ဘာသာပေါင်းစုံ ချစ်ကြည်ရေး တည်ဆောက်နေဆဲ အခုလို ကာလမှာ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးကို ဦးတည်တဲ့ စာအုပ်တအုပ် အကြောင်း ညွှန်းချင်ပါတယ်။ ဒေါက်တာ မြင့်သိန်း (ငြိမ်းချမ်းလုလင်) ရဲ့ “ပြည်ထောင်စုသား မွတ်စလင်များ” စာအုပ် ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် သြဂုတ်လက ထုတ်ဝေခဲ့တဲ့ ဒီစာအုပ်မှာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်တဲ့ မွတ်စလင်တွေနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်း၊ နိုင်ငံသားဖြစ်မှု မဖြစ်မှု၊ လွတ်လပ်ရေး ကြိုးပမ်းမှုတွေ၊ လက်ရှိအချိန်မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို အထောက်အထား ပြည့်ပြည့်စုံစုံနဲ့ တင်ပြထားပါတယ်။
ငြိမ်းချမ်းလုလင်ရဲ့ အမှာစာမှာ “တိုင်းပြည်ချစ်စိတ်ကို ဗဟိုပြု၍ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းများတွင် လူသားအရင်းအမြစ်များကို စနစ်တကျ အသုံးချနိုင်ရေး၊ ကိုးကွယ်ရာ ဘာသာကို အကြောင်းပြု၍ နိုင်ငံသားတိုင်း မူလ နိုင်ငံသားအခွင့်အရေးများ မဆုံးရှုံးစေရေး၊ ခွဲခြားဆက်ဆံမှုများ ပပျောက်ရေး၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး” စတဲ့ ရည်ရွယ်ချက်တွေနဲ့ ရေးသားတယ်လို့ ဆိုထားပါတယ်။
ဒီစာအုပ်မှာ အဓိက အခန်း (၈) ခန်းပါဝင်ပြီး ခေတ်အလိုက် နေထိုင်လာခဲ့တဲ့ မွတ်စလင်တွေ အကြောင်း ရေးသားထားတာ စိတ်ဝင်စားစရာပါ။ ရှေးမြန်မာမင်းများ လက်ထက် ဗြိတိသျှကိုလိုနီခေတ်၊ လွတ်လပ်တဲ့ မြန်မာနိုင်ငံနှင့် မြန်မာမွတ်စလင်တို့၏ အခန်းကဏ္ဍ၊ တော်လှန်ရေးကောင်စီနှင့် လမ်းစဉ်ပါတီခေတ်၊ တပ်မတော် အစိုးရခေတ်၊ အရပ်သားအစိုးရ လက်ထက် မွတ်စလင်တွေနဲ့ ပတ်သက်တာတွေကို ခေတ်အလိုက်၊ ဖြစ်စဉ်တွေ အလိုက် ရေးသားထားပါတယ်။
ပုဂံခေတ်နဲ့ ဆက်စပ်လို့ “ပုဂံမင်း အနိရုဒ္ဓ (သို့မဟုတ်) အနော်ရထာ (အေဒီ ၁၄၄-၁၀၇၇) သည် လူမျိုး၊ ဘာသာမရွေး၊ ပင်ကိုယ် အရည်အချင်း ရှိက ထိုက်တန်စွာ သူကောင်း ပြုချီးမြှင့်ခဲ့ရာ ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလက်ဖယ်နှင့် ညောင်ဦးဖီး ဟူ၍ ပုဂံသူရဲကောင်း ၄ ဦး ရှိနေခဲ့သည်။ သထုံမှ ပုဂံသို့ ရောက်လာသော ဗျတ္တမှာ အာရပ်လူမျိုးတဦး ဖြစ်ပြီး ပင်ကိုယ် အရည်အချင်းကြောင့် ပုဂံ၏ ပဉ္စမမြောက်သူရဲကောင်း “ခြေမြန်တော်” အဖြစ် ချီးမြှင့်ခြင်း ခံခဲ့ရကြောင်း သမိုင်းပညာရှင် ဒေါက်တာ ခင်မောင်ညွန့်က ဖော်ပြထားသည်” လို့ စာမျက်နှာ ၁၄ မှာ ရေးသားထားပါတယ်။
