လွန်ခဲ့သော ဘီစီ ၂ ထောင်ခန့်က မက်ဆိုပိုတေးမီးယား ဒေသတွင် ရေမွှေးပညာရှင်တဦး ပေါ်ပေါက်ခဲ့ဖူးသည်။ မက်ဆိုပိုတေးမီးယား ယဉ်ကျေးမှုသည် လူ့ယဉ်ကျေးမှု သမိုင်း၏ အစဖြစ်၏။ ထိုပညာရှင်သည် အမျိုးသားမဟုတ်ဘဲ၊ တပ်ပူတီ (Taputi) အမည်ရှိ အမျိုးသမီးဖြစ်ကြောင်း ကျူနီဖောင်း (Cuneiform) အုတ်ချပ်စာတို့အရ သိရ၏။
ဒီထက် ပိုမိုအံ့သြဖွယ်မှာ ဆိုက်ပရပ်ကျွန်းမှ ပီယာဂိုးဒေသတွင် စိတ်ဝင်စားဖွယ် အဆောက်အအုံတခုကို သုတေသီတို့ တူးဖော် တွေ့ရှိကြပြန်သည်။ ပေါင်းခံအိုးများ၊ အမွေးရည် ရောစပ်သည့်အိုးများ၊ ကတော့များ၊ များလှစွာသော ရေမွှေးပုလင်းများကို တွေ့ကြ၏။
သမိုင်း၏ တိမ်မြှုပ်နေသော လျှို့ဝှက်ချက်တရပ် ပေါ်ပေါက်လာလေသည်။ ထိုအဆောက်အအုံသည် စီးပွားဖြစ် ရေမွှေး ထုတ်လုပ်ခဲ့ရာ အလုပ်ရုံကလေး ဖြစ်၏။ ရေမွှေးလုပ်ငန်း တွင်ကျယ်ခဲ့သည်မှာ နှစ်ပေါင်း ၄ ထောင်ပင် မကပြီ။
မက်ဆိုပိုတေးမီးယားနှင့် အီဂျစ်မှ အခြေခံကာ၊ ရောမနှင့် ပါရှားဒေသတွင် ပိုမို ဖွံ့ဖြိုးလာခဲ့သည်မှာ အမှန်ပင်။ ရှေးလူတို့ ရေမွှေး စီရင်ရာ၌ ရနံ့မွှေးသည့် အပွင့်၊ အရွက်၊ အပင်၊ အခေါက်တို့ကို အလိုရှိသော ပမာဏရအောင် ရောနှော၍ ၎င်းတို့ကို ဆီများ၊ အရည်များနှင့် ပေါင်းစပ်ကာ၊ အကြိမ်ကြိမ်ပေါင်းခံ၊ အကြိမ်ကြိမ် အနည်ချခြင်းဖြင့် နောက်ဆုံး၌ ကာလဒေသ အလျောက် စံပြုထားသောရနံ့၊ အလိုရှိသောရနံ့ ပါသည့်အဆီကို ရရှိလာသည်။ ၎င်းကို ရေမွှေးအဖြစ် အသုံးပြုကြလေသည်။
၉ ရာစုခန့်က အာရပ်လူမျိုး၊ ရေမွှေးပညာရှင် အယ်လ်ခင်ဒီ (Al-Kindi) သည် ထုတ်လုပ်နည်း၊ ပေါင်းခံ သန့်စင်နည်းများ အကြောင်း ရေးသားခဲ့ဖူး၏။ ထိုစာစု၌ ထုတ်လုပ်ပုံနည်း ၁၀၀ ကျော် ပါဝင်ရုံမျှမက၊ အသုံးပြုသော ပေါင်းခံအိုး၊ ပေါင်းအိုးများ အကြောင်းကိုပင် ရှင်းလင်းရေးသားထား၏။
အမွေးဆီများ အကြောင်း၊ ရနံ့သင်းသည့် အရည်များအကြောင်းနှင့်တကွ တန်ဖိုးကြီး ဘယဆေး သစ်ဥသစ်ဖုတို့အစား သုံးစွဲနိုင်သည့် တန်ဖိုးနည်း ဝတ္ထုပစ္စည်းများ အကြောင်းပါမကျန် အတိအကျ ဖော်ပြထားသည်။

