Lifestyle

ရေခဲတောင်ခြေဒေသခံ ဒလောင်တွေရဲ့ ဈေးဝယ်ခရီး

Want create site? Find Free WordPress Themes and plugins.

မြန်မာပြည် မြောက်ဖျားပိုင်း လီဖု ရေခဲတောင်ခြေမှာ နေထိုင်ကြတဲ့ ဒေသခံတွေဟာ တောနက်ကြီးတွေ၊ တောင်တန်းတွေ၊ ချောက်ကမ်းပါးတွေကို ဖြတ်ပြီး ၁ နှစ်ကို ၁ ကြိမ်ထက်မနည်း ပူတာအိုမြို့ပေါ်ကို မဖြစ်မနေ လာကြရပါတယ်။

လီဖု ရေခဲတောင်ခြေက အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ မဒိမ်ရွာသူ ချူအင်းက “ပူတာအိုကိုရောက်ဖို့ လမ်းမှာ ၁၁ ည လောက် အိပ်လာရတယ်။ ၈ ရက်က လမ်းလျှောက်လာတာ။ ကျန်တာက ဆိုင်ကယ်ငှားစီးတယ်” လို့ ပြောပါတယ်။

အေးခဲလွန်းတဲ့ ရာသီဥတုကြောင့် ချူအင်းရဲ့ ပါးနှစ်ဖက်လုံးက နီရဲနေပါတယ်။ နို့နှစ်ရောင်လို ဖြူဆွတ်နေတဲ့ သူ့အသားအရေမှာ ရာသီဥတုအအေးဒဏ်၊ ခရီးကြမ်းကို ဖြတ်လာရတဲ့ဒဏ်တွေကြောင့် ညစ်ပေနေပါတယ်။

ဒေသရဲ့ ရာသီဥတုအပူချိန်က မနက်စောစောနဲ့ ညနေပိုင်းတွေမှာ ၇ ဒီဂရီ ဖာရင်ဟိုက် ဝန်းကျင်ပဲ ရှိတာကြောင့် အအေးဓာတ်ကဲနေပြီး ပတ်ဝန်းကျင် တခွင်လုံးကို မြူတွေက ဝိုင်းပတ်ထားပါတယ်။

ချူအင်းရဲ့ဇာတိ မဒိမ်ရွာကလေးက အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံကို ကာရံတားဆီးထားတဲ့ ဟိမဝန္တာတောကြီးအလွန် ရေခဲတောင်တန်းတွေရဲ့ အောက်ခြေမှာ တည်ရှိပါတယ်။ ချူအင်းနဲ့အတူ မဒိမ်ရွာသူရွာသား ၂၀ ကျော်ဟာ ပူတာအိုမြို့ကို သွားဖို့ ခရီးထွက်လာကြတယ်လို့ ဆိုပါတယ်။
“ငါတို့ရွာမှာ ဆန်မရှိလို့ ပူတာအိုကို လာဝယ်ကြတာ” လို့ ချူအင်းက ပြောပါတယ်။

မဒိမ်ရွာဟာ မြန်မာနိုင်ငံ ပိုင်နက်ထဲမှာရှိပြီး ကချင်ပြည်နယ်၊ နောင်မွန်မြို့နယ်ထဲမှာ ပါဝင်ပါတယ်။ နောင်မွန်မြို့နယ် ပိုင်ထဲက အစွန်ဆုံး ရွာတရွာလို့ ဆိုရမှာ ဖြစ်ပါတယ်။

သား၊ ရဝမ်မျိုးနွယ်စုတွေထဲက ဒလောင်အုပ်စုထဲမှာ ထည့်သွင်း သတ်မှတ်ထားပြီး၊  နိုင်ငံသား မှတ်ပုံတင်တွေလည်း ထုတ်ပေးထားတယ်လို့ သိရပါတယ်။

ချူအင်းတို့က သူတို့ကိုယ်သူတို့ ကချင်မျိုးနွယ်စုတွေလို့ မသတ်မှတ်ကြဘူး ဆိုပါတယ်။ ချူအင်းရဲ့ဖခင်ဖြစ်သူ အသက် ၅၀ အရွယ်ရှိတဲ့ ရင်ဇင်းဒေါ်ဂျီက “ကျနော့် ဘိုးဘေးတွေက တိဘက်က။ ကျနော်တို့က တိဘက်တွေ။ ရေခဲတောင်ကို ကျော်ပြီး ဒီဘက်ကို ပြောင်းလာကြတာ။ သူတို့ ဘာ့ကြောင့် ဒီဘက်ကို အခြေချ ပြောင်းလာကြလဲတော့ ကျနော် မသိတော့ဘူး” လို့ ဆိုပါတယ်။

