မော်တော်ကားတွေမှာ ထည့်သွင်း အသုံးပြုလို့ ရနိုင်မယ့် အင်ဂျင်ဝိုင်ကို အမျိုးအစားတွေ ခွဲခြား ထုတ်လုပ်ထားတာ တွေ့နိုင်ပါတယ်။ အခြေခံကုန်ကြမ်း အသုံးပြုမှု အပေါ်ကို အခြေခံပြီး အမျိုးအစား ခွဲခြားတာ ဖြစ်ပါတယ်။
အဓိကအနေနဲ့တော့ နှစ်မျိုးခွဲပါတယ်။ Base Oil နဲ့ Sunthetic Motor Oil တို့ ဖြစ်ပါတယ်။ Base Oil ကတော့ ရေနံစိမ်းကို အခြေခံပြီး ဖန်တီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ပေါက်ကွဲဆီပုံစံ ဖြစ်မသွားအောင် Chemical Additive ကို ထပ်ဖြည့် ထားတာကြောင့် ပျစ်ချွဲတဲ့ အင်ဂျင်ဝိုင် ဖြစ်လာပါတယ်။
Synthetic ကတော့ ရေနံစိမ်း လုံးဝမပါဘဲ၊ ဓာတုဗေဒ ပစ္စည်းတွေကိုပဲ ပေါင်းစပ် ထုတ်လုပ်ထားတာပါ။ ဒါက အင်ဂျင်ဝိုင် ဖန်တီးမှုအပေါ်မှာ မူတည်ပြီး အမျိုးအစား ခွဲခြားထားတာ ဖြစ်ပါတယ်။
အင်ဂျင်ဝိုင်ရဲ့ အဓိက သဘောတရားကတော့ အင်ဂျင်အတွင်း စေးပျစ်ကာ ချောမွေ့နေစေဖို့ပဲ ဖြစ်ပါတယ်။ ဒီအတွက် အင်ဂျင်အပူချိန် တက်လာသည့်တိုင်အောင်၊ ဆေးနေသည့်တိုင်အောင် စေးပျစ်မှုပုံစံ မပြောင်းမယ့် အင်ဂျင်ဝိုင်မျိုး ဖြစ်အောင် ဖန်တီးထုတ်လုပ်လာတာ ဖြစ်ပါတယ်။
အင်ဂျင်ဝိုင်တွေမှာ သူ့ရဲ့စေးပျစ်မှုနှုန်းကို SAEလို့ ခေါ်တဲ့ သတ်မှတ်ချက်နဲ့ ဖော်ပြထားပါတယ်။ SAE မြင့်လေ အင်ဂျင်ဝိုင် ပျစ်လေဖြစ်ပြီး SAE နိမ့်လေ အင်ဂျင်ဝိုင်ပျစ်ရည် နိမ့်လေ ဖြစ်ပါတယ်။ ဒီလို ပျစ်နှုန်း မတူညီမှုကို အဓိက အနေနဲ့ Mono နဲ့ Multigrade ဆိုပြီး နှစ်မျိုး ပြန်ခွဲပါတယ်။
Mono ကတော့ သက်တမ်းရှည်ကြာအောင် သုံးနိုင်မှု မရှိသလို ရာသီဥတု ပူခြင်း၊ အေးခြင်း အပေါ်မှာပါ မူတည်ပြီး ပျစ်နှုန်း ပြောင်းလဲ တတ်တာကြောင့် အကောင်းဆုံး မဟုတ်ပါဘူး။ ဒါပေမယ့် ဈေးနှုန်း ချိုသာတာကြောင့် အသုံးပြုမှု များပါတယ်။
Multigrade ကတော့ ထုတ်လုပ်မှု စရိတ်လည်း မြင့်တာကြောင့် ဈေးမြင့်ပါတယ်။ အများစုသော Multigrade တွေက Synthetic နည်းနဲ့ ထုတ်လုပ်ကြပါတယ်။
အဲဒီလို Multigrade ကို Synthetic ပုံစံနဲ့ ထုတ်လုပ်မှုမှာ အမျိုးအစား နှစ်မျိုး ထပ်ခွဲပါတယ်။ ပထမ တမျိုးက Semi-Synthetic နဲ့ နောက်တမျိုးက Fully-Synthetic ဖြစ်ပါတယ်။ Fullyက ပိုကောင်းပါတယ်။
ရာသီဥတုအေးနေချိန်ထိအောင် ပျစ်ရည်နှုန်း တိုးမသွားစေဘဲ ပုံမှန် ပျစ်နေစေသလို အင်ဂျင် အပူချိန် တက်လာချိန်နှာ ပျစ်ရည်နှုန်း ကျမသွားစေဘဲ ပုံမှန် ပျစ်နေစေပါတယ်။ သဘာဝလွန် အင်ဂျင်ဝိုင်လို့လည်း ခေါ်ပါတယ်။