၁။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ ရန်ကုန်ပန်းချီဌာနက စီစဉ်သည့် ကျောင်းသား ကျောင်းသူများ၏ ၁၁ ကြိမ်မြောက် Dual Image of NUAC ပန်းချီပြပွဲကို ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဧရာဝဏ် ပန်းချီပြခန်းတွင် ၆.၁.၂၀၁၇ မှ ၁၂.၁.၂၀၁၇ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် မီဒီယံစုံ ၊ လက်ရာစုံပန်းချီကားပေါင်း ၇၀ ခန့် ပြသွားမည် ဖြစ်ကြောင်း သိရသည်။
၂။ ပန်းချီ ငုအိမ်ထက်မြက်၏ The Sniper (လက်ဖြောင့်သေနတ်သမား) ပန်းချီပြပွဲကို တက္ကသိုလ်ရိပ်သာလမ်းရှိ အလှသစ် ပန်းချီပြခန်းတွင် ၁၂.၁.၂၀၁၇ မှ ၁၆.၁.၂၀၁၇ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် အခရိုင်းလစ် ပန်းချီကားပေါင်း ၁၄ ကားပြသသွားမည် ဖြစ်ကြောင်းသိရသည်။
၃။ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် (ငြိမ်း) ဆရာကြီး ဒေါက်တာမောင်မောင်ခ (ဆရာခ) ၏ ရာပြည့် အထိမ်းအမှတ် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ၁၄.၁.၂၀၁၇ ရက်နေ့ ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ဂီတဖျော်ဖြေပွဲတွင် နိုင်ငံကျော်အဆိုတော်များဖြစ်သည့် ဗစ်တာခင်ညို၊ ခိုင်ထူး၊ အာဇာနည်၊ မေဆွိ၊ ထွန်းအိန္ဒြာဗိုလ်၊ တင်ဇာမော် တို့က သီဆိုဖျော်ဖြေသွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို ကျပ် ၇ ထောင်မှ ၅ သောင်း အထိ သတ်မှတ်ထားပြီး မန်းသီရိတေးသံသွင်း ၊ ၀၁-၃၉၂၉၃၁ ၊ MMTIX Ticketing Hotline 09451010789 , 09782097436 တို့တွင် ဝယ်ယူနိုင်မည် ဖြစ်ကြောင်းသိရသည်။
၄။ THE ORCHESTRA FOR MYANMAR – NEW YEAR’S CONCERT AND WALTZ ဂီတဖျော်ဖြေပွဲကို Novotel Hotel တွင် ၁၂.၁.၂၀၁၇ ရက်နေ့ည ၇ နာရီခွဲမှ ၈ နာရီခွဲအထိ ပြုလုပ်သွားမည်ဖြစ်သည်။ အမေရိကန်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်မှ ဂီတပညာရှင်များက ဖျော်ဖြေသွားမည် ဖြစ်ပြီး အခမဲ့ နားဆင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
၅။ Japan Image Council (JAPIC) မှ Agency of Cultural Affairs ၊ ဂျပန်သံရုံးတို့နှင့် ပူးပေါင်းပြီး နှစ်စဉ် ကျင်းပလျက် ရှိသည့် (၁၃) ကြိမ်မြောက် ဂျပန်ရုပ်ရှင်ပွဲတော်ကို နေပြည်တော် ရုပ်ရှင်ရုံတွင် ၁၃.၁.၂၀၁၆ မှ ၁၉.၁.၂၀၁၆ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲတော်အတွင်း လူကြိုက်အများဆုံးဖြစ်သည့် ဂျပန် သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကားများ ၊ ရိုမန်းတစ်၊ လူငယ် ဒရာမာ၊ အက်ရှင်ဇာတ်ကားတိုများနှင့် Animation အမျိုးအစား ဇာတ်ကားများ ပြသသွားမည် ဖြစ်သည်။ ရုပ်ရှင်ပွဲတော်တက်ရောက်လာမည့် ဒါရိုက်တာများ၏ ဟောပြောမှုများ၊ တက်ရောက်လာကြသူများ၏ အမေးအဖြေကဏ္ဍများ အပါအဝင် မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရန် အကူအညီပေးမည့် အစီအစဉ်များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
၆။ ဒုတိယ အကြိမ်ကျင်းပသည့် 2nd Takuya Taniyama Cup Karate-Do Championship in Myanmar 2017 ပြိုင်ပွဲကို အောင်ဆန်း အားကစား ကွင်းတွင် ၁၄.၁.၂၀၁၇ မှ ၁၅.၁.၂၀၁၇ အထိ ကျင်းပသွားမည် ဖြစ်သည်။ ဝင်းကြေး အခမဲ့ ဖြစ်ကြောင်း သိရသည်။
၇။ နိုင်ငံကျော် အနုပညာရှင်များစွာ ပါဝင်ဖျော်ဖြေမည့် အ.ထ.က (၆) ဗိုလ်တထောင် (စိန်ပေါလ်) ကျောင်း၏ ပညာရည် မြင့်မားတိုးတက်မှု ရန်ပုံငွေရှာဖွေရေးဂီတဖျော်ဖြေပွဲကို စိန်ပေါလ်ကျောင်းဝန်း အတွင်းရှိ အားကစားကွင်း တွင် ၁၄.၁.၂၀၁၇ ရက်နေ့ညနေ ၆ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို ၅၀၀၀ ကျပ်သတ် မှတ်ထားပြီး ကျောင်းသားဟောင်းများ ဆေးခန်းတွင် ဝယ်ယူနိုင်ကြောင်းသိရသည်။
၈။ ဂျပန်အနုပညာရှင်များနှင့် မြန်မာအနုပညာရှင်များပါဝင်သည့် Kirin Supersonic ဂီတဖျော်ဖြေပွဲကို သုဝဏ္ဏမြို့နယ် ၊ ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment Park တွင် ၁၄.၁.၂၀၁၇ ရက်နေ့ည ၅ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ဖျော်ဖြေပွဲတွင် ပြည်တွင်း ၊ ပြည်ပအကအဖွဲ့များ၏ တင်ဆက်မှုများကိုလည်း ကြည့်ရှုနိုင်မည် ဖြစ်သည်။ လက်မှတ်ဈေးနှုန်းမှာ ကျပ် ၂ သောင်း သတ်မှတ်ထားပြီး MMTIX Ticketing Hotline 09451010789, 09782097436 တွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
၉။ ပန်းချီအမ်ပီပီရဲမြင့်၏ Mingalarbar 2017 ပန်းချီပြပွဲကို ၃၁ လမ်းရှိ ၊ Cloud 31 Gallery တွင် ၁၃.၁.၂၀၁၇ မှ ၁၅.၁.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ပန်းချီကား ၃၅ ကားပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၁၀။ အလုပ်အကိုင် အခွင့်အလမ်းများ ပြပွဲကို ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ၁၃.၁.၂၀၁၇ မှ ၁၅.၁.၂၀၁၇ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပွဲတွင် အလုပ်ရှာဖွေနေသူများနှင့် ဝန်ထမ်းခေါ်ယူလိုသူ များကို တိုက်ရိုက် တွေ့ဆုံပေးသွားမည် ဖြစ်ပြီး ဟောပြောပွဲများ၊ ဟန်းဆက် ကံစမ်းမဲများ ဖောက်ပေးခြင်းများကိုလည်း ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။ ။