ကချင်တိုင်းရင်းသား မျိုးနွယ်စု အားလုံးနီးပါး ခရစ္စယာန်ဘာသာကို ကိုးကွယ်ကြပေမယ့် မြန်မာအစိုးရက ဒလောင် မျိုးနွယ်စုလို့ သတ်မှတ်ထားပြီး သူတို့ကိုယ်သူတို့ တိဘက်တွေလို့ ပြောကြတဲ့ ရင်ဇင်းဒေါ်ဂျီတို့ မျိုးနွယ်စုတွေက ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသူများ ဖြစ်ပါတယ်။
ဒါ့အပြင် ထူးခြားချက်တခုက သူတို့ ဘိုးဘွားတွေဟာ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားကို ကိုးကွယ်ကြပြီး တိဘက်ရိုးရာ ရာဇဝင်တွေကိုလည်း အိပ်ယာဝင် ပုံပြင်တွေလို လက်ဆင့်ကမ်း ပြောပြဖူးတယ်လို့ ရင်ဇင်းဒေါ်ဂျီက ဆိုပါတယ်။

လီဖု ရေခဲတောင်က ခါကာဘိုရာဇီ ရေခဲတောင်နဲ့ တကြောတည်း ဆက်စပ်နေတဲ့ ရေခဲတောင်တခုပါ။ လီဖု ရေခဲတောင်ခြေ ရွာကလေးတွေဖြစ်တဲ့ မဒိမ်ရွာနဲ့ တဟွန်ဒမ်ရွာတွေမှာ သူတို့ကိုယ်သူတို့ တိဘက်လူမျိုးတွေလို့ ခံယူထားပြီး တိဘက်စကား ပြောဆိုကြတဲ့ လူဦးရေ ၂၀ဝ ကျော် နေထိုင်ကြပါတယ်။

ဒလောင် အမျိုးသမီးတွေရဲ့ အသားအရည်က နို့နှစ်ရောင်၊ ဆင်စွယ်ရောင်လို ဖြူဖွေးပြီး ဒလောင် အမျိုးသမီးတိုင်းရဲ့ ပါးအစုံက နီရဲနေပါတယ်။ ပါးမို့ နီနီရဲရဲတွေနဲ့ နက်မှောင်ဖြောင့်စင်းနေတဲ့ ဆံပင်တွေကို ပိုင်ဆိုင်ထားကြတဲ့ ဒလောင် အမျိုးသမီးတွေရဲ့အလှက တမျိုးတဖုံ ကြည့်လို့ ကောင်းနေပါတယ်။

အမျိုးသား အများစုကတော့ မျက်နှာအနေအထား လေးထောင့်ကျကျနဲ့ အနက်ရောင်မကျ အညိုရောင်မကျတဲ့ မျက်လုံးအစုံကို ပိုင်ဆိုင်ထားကြတာမို့ သူတို့ရဲ့ရုပ်သွင်ပြင်က တခြား ကချင်တိုင်းရင်းသားတွေရဲ့ ရုပ်သွင်ပြင်နဲ့ ကွဲပြားခြားနား နေပါတယ်။

ဒလောင် မျိုးနွယ်စုတွေက သူတို့အချင်းချင်း တွေ့ဆုံကြရင် တိဘက် ဘာသာစကားကို ပြောဆိုကြပြီး ကချင် တိုင်းရင်းသား၊ ရဝမ်မျိုးနွယ်စုတွေနဲ့ တွေ့ဆုံချိန်မှာတော့ ရဝမ် ဘာသာစကားနဲ့ ပြောဆို ဆက်သွယ်ကြပါတယ်။ တချို့ကတော့ ဗမာစကားကို အနည်းငယ် ပြောတတ်တာကို တွေ့ရပါတယ်။