ယနေ့သုံးစွဲနေသော နည်းပညာမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာ ပါရှန်ပညာရှင် အာဗီဆင်းနား (Avicenna) ၏ ပညာကို အခြေခံထားခြင်း ဖြစ်၏။ ပန်းကို ပေါင်းခံ၍ အဆီထုတ်ခြင်း စနစ်ဖြစ်သည်။ သူ့နည်းပညာ မပေါ်ပေါက်မီက ရေမွှေး ဆိုသည်မှာ ကြိတ်ချေထားသော အပင်၊ အပွင့်၊ အခေါက်၊ အမြတ်တို့နှင့် ဆီအရောအနှောကို ခေါ်ခြင်းဖြစ်၏။
၎င်းသည် ရနံ့လည်း စူးရှပြင်းထန်၏။ အာဗီ၏ နှင်းဆီရည်သည် ရှေးယခင်ရေမွှေး (အဆီ) တို့မှ ခြားနားသိမ်မွေ့သော ရနံ့ရှိ သဖြင့် ချက်ချင်း နာမည်ကျော်ကြားလာသည်။
သက္ကရာဇ် ၁၂၂၁ ကစတင်၍ အနောက်ဥရောပတွင် ရေမွှေးလုပ်ငန်း တွင်ကျယ်လာသည့် အကြောင်း အီတလီပြည်၊ ဖလောရင့်မှ ဆန်တာမာရီယာ ဝတ်ကျောင်းရှိ ခင်ကြီးတပါး၏ မှတ်စု၌ သက်သေခံလျက် ရှိ၏။
သက္ကရာဇ် ၁၃ရဝ တွင် ဟန်ဂေရီ ဘုရင်မကြီး အဲလိဇဘက်၏ အမိန့်အရ အရှေ့ဥရောပ ပညာရှင်တို့သည် အယ်လ်ကိုဟော ပျော်ရည်တွင် ရနံ့သင်းထားသည့် အမွှေးဆီ ရောစပ်ခြင်းဖြင့် ရေမွှေး ရရှိလာကြသည်။
ဉာဏ်သစ်လောင်း ခေတ်တွင် တခြား ပညာရပ်များနည်းတူ ရေမွှေးပညာသည်လည်း အဆင့်အတန်း မြင့်မားလာသည်။ ခရီးသွားများ၊ ကုန်သည်များ၊ မင်းမှုထမ်းများ၏ သယ်ဆောင်မှုဖြင့် အိမ်နီးချင်း ပြင်သစ်ပြည်သို့ ရောက်ရှိသွားခြင်းသည် ရေမွှေးသမိုင်း၏ ရွှေခေတ်ကို ဖြစ်ပေါ်စေခဲ့ပါသည်။
၁၆ ရာစု ပြင်သစ်ဧကရာဇ် ဒုတိယမြောက် ဟင်နရီ၏မိဖုရား အီတလီသူ “ကက်သရင်း ဒီ မက်ဒီချီ” ၌ ကိုယ်ပိုင်ရေမွှေး ပညာရှင်တဦးရှိ၏။ ပညာရှင် ရေနေး (Rene) နှင့် မိဖုရား၏ အိမ်တော်ကို လျှို့ဝှက်လမ်းဖြင့် ဆက်သွယ်ထားသဖြင့်၊ သူ၏ နည်းပညာတို့ အပြင်သို့ မပေါက်ကြားနိုင်ရုံမျှမက၊ နည်းပညာကို နှောင့်ယှက်မည့်သူ၊ ခိုးယူမည့်သူ၏ ရန်မှလည်း လုံခြုံခဲ့ရသည်။
ဥရောပတွင် ထိုအချိန်က နည်းပညာ အထောက်တော်များ၊ ခိုးယူသူများ၊ ဖျက်ဆီးသူများ အလွန် ရှိခဲ့ဖူးသည်။
