ပြည်တွင်း ကားဈေးကွက်မှာ ၂၀ဝ၃ ခုနှစ်ထုတ် မော်ဒယ်လောက်ကတည်းက ဇိမ်ခံမော်ဒယ်အဖြစ် လူကြိုက်များ နေတဲ့ မော်ဒယ် Harrier တွေကတော့ နောက်ပိုင်းထုတ် မော်ဒယ်မြင့်တွေပါ ဈေးကွက်မှာ ရနိုင်လာပါပြီ။ RAV-4 နဲ့ ဖန်တီး ပုံချင်းဆင်ပြီးတော့ ဇိမ်ခံမော်ဒယ်အဖြစ် ဖန်တီးထားတာ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်နဲ့ နောက်ပိုင်းထုတ် မော်ဒယ်တွေ ဈေးကွက်မှာ အတွေ့ရများလာတာ ဖြစ်ပြီးတော့ ပြည်တွင်းမှာက အနက်ရောင်နဲ့ အဖြူရောင်တွေ လူကြိုက် အများဆုံး ဖြစ်ပေမယ့် SUV မော်ဒယ်နဲ့ အဖြူက သိပ်ပြီး မလိုက်ဖက်တာ တခုက အနက်ရောင်ကို တင်သွင်းမှု များစေခဲ့သလို ဝယ်လက်ကလည်း အနက်ရောင်ပဲ အမေးများကြပါတယ်။
ဇိမ်ခံအနေနဲ့ ထွက်လာတဲ့ မော်ဒယ်၊ ထုတ်လုပ်တဲ့မော်ဒယ်နှစ်က မြင့်တယ်၊ အရည်အသွေး ကောင်းတယ်ဆိုတော့ အပြင် အဆင်နဲ့ အသုံးပြုထားမှုတွေကို အရမ်းကြီး စစ်ဆေးစရာ မလိုတော့ပါဘူး။ အတွင်းခန်းအားလုံးက အော်ရီဂျင်နယ်တွေပဲ ဖြစ်ရမယ်၊ မောင်းနှင်ပြီး ကီလို ၁ သောင်းနဲ့ အောက်ဘက်မှာပဲ ရှိလောက်အောင် ကားက မသုံးရသေးသလို အသန့်ပါ။
ထိုင်ခုံတွေ၊ Dashboard တွေက အနာအဆာကင်းပြီး Infotainment အပိုင်းက ပြစ်ချက်၊ အားနည်းချက် မရှိဖြစ်နေရမယ်၊ ဒီလောက်ထိအောင် ရောင်းသူဘက်က အာမခံထားနိုင်တာလည်း တွေ့ရပါတယ်။
ဟုတ်ပါတယ်၊ မော်ဒယ်တွေက ထုတ်လုပ်ပြီး သက်တမ်း ၃ နှစ်ကျော် ၄ နှစ်ထဲ ရောက်နေပြီဆိုပေမယ့် ပြည်ပမှာကိုပဲ ဇိမ်ခံစစ်စစ် အနေအထား သုံးထားတဲ့သဘောပါ။ မော်ဒယ်နှစ်အလိုက် ရွေးချယ်ဝယ်ယူနိုင်မှုကတော့ အနိမ့်ဆုံး ၂၀ဝ၆ ခုနှစ် မော်ဒယ်လောက်ကနေ ၂၀၁၃ ခုနှစ် အတွင်းထိအောင် ဈေးကွက်မှာ စိတ်ကြိုက် ရွေးချယ်နိ်ုင်စရာ ရှိပါတယ်။
ကျနော် သဘောကျမိတာကတော့ ၂၀၁၃ခုနှစ်နဲ့ နောက်ပိုင်းထုတ် မော်ဒယ်မြင့်တွေပါ။ ဇိမ်ခံအဖြစ်သုံးမယ့် အနေအထား မှာ မော်ဒယ်နိမ့်ကို ရွေးချယ်ဖို့ မသင့်ပါဘူး။ ၂၀၁၃ ခုနှစ် ၂.ဝ လီတာသုံး အင်ဂျင်တပ်၊ ညာမောင်း၊ Auto နဲ့ သွားပြီး အတွင်း ခန်းအားလုံး အော်ရီဂျင်နယ် အနေအထား၊ ကီလို ၃ ထောင်ကျော်ပဲ မောင်းထားရသေးတဲ့ Harrier ဆိုရင် ခေါ်ဈေး သိန်း ၉၂၀ လောက်ပဲ ရှိပါတယ်။
Land Criuser လို မော်ဒယ်နဲ့ ဇိမ်ခံ Lexus လို မော်ဒယ်တချို့လည်း သိန်း ၁ ထောင်ကျော်မှာ ဈေးငြိမ်နေတဲ့ အခြေအနေ၊ ဒီနှစ် ကားဈေးတွေ တက်လာနိုင်ပေမယ့် ဇိမ်ခံမော်ဒယ်တွေ ဈေးအကျဘက်မှာ ရှိနေမယ့် အနေအထားမှာ သိန်း ၉၂၀ နဲ့ အောက်ဘက်မှာပဲ ဈေးပြတ်နိုင်ပါတယ်။
တကယ်လို့ မော်ဒယ်နိမ့်ထဲက ဆိုရင်တော့ ၂၀ဝ၆ ခုနှစ် ၃.၅ လီတာသုံး အင်ဂျင်တပ် မော်ဒယ်မျိုးရနိုင်ပြီး အင်ဂျင်စနစ် ပိုကြီးလာတာ တခုက ဆီစား နည်းနည်း ပိုစေနိုင်ပါတယ်။ Power Steering စနစ်လောက်ထိအောင် သုံးနိုင်ပြီး ကီလို ၈ သောင်းဝန်းကျင် မော်ဒယ်ကို သိန်း ၄၆၀ ခေါ်ပြီး သူက သိန်း ၄၀ဝ လောက်နဲ့ ပွဲဖြစ်နိုင်လောက်ပါတယ်။