ရင်ဇင်းဒေါ်ဂျီက သူတို့နေထိုင်တဲ့ မဒိမ်ရွာက ရေခဲတောင်ရဲ့ အခြေပိုင်း ဖြစ်တာကြောင့် ဆန်စပါးနဲ့ သီးပင်စားပင်တွေ စိုက်ပျိုးလို့ မရဘူးလို့ ပြောပါတယ်။ သူတို့ဒေသမှာ စပါးစိုက်ပျိုးဖို့အတွက် မြေနေရာ မကောင်းသလို မြူတွေ နှင်းတွေကြောင့်လည်း စပါးပင်တွေက မရှင်သန်နိုင်ဘူးလို့ ဆိုပါတယ်။ ဆန်အစား ဂျုံ၊ ပြောင်း၊ ဆပ်တွေကိုပဲ စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် သူတို့ နေရပ်ဒေသကနေ မိုင်ရာချီဝေးတဲ့ ပူတာအိုမြို့ကို ခြေလျင်တတန်၊ ဆိုင်ကယ်တတန် ခရီးနှင်ပြီး ဈေးလာဝယ်ကြရတယ်လို့ ရင်ဇင်းဒေါ်ဂျီက ပြောပါတယ်။ ဆန်ဝယ်ဖို့အတွက် သူတို့ရဲ့ဒေသ မဒိမ်ရွာကနေ တဟွန်ဒမ်ရွာ၊ တဇုန်ရွာ၊ တအမ်ထုရွာ၊ ကဝိုင်းရွာ၊ ဝမ်ဆီးဝမ်ရွာ၊ ငဝါရွာ၊ လုံးနပ်ရွာ၊ ပန်နန်းဒင်မြို့နယ်ခွဲနဲ့ ဆိန်ဆမ်ရွာ တွေကိုဖြတ်ပြီး လမ်းလျှောက် လာကြရတယ်လို့ ဆိုပါတယ်။

သူတို့ လမ်းလျှောက် ဖြတ်သန်းလာရတဲ့ ရွာတွေကလည်း တရွာနဲ့တရွာ ထိစပ်နေတာမျိုး မဟုတ်ဘဲ ခရီးလမ်းကြားမှာ ၆ မိုင်ကနေ ၈ မိုင်ခန့် ကွာဝေးတယ်လို့ ဆိုပါတယ်။ ခရီးလမ်းဟာ အလွန်ကြမ်းတမ်းပြီး တရွာကနေ နောက်တရွာကို ရောက်ရှိဖို့ လမ်းခရီးမှာ သစ်ပင်တွေ ထူထပ်စွာပေါက်နေတဲ့ ကျောက်တောင်တွေ၊ လူတယောက် လမ်းလျှောက်စာ သာသာရှိတဲ့ ချောက်ကမ်းပါးလမ်းတွေကို ဖြတ်ကျော်လာရတယ်လို့ ဆိုပါတယ်။

တောင်တန်းတွေကို ကွေ့ပတ်ဖြတ်သန်းပြီး ရေအောက်ထိ မြင်ရလောက်အောင် ကြည်လင်အေးမြနေတဲ့ ချောင်းတွေကို ဖြတ်သန်းနိုင်ဖို့ ခြေနင်းအဖြစ် ဝါး ၃ လုံး ခင်းထားပြီး ကြိမ်ကြိုးတန်းတွေနဲ့ သွယ်တန်းထားတဲ့ လှုပ်လီလှုပ်လဲ့ ကြိုးတံတား ကျဉ်းကျဉ်းတွေကိုလည်း ဖြတ်သန်းပြီး လာခဲ့ရတယ်လို့ ရင်ဇင်းဒေါ်ဂျီက ဆိုပါတယ်။

ပူတာအိုကို ဈေးဝယ်လာကြတဲ့ သူတို့ရဲ့ခရီးလမ်းက သဘာဝ တောတောင် အခက်အခဲတွေတင် မကပါဘူး။ မြွေအန္တရာယ်ကိုလည်း သတိထားရကြတယ်လို့ ပြောပါတယ်။ တောတွေတောင်တွေ ကြားထဲက ရွာတွေကိုဖြတ်ပြီး ကားလမ်း၊ ဆိုင်ကယ်လမ်းပေါက်တဲ့ ဆိန်ဆမ်ရွာကိုရောက်ဖို့ လမ်းမှာ ၈ ညအိပ် ၉ ရက် ကြာတယ်လို့ ရင်ဇင်းဒေါ်ဂျီက ဆိုပါတယ်။

