ဖေ့စ်ဘုတ် လူမှုကွန်ရက်မှာ ပြီးခဲတဲ့ နှစ်တွေတုန်းက “စတိုင်လ်ရှိမှ စတားဖြစ်မယ်” ဆိုတဲ့ အဆိုတော်တဦးရဲ့ MTV ဗီဒီယိုလင့်ခ်တခုကို ကိုယ်ပိုင်ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ တော်တော်များများ ရှယ်ကြ တင်ကြတာကို မှတ်မိကြဦးမယ် ထင်ပါတယ်။
သူကတော့ ချင်းလူမျိုးအဆိုတော် ထန်ပါး ပဲဖြစ်ပါတယ်။ အခု သူ့ရဲ့ “ထန်ပါးစတိုင်လ်” လို့ အမည်ပေးထားတဲ့ ဒုတိယမြောက် တကိုယ်တော် DVD အယ်လ်ဘမ်ကို ဒီ ဇန်နဝါရီလထဲမှာ ဖြန့်ချိတော့မယ်လို့လည်း သိရပါတယ်။
ထူးခြားတာက ဒီ DVD အယ်လ်ဘမ်တခုလုံးရဲ့ တေးရေး၊ တေးဆို၊ ဟာမိုနီ၊ သရုပ်ဆောင်၊ ဒါရိုက်တာ စတာတွေကို အဆိုတော် ထန်ပါး တဦးတည်းကပဲ ဖန်တီးထားတယ်လို့ သိရပါတယ်။
အဲ့ဒီအပေါ် အဆိုတော် ထန်ပါးကို မေးမြန်းကြည့်တော့ “လူငယ်ပိုင်းတွေကို ပညာပေးချင်လို့ပါ။ ကိုယ့်နိုင်ငံမှာ သူများလုပ်တာတွေကိုချည်းပဲ အထင်ကြီးနေပြီး ကိုယ့်ဘာသာလည်း လုပ်လို့ရတာကို အကြံပေးချင်တာပါ။ ကိုယ်ဖန်တီးပြီးမှ ကိုယ့်ဟာနဲ့ကို ယုံကြည်မှုရှိရမှာလေ။ သူများကိုချည်း အကုန်အားကိုးလို့ မရဘူး။ ဂန်းနမ်းစတိုင်လ်ဆိုရင် တကမ္ဘာလုံးကြည့်ကြတာ သန်းပေါင်းမနည်းဘူး။ ကိုယ့်နိုင်ငံသားတွေလည်း မညံ့ဘူးဆိုတာကို သိစေချင်လို့ပါ” လို့ အဆိုတော် ထန်ပါးက ဧရာဝတီကို ပြောပါတယ်။
“ထန်ပါးစတိုင်လ်” ဆိုတဲ့ ဒီဗီဒီ အယ်လ်ဘမ်မှာ သီချင်းအပုဒ်ပေါင်း ၁၁ ပုဒ်ပါဝင်မှာဖြစ်ပြီး ပေါ့ပ်သီချင်းရော အခြားသော သီချင်းပုံစံအစုံပါ ပါဝင်မယ်လို့သိရပါတယ်။
အဆိုတော် ထန်ပါး ဟာ ၂၀၁၄ ခုနှစ်လောက်တုန်းက “စတိုင်လ်ရှိမှ စတားဖြစ်မယ်” ဆိုတဲ့ တကိုယ်တော် တေးစီးရီးတခွေ လည်း ထွက်ရှိထားပါတယ်။
သူ့ရဲ့ တေးစီးရီး အမည်တွေကို ဘာကြောင့် စတိုင်လ်ဆိုတာတွေနဲ့ချည်း ဖန်တီးထားတာလဲ ဆိုတဲ့အပေါ် အဆိုတော် ထန်ပါးက “စတိုင်လ်ရှိမှ စတားဖြစ်မယ်တို့ အခု ထန်ပါးစတိုင်လ်တို့ဆိုတာ အဝတ်အစားကို ကိုယ်နဲ့လိုက်ဖက်တဲ့ စတိုင်လ်မျိုးကို လူငယ်တွေကို ဝတ်ခိုင်းကြည့်ချင်တာ။ နောက်ပြီးတော့ ဒီဘက်ခေတ်မှာ လူငယ်တွေ သီချင်းကအစ ကမ္ဘာနဲ့ နှိုင်းယှဉ်လို့ရအောင် တီထွင်နိုင်မှသာ ကျနော်တို့က ကမ္ဘာကို ထိုးဖောက်နိုင်မှာပါ။ အဲ့ဒါကြောင့် ရည်ရွယ်ထားလို့ပါ။ ဥပမာ – ဂန်းနမ်းစတိုင်လ်ရဲ့အကတွေဆိုရင် အစက အဆန်းတွေချည်း ကတော့ အရူးလို့ထင်ကြတယ်။ တခါ ကျနော် ကြုံဖူးတယ်။ မန္တလေးနဲ့ ရန်ကုန်လမ်းမှာ အဲ့ဒီသီချင်းကို ဖွင့်တော့ ကျနော်တို့က ကြိုက်တယ်။ ဒါပေမယ့် တချို့က မဖွင့်နဲ့ဆိုပြီး စကားများကြတယ်။ အဲ့ဒီတော့မှ ကိုယ့်စတိုင်နဲ့ကိုယ် ဖန်တီးနိုင်မှ ဂန်းနမ်းစတိုင်လ်ဆိုပြီး ကမ္ဘာကျော်တယ်ဆိုပြီး မြန်မာနိုင်ငံသူ နိုင်ငံသားလည်း တီထွင်နိုင်မှ ကမ္ဘာကိုပြနိုင်မှပဲ စတိုင်လ်ရှိရှိ ထူထောင်နိုင်မှာလို့ အကြံပြုချင်လို့ လုပ်ထား တာပါ” လို့ သူက ဆိုပါတယ်။
ဒါ့အပြင် အဆိုတော် ထန်ပါးက သူ လက်ရှိ ဝတ်စားဆင်ယင်နေတဲ့ အဝတ်အစား ဒီဇိုင်းတွေကို ဒီဘက်ခေတ်နဲ့လျော် ညီအောင် ကိုယ့်ဘာသာကိုယ် ဖန်တီးတီထွင်ထားခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
အခု “ထန်ပါးစတိုင်လ်” ဆိုတဲ့ DVD အယ်လ်ဘမ်ကို ဘိုဘိုအင်တာတိန်းမန့်က ဖြန့်ချိမှာဖြစ်တယ်လို့ သိရပါတယ်။