ပညာရှင်ရေနေး၏ ရေမွှေးသည် ပြင်သစ်ပြည်မှာ သာမက ဥရောပ တတိုက်လုံး စတင် သင်းပျံ့လာသည်မို့ ပြင်သစ်ပြည်သည် ရေမွှေးနှင့်တကွ အမျိုးသမီး အလှအပ ပစ္စည်းများ တီထွင်သူ၊ ထုတ်လုပ် ရောင်းချသူတို့၏ အချက်အချာဒေသ ဖြစ်လာသည်မှာ ယနေ့တိုင်ပင်။
ရေမွှေးအတွက် လိုအပ်သည့် ပန်းများကို ၁၄ ရာစုကပင် ပြင်သစ်တောင်ပိုင်း၌ အဓိက စီးပွားရေးအဖြစ် စိုက်ပျိုးခဲ့သဖြင့် ကုန်ကြမ်းအတွက် စိတ်ပူစရာမလိုတော့။
၁၆ ရာစုနှင့် ၁၇ ရာစုတွင် ရေမွှေးသုံးစွဲခြင်း၏ အဓိက အကြောင်းရင်းမှာ အခြေအနေ၊ ရာသီဥတုကြောင့် နေ့စဉ်ကိုယ်လက် မသန့်စင်နိုင်သဖြင့် မလိုလားအပ်သော ကိုယ်န့ံကို ကာကွယ်ရန် အထက်တန်းလွှာတို့ သုံးစွဲခြင်းဖြစ်၏။
ဂျာမနီပြည်မှ အီတလီ ဆတ္တာသည်တဦးက “မြတ်နိုးဖွယ် ရေစင်”ဟု အမည်ပေးထားသော ရေမွှေးသည် ယနေ့ အော်ဒီကလုန်း (Eau de Cologne) ၏ မူလအစ ဖြစ်သည်။ ၁၇၃၂ ခုနှစ်တွင် တူတော်စပ်သူက လုပ်ငန်းကို လွှဲပြောင်းယူခဲ့သည်။
ရေမွှေးအမျိုးအစား သတ်မှတ်ရာတွင် မွှေးရနံ့ ဒြပ်ပေါင်းပါဝင်မှုသည် အဓိကဖြစ်၏။ ရနံ့ အပျော့ အပြင်းနှင့် တာရှည်ခံမှုသည် ထိုဒြပ်ပေါင်း၏ စံချိန်၌ မူတည်ပေသည်။
Eau de PerFum တွင် အမွှေးဆီ ဒြပ်ပေါင်း ၈ ရာခိုင်နှုန်း မှ ၁၅ ရာခိုင်နှုန်း၊ Eau de Toilette အမွှေးဆီ ဒြပ်ပေါင်း ၄ ရာခိုင် နှုန်းမှ ၁ဝ ရာခိုင်နှုန်း၊ Eau de Cologne အမွှေးဆီဒြပ်ပေါင်း ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း ပါဝင်သည်။
အမွှေးဆီ ဒြပ်ပေါင်း အများဆုံးနှင့် အစူးရှဆုံးမှာ Eau de PerFum ဖြစ်၍ ညနေပိုင်းနှင့် ညပိုင်းတွင်သာ သုံးသင့်သည်။ အမျိုးသားသုံး မဟုတ်။
Eau de Toilette မှာ အနည်းငယ်ပျော့၏။ နေ့လယ်ပိုင်းတွင် သုံးရန် သင့်တော်၏။ အမျိုးသားသုံး ရေမွှေးအုပ်စုမှာ ၎င်းအ မျိုးအစားဖြစ်၏။
Eau de Cologne မှာ အမွှေးဆီ ပါဝင်မှုအနည်းဆုံးနှင့် အပျော့ဆုံးဖြစ်သဖြင့် ကိုယ်လက်သန့်စင်ရန် သာကောင်း၏။
သမိုင်းတွင် ပြင်သစ်ဘုရင် ‘လူဝီ ဆယ့်လေး’ သည် ရေမွှေး အလွန်သုံးသဖြင့် သူ့ကို ရေမွှေးဘုရင်ဟု ညွှန်းဆိုကြောင်း သိရသည်။