ညဘက်တွေမှာတော့ ရွာတွေနဲ့နီးရင် ဒေသခံအိမ်တွေမှာ ခွင့်တောင်းအိပ်ကြပေမယ့် တောတွေတောင်တွေထဲမှာ မိုးချုပ်သွားရင်တော့ မီးဖိုပြီး အိပ်ကြတယ်လို့လည်း သူကပြောပါတယ်။  ဒလောင်တွေက ရဝမ်မျိုးနွယ်စုတွေ နေထိုင်ကြတဲ့ ဆိန်ဆမ်ရွာကို ရောက်တာနဲ့ ရဝမ်တိုင်းရင်းသား ဒေသခံတွေဆီက ဆိုင်ကယ် ကယ်ရီတွေငှားပြီး ပူတာအိုမြို့ကို ဈေးဝယ်ဖို့ ခရီးဆက်ကြပါတယ်။

ဆိုင်ကယ်ကယ်ရီ ငှားလို့ရတဲ့ ဆိန်ဆန်ရွာ၊ ပန်နန်းဒင်မြို့နယ်ခွဲနဲ့ ကောလဲ့ရွာတွေမှာ စားသောက်ကုန်တွေ၊ အိမ်သုံးပစ္စည်းတွေ၊ သောက်ရေသန့်ဘူးတွေကို ရွာထဲက ကုန်စုံဆိုင်တွေမှာ ခင်းကျင်းရောင်းချ နေပေမယ့် ဈေးနှုန်း မချိုသာတာကြောင့် ဒလောင်လူမျိုးတွေက သူတို့ရဲ့ရိက္ခာကို ပူတာအိုမြို့ထိ ရောက်အောင် သွားရောက်ဝယ်ကြတာလို့ သိရပါတယ်။

ကုန်စုံဆိုင်တွေမှာ ရောင်းချနေတဲ့ ရယ်ဒီမိတ် လက်ဖက်ထုတ်၊ ပဲထုတ်၊ အသားဘူးတွေက လမ်းပန်း ဆက်သွယ်ရေး ကောင်းတဲ့ တခြားမြို့တွေမှာ ဈေးသက်သက်သာသာ ရနိုင်ပေမယ့် နောင်မွန်မြို့နယ်ထဲက နောင်မွန်မြို့ အပါအဝင် ရွာတွေတိုင်းမှာ သက်တမ်း ကုန်ဆုံးရက် ကျော်နေတဲ့ ပစ္စည်းအများစုကိုသာ ဝယ်ယူရရှိနိုင်ပြီး ဈေးနှုန်းကလည်း အဆမတန် မြင့်မားနေတာကြောင့်လည်း ပါဝင်ပါတယ်။

မြို့ကြီးတိုင်းမှာ ငွေကျပ် ၁၅၀ ကနေ ၂၀ဝ အတွင်းသာ ပေးရတဲ့ သောက်ရေသန့် တံဆိပ်မျိုးစုံ တဘူးကို နောင်မွန် မြို့နယ်ထဲကို ရောက်ရှိချိန်မှာတော့ တဘူးကို ငွေကျပ် ၁၀ဝ၀ နဲ့ ဝယ်ယူရပါတယ်။

ဒါ့အပြင် ဟင်းချက်ရာမှာ မပါမဖြစ် ထည့်ချက်ကြတဲ့ ကြက်သွန်နီ၊ ခရမ်းချဉ်သီးတွေကိုလည်း အချိန်အတွယ်နဲ့ ရောင်းဝယ်ကြတာ မဟုတ်ဘဲ ၁ လုံး၊ ၂ လုံးလောက်ကို ကျပ်ငွေ ၅၀ဝ နဲ့ ဝယ်ယူရပါတယ်။ ၁၀ဝ ကျပ်တန် ဆားတထုပ်ကို ကျပ်ငွေ ၁၀ဝ၀ ပေးဝယ်ရပါတယ်။

နောင်မွန်မြို့ ဒေသခံ ဦးဖုန်းလတ်က “ခရမ်းချဉ်သီးက အချိန်တိုင်း မရဘူး။ ရောက်ပြီဆို ဝယ်ကြတာ၊ နောက်ကျတာနဲ့ ကုန်ပြီ။ ပန်နန်းဒင်ရွာ ကျော်သွားရင် ကြက်သွန်နီတို့ ခရမ်းချဉ်သီးတို့ဆိုတာ အဲဒီကလူတွေ မမြင်ဖူးကြတော့ဘူး” လို့ ဆိုပါတယ်။

