Lifestyle

ရေရှားပါးသည့် ဒေသများအတွက် MPT ၏ “သန့်ရှင်းပြည့်ဖြိုး ရေအကျိုး အစီအစဉ်” စတင်

မြန်မာ့ဆက်သွယ်ရေး အော်ပရေတာ တခု ဖြစ်တဲ့ MPT ဟာ နိုင်ငံတဝန်းလုံးရှိ သောက်သုံးရေ ရှားပါးမှုနဲ့ ကြုံတွေ့နေရတဲ့ ဒေသတွေ အတွက် ရေရရှိစေရေး ရည်ရွယ်ပြီး ရေတွင်းရေကန် တူးဖော်ပေးမယ့် စီမံကိန်းတွေ ချမှတ်ပြီး လှူဒါန်းမှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ “သန့်ရှင်းပြည့်ဖြိုး ရေအကျိုး အစီအစဉ်” ကို MPT မှ မြန်မာကျပ်ငွေ သိန်းပေါင်း ၂၁၀၀ အသုံးပြုသွားမှာ ဖြစ်ကြောင်း၊ MPT အနေနဲ့ (Network Activities Group – NAG), (Bridge Asia Japan – BAJ) စတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

NAG ၏ အမှုဆောင်အရာရှိဖြစ်သူ ဦးဘော်ဘီက “ရေဆိုတာ နေ့စဉ်ဘဝမှာ လူသားတို့ အတွက် မရှိမဖြစ် အရေးကြီးတဲ့ အရာပဲ ဖြစ်ပါတယ်။ ရေရှားပါးတဲ့ အချိန်ဆိုရင် ဘယ်လောက်ခက်ခဲပြီး ပူပင်သောက ရောက်ရတယ် ဆိုတာကို ကျနော်တို့ သိပါတယ်။ အထူးသဖြင့် ရေသွားခပ်ရတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် ပိုပြီးတော့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ MPT နဲ့ အခုလို ပူးပေါင်းပြီး ရေလိုအပ်နေတဲ့ ဒေသတွေအတွက် ကူညီပေးခွင့်ရတာ ဝမ်းသာမိပါတယ်။ ဒီအစီအစဉ်ဟာ တကယ့်ကို အဓိပ္ပာယ် အနှစ်သာရနဲ့ ပြည့်စုံပြီး ရေရှည်တည်တံ့တဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်လိမ့်မယ် ဆိုတာ ယုံကြည်ပါတယ်” လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကုလသမဂ္ဂရဲ့ ၁၇ ခုမြောက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို ၂၀၃၀ ခုနှစ်တွင် အောင်မြင်နိုင်ရန် အတွက် ကမ္ဘာတဝှမ်းမှာ ရှိတဲ့ လူတွေဟာ လုံ့လ စိုက်ထုတ်ပြီး ဆောင်ရွက်နေကြ ပါတယ်။ အခုလို ပူးပေါင်းဆောင်ရွက်တဲ့ စီမံချက်ဟာ ကုလသမဂ္ဂ အဖွဲ့ရဲ့ ရည်မှန်းချက် နံပါတ် ၆ ဖြစ်တဲ့ အားလုံး အတွက် ရေသန့်နဲ့ ရေဆိုးရေညစ်တွေကို စီမံခန့်ခွဲပြီး အာမခံချက်ရှိရှိ အသုံးပြုနိုင်စေရန် ဆိုတဲ့ အချက်ကို အကောင်အထည် ဖော်တာပဲ ဖြစ်ပါတယ်” လို့ (BAJ) မှ ဌာနေကိုယ်စားလှယ် Ms. Akiko Mori က ရှင်းလင်းပြောကြားပါတယ်။

“ဒီ အစီအစဉ်မှာ ကျမတို့ အနေနဲ့ လူဦးရေ ၁၆၀၀ ကျော် နေထိုင်တဲ့ မကွေးတိုင်းဒေသကြီး ရွာဟောင်းကန်ရွာက စက်ရေတွင်းက တဆင့် စက်အင်ဂျင်နှင့် ရေရရှိအောင် ဆောင်ရွက်ပြီး ရေလှောင်ကန်များနှင့် ရေသိုလှောင်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရဲ့ “ရွှေကိုမလို ရေကိုသာ လိုသည်” ဆိုတဲ့ ဆိုရိုးစကားနဲ့အညီ ဒေသခံများ ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာပါ” လို့လည်း သူမက ရှင်းပြပါတယ်။

ဒီအစီအစဉ်ကို ပထမဆုံးအနေဖြင့် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်း ဒေသကြီးတွေမှာ စတင် ဆောင်ရွက်သွားမှာ ဖြစ်ပြီး ရေတွင်းတွေ တူးဖော်ဖို့ အတွက် လိုအပ်တဲ့နေရာတွေမှာ ဒေသခံပြည်သူများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ NGO အဖွဲ့များနှင့် ဆွေးနွေးတိုင်ပင်ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေသခံတာဝန်ရှိသူများ၊ NGO အဖွဲ့အစည်း များနဲ့ ပူးပေါင်းပြီး ငွေကျပ် သိန်း ၂၁၀၀ ကို ရင်းနှီးမြှုပ်နှံပြီး ရေလိုအပ်နေတဲ့ နေရာများမှာ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိနိုင်ရန် အတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ MPT-KSGM Joint Operation မှ Chief Operation Officer ဖြစ်သူ Mrs. Yoshiaki Benino က ပြောပါတယ်။

MPT ၏ “သန့်ရှင်းပြည့်ဖြိုး ရေအကျိုး အစီအစဉ်” အရ ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတို့ အပါအဝင် တနိုင်ငံလုံးရှိ ရေရှားပါးသည့် ဒေသများကို ရွေးချယ်ပြီး ရေတွင်း ရေကန်များ တူးဖော်ကာ ကူညီဆောာင်ရွက်သွာမှာ ဖြစ်တယ်လို့ သိရပါတယ်။

Loading