Lifestyle

Nissan Quest Minivan က Alphard အတွက် ပြိုင်ဘက်ကောင်း ဖြစ်လာမလား

Alphard လို မော်ဒယ်တွေထိအောင် လူကြိုက်များနေတဲ့ ပြည်တွင်းဈေးကွက်အတွက် စိတ်ဝင်စားစရာ မော်ဒယ်တခုပါ။ ကိုယ်ထည်က SUV မော်ဒယ်တွေနဲ့တောင် ဆင်တူပါတယ်။

အတွင်းခန်း ကျယ်ဝန်းအောင် ဖန်တီးထားပေမယ့် ကိုယ်ထည်ကို Sport ဆန်အောင် ဖန်တီးထားနိုင် မှုကတော့ ဒီနေ့ ဈေးကွက်ဝင် မော်ဒယ်တွေထဲမှာ ပြိုင်ဘက် မရှိလောက်အောင် ဆွဲဆောင်မှု ကောင်းလာစေပါတယ်။

ရုပ်ထွက်ပိုင်းလည်း မဆိုးလှပါဘူး။ Honda နဲ့ Toyota တွေရဲ့ Minivan ဈေးကွက်ကို ပြိုင်ဆိုင်နိုင်အောင် ဖန်တီး ထုတ်လုပ်လာတာ ဖြစ်ပြီး မောင်းနှင်ရမှု ကောင်းမွန်ခြင်း၊ အတွင်းခန်း အဆင့်မြင့်မားခြင်းတွေက ပြီးခဲ့တဲ့ နှစ်ကတည်းက ဈေးကွက်မှာ လူကြိုက်များစေခဲ့တာ တွေ့ရပါတယ်။

မော်ဒယ်ရဲ့ အားသာချက်ကို ကြည့်မယ်ဆိုရင် မောင်းနှင်ရမှု ညင်သာ ကောင်းမွန်ခြင်းက မဖြစ်မနေ ထည့်ပြောရပါလိမ့်မယ်။

Minivan ဟာ ခရီးသည် တင်ဆောင်ရမှုလည်း များသလို ဝန်တင်ဆောင်နိုင်မှုလည်း အနည်းငယ် ရှိတတ်တာကြောင့် အင်ဂျင်စွမ်းဆောင်ရည် ကောင်းမွန်အောင် ဖန်တီးထားတတ်ပြီး မောင်းနှင်ရချိန်မှာလည်း အသားကျ နေသည့်တိုင်အောင် တာထွက်မြန်တာတွေ ရှိတတ်ပေမယ့် အခု Quest မှာတော့ တာထွက်ကအစ ညင်သာ ကောင်းမွန်လှပါတယ်။

နောက်တချက်က အတွင်းခန်းအပိုင်းပါ၊ အဓိက သဘောကျမိတာ နှစ်ချက်ပါ၊ ပထမတချက်က တပ်ဆင်ပစ္စည်း အရည် အသွေး ကောင်းမွန်ခြင်းနဲ့ ရေရှည်စိတ်ချရမှုတွေ ဖြစ်ပြီး နောက်တချက်ကတော့ ထိုင်ခုံတွေကို လိုအပ်သလို ပြင်ဆင် အသုံးပြုနိုင်ခြင်းပါပဲ။

ခေါက်သိမ်းနိုင်တဲ့ လုပ်ဆောင်ချက်တွေအပြင် အနိမ့်၊ အမြင့်၊ ရှေ့၊ နောက် ပြောင်းလဲ ပြင်ဆင်နိုင်စွမ်းတွေ ရှိအောင်ပါ ဖန်တီးထားတာ တွေ့ရပါတယ်။

နောက်ပြီး Control တွေက အသုံးပြုနေကျ ပုံစံအတိုင်း ရင်းနှီးလွယ်အောင် ဖန်တီးထားပါတယ်။ ဒါက အခုမှ ကား စမောင်းမယ့် သူတွေအတွက်ရော မော်ဒယ်နဲ့ အသားမကျသေးသူတွေ အတွက်ပါ အဆင်ပြေစေမှာပါ။
နောက်ဆုံး တချက်ကတော့ အထက်မှာ ပြောခဲ့တဲ့ ထိုင်ခုံပိုင်း တည်ဆောက်မှုထဲက အားနည်းချက်ရဲ့နောက်ဆက်တွဲလို့ ဆိုရမှာပါ။ ဒုတိယ ထိုင်ခုံတန်းထိအောင် ခေါက်သိမ်းနိုင်မှာ ဖြစ်လို့ နောက်ဘက်ခန်း အကျယ် လိုချင်တယ်ဆိုရင် စိတ်ကြိုက်ပါပဲ။

မော်ဒယ်ရဲ့ ကောင်းကွက်တွေ ပြောတာများသွားတော့ အားနည်းချက် နည်းနည်းပြောချင်ပါတယ်။ နောက်ဘက် ဝန်တင်ခန်းက ပြိုင်ဘက်မော်ဒယ်တွေ ထက်ကိုပဲ သိသိသာသာ ကျဉ်းလွန်ပါတယ်။ ဆိုလိုရင်းက ခရီးသည်ခန်း ကျယ်တယ်၊ နောက်ဘက်ဝန်တင်ခန်း နေရာကျဉ်းတယ်လို့ ပြောချင်တာပါ။

ဒါကြောင့်လည်း နောက်ဘက် ခုံတန်းတွေကို ခေါက်သိမ်းနိုင်အောင် ဖန်တီးထားပုံရပါတယ်။ ပြီးတော့ Minivan အများစု ၈ ယောက်စီး မော်ဒယ်တွေအဖြစ် ဖန်တီးထားတတ်ပေမယ့် အခုတော့ ၇ ယောက်ထိအောင် အများဆုံး စီးနင်းနိုင်မှာ ဖြစ်လို့ ပြိုင်ဘက်တွေထက် နည်းနည်း အားနည်းသွားစေပါတယ်။

အင်ဂျင်ပိုင်းက ၃.၅ လီတာသုံး V6 အင်ဂျင်နဲ့ ရနိုင်ပြီး ရုန်းအား ၂၄၀ ပေါင်၊ မြင်းကောင်ရေ ၂၆၀အား ထွက်ရှိမှာပါ။ Alphard တွေထက် အင်ဂျင်အရွယ် နည်းနည်းတော့ ကြီးနေပါတယ်။ ဇိမ်ခံစစ်စစ် Minivan ဖြစ်ပြီး တနာရီမိုင် ၆၀ နှုန်းကို အချိန် ၈.၅ စက္ကန့်တည်းနဲ့ ရောက်နိုင်မှာ ဖြစ်ပါတယ်။

ဆီစားနှုန်းက ပျမ်းမျှ တဂါလံကို ၂၃ မိုင် ရနိုင်ပြီး ဂီယာပိုင်းကတော့ မောင်းနှင်ရလွယ်ကူအောင် CVT နဲ့ ဖန်တီးထားတာ တွေ့ရပါတယ်။

Loading