နောင်မွန်မြို့နယ်ထဲမှာ စားသောက်ကုန် ဈေးနှုန်းတွေက အဆမတန် မြင့်မားနေပေမယ့် ရောင်းချတဲ့ ဒေသခံ ကုန်စုံဆိုင်ပိုင်ရှင်တွေ အနေနဲ့လည်း လမ်းစရိတ်နဲ့ ပြန်တွက်ချက်လိုက်ရင် ထိုက်ထိုက်တန်တန် အမြတ်ရကြတာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

နောင်မွန် မြို့နယ်ထဲက ရဝမ်မျိုးနွယ်စုတွေက မိသားစု စားနပ်ရိက္ခာအဖြစ် တနိုင်တပိုင် ဆန်စပါး စိုက်ပျိုးကြပြီး ကြက်၊ ဝက်၊ နွားတွေကို မွေးကြပါတယ်။ ချောင်းတွေကို မှီပြီး ငါးတွေကို ရှာဖွေစားသောက် ကြတာကို တွေ့ရပါတယ်။

ဒလောင်မျိုးနွယ်တွေ နေထိုင်ကြတဲ့ ရေခဲတောင်ခြေမှာ အအေးဒဏ် ခံနိုင်တဲ့ ရေခဲငါးတွေ၊ တောင်ဆိတ်၊ ဂျီ၊ ဝက်ဝံ၊ သမင်နဲ့ ကတိုးကောင်တွေကို အမဲလိုက်ပြီး ရိက္ခာအဖြစ် ဖန်တီးကြတယ်လို့ ပြောပါတယ်။

ဒလောင်မျိုးနွယ်တွေဟာ ပူတာအိုမြို့ကို ရောက်ရှိတဲ့အခါ လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ တွေကို အဓိက ဝယ်ယူကြပါတယ်။

ရင်ဇင်းဒေါ်ဂျီနဲ့ ချူအင်းတို့ သားအဖက သူတို့ ဒလောင်တွေရဲ့ ဈေးဝယ်ခရီးမှာ သတ်မှတ်ထားချက်အရ အိမ်အပြန်မှာ အမျိုးသားတွေက ဆန် ၂ ပုံး၊ ပဲ၊ ဆီ၊ ဆား နဲ့ တခြားလိုအပ်တဲ့ ရိက္ခာတွေကို ထမ်းရပြီး အမျိုးသမီး ဈေးဝယ်သူတွေက ဆန် ၁ ပုံးခွဲ အနည်းဆုံး ထမ်းကြရတယ်လို့ ပြောပါတယ်။

ဆန် ၁ ပုံး၊ ၂ ပုံး စတဲ့ အချိန်အတွယ်တွေက နောင်မွန်းမြို့နယ်ထဲက ရဝမ် တိုင်းရင်းသားတွေရဲ့ ရွာဓလေ့အရ ခေါ်ဝေါ်သတ်မှတ်တဲ့ အချိန်အတွယ် သတ်မှတ်ချက် တခုပါ။ ဆန် ၁ ပုံးမှာ ဆန်နို့ဆီခွက် အလုံး ၆၀ ပါဝင်ပါတယ်။

မြို့ပေါ်က အချိန်အတွယ်နဲ့ ပြန်တွက်ချက်မယ်ဆိုရင် ဆန် ၁ ပုံးမှာ ၇ ပြည်ခွဲ ရှိပါတယ်။ ဆန် ၂ ပုံး ဆိုရင်တော့ ၁၅ ပြည်ပါ။ ဆန် ၁ ပုံးကို ကျပ်ငွေ ၃ သောင်း ဝန်းကျင်ပေးပြီး ဝယ်ယူကြရတာကို တွေ့ရပါတယ်။

ဒလောင်တွေ ဈေးဝယ်ပြီး အိမ်အပြန်ခရီးမှာ သယ်လာတဲ့ ရိက္ခာတွေနဲ့ တောတောင်တွေ ဖြတ်တဲ့အခါ၊ ချောက်ကမ်းပါးတွေပေါ် လမ်းလျှောက်တဲ့အခါ ပြုတ်မကျခဲ့အောင် သတိထား သွားလာရတယ်လို့ ရင်ဇင်းဒေါ်ဂျီက ပြောပါတယ်။ သူတို့ရဲ့ ဈေးဝယ်ခရီး အပြန်လမ်းမှာ မိသားစု စားသောက်ဖို့ ရိက္ခာတွေ ပါတာကြောင့် ပိုပြီး ဂရုစိုက်ရတယ်လို့ ဆိုပါတယ်။