မြိတ်နဲ့ တနင်္သာရီ၊ မွန်ဒေသတို့က မွတ်စလင်တွေ၊ အနောက်ဘက်လွန်မင်း ထက်ထက်၊ သာလွန်မင်း လက်ထက်၊ ပင်းတလဲမင်းနဲ့ ပြည်မင်းလက်ထက်၊ အင်းဝဘုရင် စနေမင်း လက်ထက် မွတ်စလင်တွေ၊ ရခိုင်ဒေသက မွတ်စလင်တွေ အလောင်းဘုရားလက်ထက်၊ ဘိုးတော်ဘုရားလက်ထက်၊ ဘကြီးတော်မင်းလက်ထက်၊ သာယာဝတီမင်း လက်ထက်၊ ပုဂံမင်းလက်ထက်၊ မင်းတုန်းမင်းလက်ထက်၊ သီပေါမင်း လက်ထက် အဆက်ဆက် နေထိုင်ခဲ့တဲ့ မွတ်စလင်တွေရှိခဲ့ကြောင်း သမိုင်း အထောက်အထားတွေနဲ့ ရေးသားထားပါတယ်။
ရတနာပုံ မန္တလေးမြို့သစ်တည်ဆောက်ရာမှာ မွတ်စလင်တွေ ပါဝင်ခဲ့သလို မင်းတုန်းမင်းတရားကြီးက မြန်မာပြည် ကနေ အာရေဗျပြည်၊ မက္ကာမြို့ကို ဘုရားဖူးသွားကြတဲ့ မွတ်စလင်တွေ အတွက် ဒေါင်းတံဆိပ်ခတ် မြန်မာဇရပ်ကြီး လှူဒါန်းပေးခဲ့ပြီး ၁၈၆၀ ခုနှစ်ခန့်မှာ ပြီးစီးခဲ့ကြောင်း ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက် ကျရောက်ပြီးနောက် လွတ်လပ်ရေးကြိုးပမ်းမှုမှာ မွတ်စလင်တွေ ပါဝင်ခဲ့သလို ဆရာကြီး ဦးရာဇာတ်ရဲ့ အခန်းကဏ္ဍတွေ ကိုလည်း ရေးသားထားပါတယ်။
၁၉၂၀ ခုနှစ် ပထမကျောင်းသားသပိတ်ကို စတင်တဲ့ ကျောင်းသား ၁၁ ဦးမှာ ဦးဘရှင် (သံတွဲ) ဟာ မွတ်စလင် ဖြစ်တယ် ဆိုတာ သိရပါတယ်။ ၉-၈-၄၁ ခုနှစ် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ရန်ကုန်မြို့ အတွင်းဝန်များရုံး၊ မြန်မာနိုင်ငံတော် တိုင်းပြည်ရေးရာ ပြန်ကြားမှုဝန် ကြေညာချက်မှာ “၁၉၄၁ ခုနှစ်သန်းခေါင်စာရင်းနှင့် အစီရင်ခံစာတွင် “ဇေရဘာဒီ” ဆိုသော စကားအစား “မြန်မာမွတ်စလင်” ဟူသော အမည်ကို အသုံးပြုရန် ဆုံးဖြတ်ပြီးပြီ ဖြစ်ကြောင်းနှင့် ပြောပြကြောင်း” လို့ ဖော်ပြထားပါတယ်။
နိုင်ငံတော်သမ္မတ ဒေါက်တာဘဦးရဲ့ သဝဏ်လွှာ (၂၈-၁၂-၁၉၅၆) မှာ “ပြည်ထောင်စု အတွင်း မှီတင်း နေထိုင်ကြသော အစ္စလမ်ဘာသာဝင် အပေါင်းတို့သည် အမှန်စင်စစ် တိုင်းရင်းသားများ ဖြစ်ပေသည်” လို့ ပါရှိပါတယ်။ ၁၉၈၃ ခုနှစ်မှာတော့ ဖဆလအစိုးရက မွတ်စလင်နဲ့ ဆက်စပ်နေတဲ့ လူမျိုး ၉ ခုကို ပယ်ဖျက်ခဲ့ပြီး တိုင်းရင်းသား ၁၃၅ မျိုးလို့ သတ်မှတ်ခဲ့တဲ့အချက်ဟာ စိတ်ဝင်စားစရာပါ။
