိုး လူကြိုက်များတဲ့ ပြည်တွင်း အနေအထားမှာ ၅ ဒသမ ၅ လက်မ ဖုန်းတွေ ဝယ်လက် စိတ်ကြိုက်ဖြစ်နေပေမယ့် အခု Huawei P9 က ၅ ဒသမ ၂ လက်မ ပြသပေးနိုင်မယ့် ဖုန်း၊ ဒီအရွယ်အစား က On Hand အနေနဲ့တော့ ကားစီးရင်း တဖက်နဲ့ကိုပဲ ဖုန်းသုံးရတာတော့ ပိုပြီး အဆင်ပြေစေနိုင် ပါတယ်။

Dual-SIM သုံးနိုင်ပြီး Nano အရွယ်အစားပါ။ ပြသမျက်နှာပြင်က IPS_NEO LCD စနစ်ပါ။ အလင်းထွက်နှုန်း ကောင်းတယ်၊ ရုပ်ထွက် ကြည်လင်ပြတ်သားတယ်၊ ဒါကိုမှ မှန်ကို Corning ပုံစံနဲ့ ဖန်တီးထားတာက Luxury ဖုန်းတလုံးအဖြစ် သိသာစေပြီး အကြမ်းခံနိုင်မှု အတွက် Gorilla နဲ့ ဖုံးအုပ်ထားပါတယ်။

သုုံးထားတဲ့ Android Version က v6.0 (Marshmallow) ဖြစ်ပါတယ်။ တကယ်လို့ နောက်ထုတ် v7.0 (Nougat) ကို အဆင့်မြှင့် ချင်ရင်လည်း ရနိုင်ပါသေးတယ်။ CPU က Octa-core ပုံစံနဲ့ ဖြစ်ပြီး GPU အတွက် Mali-T880 MP4 ကို ထည့်ထား ပါတယ်။

RAM အတွက် ပုံစံနှစ်မျိုး ရွေးနိုင်ပါတယ်။ 3GB နဲ့ 4GB ပါ၊ Internal Memory ကတော့ 32 GB နဲ့ 64 GB ရနိုင်ပါတယ်။ Memory Card စိုက်မယ် ဆိုရင် 256 GB ထိအောင် သုံးနိုင်မှာပါ။ အလွယ်ပြောရရင် Memory Card ကြီးကြီးမားမား မစိုက်သရွေ့၊ အသုံးမလို သရွေ့ကတော့ RAM 4 GB ထိလည်း မလိုအပ်ပါဘူး။

ကင်မရာပိုင်းက နောက်ဖက်ကို 12 MP နဲ့ ထိုင်ထားပြီး ရှေ့ဖက်က 8 MP ရှိမှာပါ။ Primaryလို့ သတ်မှတ်တဲ့ နောက်ဖက်က ပျမ်းမျှ 15 MP ရှိကြပေမယ့် အခု 12 MP နဲ့ ထိုင်ထားပြီး ရုပ်ထွက်နဲ့ Lens ပိုကောင်းအောင် ဖန်တီးထားတာ တွေ့ရပါတယ်။

Feature အတွက် အကူစနစ်လေးတွေက Night Shot တွေ အတွက် ပိုကောင်းလာတာ တွေ့ရပါတယ်။ Wi-Fi, Bluettoth, GPS, NFC, Fingerprint တွေ သုံးနိုင်ပြီး ချိတ်ဆက် စနစ်အတွက် Type C 1.0 ကို ထိုင်ထားပါတယ်။

ဘက်ထရီက စွမ်းအားထိန်းနိုင်မှု 3000 mAh ပါ၊သူကို Fast Charge နဲ့ အားသွင်းရင် မိနစ် ၃၀ အတွင်း ၄၄ ရာခိုင်နှုန်း ရနိုင်ပါတယ်။ ဒါက နောက်ထွက် ကျပ် ၄ သိန်းဝန်းကျင် စျေးရှိနေတဲ့ Xiaomi Mi 5 ရဲ့ Fast Charge နာရီဝက် ရာခိုင်နှုန်း ၈၃ သွင်းနိုင်မှုထက်တော့ အားနည်းနေပါတယ်။

Huawei P 9 ကို အရောင်ပိုင်း ၈ ရောင်ထိ ထုတ်လုပ်ထားပြီး စျေးနှုန်းက RAM 3 GB Internal 32 GB ကို ကျပ် ၅၅၉၀၀၀ ရှိနေတာပါ။ ပြသမျက်နှာပြင် စနစ် အထူးကောင်းတယ်၊ မာတယ်၊ ဘက်ထရီ အားခံတယ်၊ ကင်မရာ စိတ်ကြိုက်ဖြစ်တယ်၊ OS စနစ် သဘောကျစရာကောင်းတယ်၊ ဖုန်းက အသုံးပြုရမှု မြန်ဆန်တယ်။

ဒါပေမယ့် စျေးနှုန်း အနေအထားအရ နည်းနည်း များချင်နေသလိုပါပဲ၊ Huawei P9 ဖုန်းဟာ တန်ကြေးကြီး ဖုန်းစျေးကွက်ထဲကို အကောင်းဆုံး ခြေချနိုင်တဲ့ ဖုန်းတလုံးပါပဲ။ ဒါပေမယ့် အခုထက် ပြည်တွင်း စျေးနှုန်း ပိုချိုမယ် ဆိုရင်တော့ အောင်မြင်မှု ပိုရနိုင်မယ်လို့ ထင်ပါတယ်။

Loading