ချူအင်းက “ဆန်ကိုတောင်းနဲ့ ကျောမှာပိုးတယ်။ အရင်ကတော့ မနိုင်ဘူး။ အခုတော့ သယ်နိုင်ပြီ” လို့ ပြောပါတယ်။

နွေရာသီနဲ့ ဆောင်းရာသီရဲ့ ဈေးဝယ်ခရီးက ပုံမှန်သွားလာနေကြမို့ အဆင်ပြေပေမယ့် မိုးတွင်းဆိုရင်တော့ တောတောင်တွေ ကျော်ဖြတ်ရတဲ့အခါ ရွှံ့ဗွက်တွေ ထူတဲ့အပြင် ကျွတ်တွေကလည်း ချုံ့နွယ်တွေရဲ့ နေရာတိုင်းမှာ ရှိတယ်လို့ ဆိုပါတယ်။

ဒလောင်တွေက ပူတာအိုမြို့ကို တနှစ်မှာ ၃ ကြိမ်ကနေ ၄ ကြိမ်ခန့် စားနပ်ရိက္ခာအတွက် ဈေးလာဝယ်ကြတယ်လို့ ဆိုပါတယ်။ ဈေးလာဝယ်နိုင်ဖို့အတွက် တနှစ်ပတ်လုံးထဲက ကျန်တဲ့အချိန်တွေကို ရေခဲတောင်ခြေမှာ ပေါက်တဲ့ ဆေးမြစ်တွေကို ရှာဖွေတူးဖော် ရာင်းချပြီး ဝင်ငွေရှာကြတယ်လို့ ဆိုကြပါတယ်။

ဒလောင် အမျိုးသားတွေက ရေခဲတောင်၊ တောင်ခြေမှာ ပေါက်လေ့ပေါက်ထရှိတဲ့ ခမ်းတောက်မြစ်၊ ရှာ့ချီ၊ မချစ်ဥနဲ့ ပိုးနွယ်ရှင် တမျိုးဖြစ်တဲ့ ရှီးပဒီးတွေကို ရှာဖွေကြပါတယ်။ ရေခဲတောင်က ရရှိတဲ့ ဆေးမြစ်၊ ဆေးဥတွေကို ပူတာအိုကို ဈေးဝယ်လာရင်း ရောင်းချသလို တရုတ်ပြည်ဘက်က အဝယ်တော်တွေကိုယ်တိုင် ပူတာအို၊ နောင်မွန်းမြို့အထိ လာရောက် ဝယ်ယူတာလည်း ရှိတယ်လို့ ဆိုပါတယ်။

တဟွန်ဒမ်ရွာက အသက် ၂၅ နှစ်အရွယ် အမျိုးသား လာဒါးက “ရှာ့ချီက တရုတ်တွေ ကျနော်တို့ဆီ တိ်ုက်ရိုက် လာဝယ်တယ်။ တချီကို ယွမ် ၃၂၀ (မြန်မာငွေ ခြောက်သောင်းကျော်) ရတယ်” လို့ ပြောပါတယ်။ (တချီမှာ တရုတ် အချိန်အတွယ် ဖြစ်ပြီး သုံးချီလျှင် မြန်မာအချိန်အတွယ် တပိဿာနှင့် ညီမျှသည်။)

ခမ်းတောက်မြစ်၊ ရှီးပဒီးနဲ့ ရှာ့ချီ ဆေးမြစ်ဆေးဥတွေကို ဒလောင်တွေက ရှာဖွေ၊ အခြောက်လှမ်းပြီးမှ ပိဿာချိန်နဲ့ အဝယ်တော်တွေဆီ ပြန်လည် ရောင်းချကြတာပါ။ သူတို့က ဆေးမြစ်ဆေးဥတွေကို ဝင်ငွေအတွက် ရှာဖွေကြပေမယ့် ဘယ်လိုဘယ်ပုံ အသုံးဝင်တယ် ဆိုတာကို မသိရှိကြဘူးလို့ ဆိုပါတယ်။