၁၉၈၈ ခုနှစ် စက်တင်ဘာလမှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးတဲ့နောက် မွတ်စလင်တွေဟာ မှတ်ပုံတင်ပြုလုပ်ရာမှာ လူမျိုးနေရာမှာ “ဗမာ” လို့ ထည့်သွင်းခွင့်ကို ငြင်းပယ်ခံခဲ့ရတာကို ဆက်လက် ဖော်ပြထားပါတယ်။ မိဘနှစ်ပါးစလုံးက နိုင်ငံသားတွေဖြစ်ပေမယ့်၊ အစ္စလာမ်ဘာသာ ကိုးကွယ်သူဖြစ်တာနဲ့ မှတ်ပုံတင်ရဖို့ ခဲယဉ်းတာတွေ ရှိလာတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ၂၀၁၄ ခုနှစ် တနိုင်ငံလုံး အတိုင်းအတာနဲ့ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းမှာ မွတ်စလင်တွေက လူမျိုးနေရာမှာ “ပသီ” လို့ ဖြည့်ခဲ့တာ ဖြစ်ကြောင်း ရှင်းလင်းထားပါတယ်။
ဒီနေရာမှာ စောဒက တက်စရာရှိတာက နိုင်ငံတွင်းက မွတ်စလင်တွေ တိုင်းရင်းသား ဖြစ်၊ မဖြစ် ဆိုတဲ့ကိစ္စပါ။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၃ မှာ “နိုင်ငံတော်တွင် ပါဝင်နေသော နယ်မြေတခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားဖြစ်သည်” လို့ ဖော်ပြထားတာ ပါ။
အစ္စလမ် ဘာသာကို ကိုးကွယ်ကြတဲ့ ပသီ၊ မြေဒူး၊ ဗမာမွတ်စလင်၊ ပန်းသေး၊ ကမန်၊ ကသည်း လူမျိုးတွေဟာ ၁၈၂၃ ခုနှစ် (အင်္ဂလိပ်- မြန်မာပထမစစ်ပွဲ) မတိုင်မီကတည်းက မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ သမိုင်းအထောက် အထားတွေ ရှိခဲ့တာကို စာရေးသူက ထောက်ပြထားပါတယ်။ မှတ်ပုံတင်ပြုလုပ်ရာမှာ “သွေးနှော” လို့ ရေးသွင်းခံနေရတာက မူလအခွင့်အရေး ဆုံးရှုံးနေကြောင်း ပြောထားပါတယ်။
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က ကမ္ဘာပေါ်က လူမျိုးတိုင်းမှာ သွေးသန့် (Pure Blood) လို့ မရှိတော့ဘဲ ရှိသမျှ လူမျိုးတွေဟာ သွေးနှော (Mixed Blood) သာ ဖြစ်ကြောင်း ကြေညာထားတယ် လို့ ဆိုပါတယ်။
ပုဂံခေတ်ကနေ ဒီကနေ့ အချိန်အထိ ပြည်ထောင်စုတွင်းမှာ နေထိုင်ကြတဲ့ အစ္စလမ် ဘာသာဝင်တွေဟာ ငြိမ်းချမ်းရေးကို လိုလားပြီး လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှာ လက်တွဲပါဝင်ခဲ့တာဖြစ်တယ်၊ အကြမ်းဖက်ဝါဒကို အစ္စလမ်က အားမပေးဘူးဆိုတဲ့ အချက်ကို ဒီစာအုပ်မှာ ဖော်ပြထားပါတယ်။ ပြည်ထောင်စုသား မွတ်စလင်တွေနဲ့ ခိုးဝင်လာ သူတွေကို သတ်သတ်စီ မြင်စေလိုတဲ့ စာရေးသူရဲ့ စေတနာကို သတိပြုမိ ပါတယ်။