ပူတာအိုမြို့က ဆေးမြစ်ဆေးဥတွေကို ဖော်စပ်ပြီးရောင်းတဲ့ ကချင် တိုင်းရင်းဆေး ဆိုင်တွေမှာ ခမ်းတောက်မြစ်က ချောင်းဆိုးပျောက်ဖို့ သုံးရန်ဆိုပြီး စာကပ် ရောင်းချနေပါတယ်။ ရှီးပဒီး ပိုးဆေးနွယ်ရှင်ကို အမျိုးသားများ အာရုံကြောရောဂါ၊ ယောကျာ်း မပီသသော ရောဂါနဲ့ ပန်းသေပန်းညိုး ပျောက်ဆေးအတွက်ဆိုပြီး သီးသန့် ရောင်းချသလို ဂျင်ဆင်း၊ တခြား သစ်ဥသစ်ဖုတွေနဲ့ တွဲပြီး အရက်နဲ့ ဆေးစိမ်သောက်ဖို့လည်း ရောင်းချတာကို တွေ့ရပါတယ်။

ဒလောင်တွေက သူတို့ရဲ့ တနှစ်တာ အချိန်တွေကို ရိက္ခာစုဆောင်းဖို့အတွက် အများဆုံး အသုံးချနေတယ်လို့ ဆိုပါတယ်။ ဆေးမြစ်ဆေးဥ ရောင်းလို့ရတဲ့ငွေနဲ့ မိသားစုတွေ ရိက္ခာလာဝယ်လိုက် ရိက္ခာတွေသယ်ပြီး တောတွေ တောင်တွေကိုဖြတ်ပြီး အိမ်ပြန်လိုက်နဲ့ တနှစ်ပြီးတနှစ်ကို ဖြတ်သန်းနေကြတယ်လို့ ဆိုပါတယ်။

တချို့ ဒလောင်မိဘတွေက သားသမီးတွေကို ဆေးမြစ်ဆေးဥ ရှာခိုင်းတဲ့ အလုပ်တွေ မခိုင်းစေဘဲ ပူတာအိုမြို့ပေါ်မှာ ကျောင်းထားကြတာတွေလည်း ရှိတယ်လို့ လာဒါးက ပြောပါတယ်။ ကျောင်းထားကြတဲ့ ဒလောင်မိဘတွေရဲ့ ရည်ရွယ်ချက်က သူတို့ သားသမီးတွေကို ဒီလို ခက်ခက်ခဲခဲ မြို့တက်ပြီး ဈေးဝယ်တဲ့အလုပ်ကို မလုပ်စေချင်တာရယ်၊ မြို့ပေါ်မှာ အလုပ်လုပ်ကိုင် စေလိုတာရယ်ကြောင့်လို့ ဆိုကြပါတယ်။ တချို့ ဒလောင်မိဘတွေကတော့ စာတတ်စေချင်လို့ ဆိုပြီး ပြောကြပါတယ်။

လာဒါးက သူ့အသိတွေထဲမှာ ပူတာအိုမြို့မှာ ကျောင်းတက်ပြီး ဟိုတယ်ဝန်ထမ်းအလုပ် ဝင်ရောက်လုပ်ကိုင်နေသူတွေ၊ ရန်ကုန်မြို့မှာ အလုပ် လာလုပ်နေတဲ့ သူတွေလည်း ရှိတယ်လို့ ပြောပြပါတယ်။

ရင်ဇင်းဒေါ်ဂျီကလည်း  ဆေးမြစ်ဆေးဥ ရှာလို့ရတဲ့ ဝင်ငွေနဲ့ သူ့သား တယောက်ကို ပူတာအိုမှာ ကျောင်းထားထားတာ ၈ တန်းရှိပြီလို့ ပြောပါတယ်။ သူ့သားနဲ့ ပတ်သက်ပြီး မိဘတဦးဖြစ်တဲ့အလျောက် မျှော်လင့်ချက် အိပ်မက်တွေ ရှိပေမယ့် ဖြစ်မလာသေးတာတွေမို့ နှုတ်ကတော့ ထုတ်မပြောဝံ့ဘူးလို့လည်း သူကပြုံးရင်း ဆိုပါသေးတယ်။

အနာဂတ်အတွက် ရည်မှန်းချက်က ဘာတွေလဲဆိုတော့ “ပိုက်ဆံများများ ရှိရင် မိသားစုနဲ့ မြို့ဘက်မှာ ပြောင်းနေဖို့ စဉ်းစားနေတယ်” လို့ ရင်ဇင်းဒေါ်ဂျီက သူ့ရဲ့ပါးအစုံက အရေပြားတွေ တွန့်သွားသည်ထိ ရယ်မောရင်း ပြောပြပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading