မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြတ်သန်းကြုံတွေ့ နေရပြီ။ ငယ်ရွယ်ကြီးထွားနေသော လူဦးရေနှင့် တံခါးပွင့်လာသော စီးပွားရေတို့နှင့်အတူ မြန်မာနိုင်ငံသည် လူသုံးကုန်ပစ္စည်းထုတ်လုပ်သော ကုမ္ပဏီများအတွက် အကောင်းဆုံးအခွင့်အလမ်းပေးနိုင်သော အနာဂတ် ဈေးကွက် ၂၀ တွင် တခုအပါ အဝင်ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။
သို့သော် ဆေးလိပ်သောက်သုံးသူ အရေအတွက် မြင့်တက်နေခြင်းနှင့် ဆေးရွက်ကြီး ကုမ္ပဏီများ၏ အပြင်းအထန် ဈေးကွက်ရှာဖွေခြင်းကိုု ဟန့်တားရန် အားထုတ်မှုများကို မြန်မာနိုင်ငံအနေဖြင့် အရှိန်မြှင့်တင်ရန် လိုအပ်နေသည်။
ဆေးရွက်ကြီးလုပ်ငန်းသည် မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်း ၂၀ တွင် ပါဝင်သည်။ ၎င်း၏ဈေးကွက် အရွယ်အစားမှာ အမေရိကန်ဒေါ်လာ သန်း ၄၅၀ ခန့်ရှိသည်ဟု ခန့်မှန်းရပြီး နို့ထွက်ပစ္စည်းနှင့်ပြုပြင်ထားသော အစားအစာခြောက် ဈေးကွက်နှင့် တန်းတူရှိသည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဆေးရွက်ကြီးလုပ်ငန်း၏ စုစုပေါင်း နှစ်စဉ်ကြီးထွားနှုန်းမှာ ၁၆ % ရှိပြီး အဝတ်အထည်လုပ်ငန်း (၁၄ %) နှင့် အိမ်သုံးပစ္စည်းကိရိယာနှင့် လျှပ်စစ်ပစ္စည်း (၁၅%) တို့ကိုပင် ကျော်တက်သွားသည်။
လွန်ခဲ့သော ဆယ်စုနှစ်တခုခန့်က မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သော ဗြိတိန်အမေရိကန်ဆေးရွက်ကြီးကုမ္ပဏီ British American Tobacco (BAT) သည် ဈေးကွက်ဖွင့်လိုက်ခြင်းနှင့်အတူ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည်။ မြန်မာနိုင်ငံတွင် လုပ်ငန်းပြန်လည်ထူထောင်သောအခါ စီးကရက်စက်ရုံအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ရင်းနှီးမြှုပ်နှံမည်ဟု BAT က ကြေညာခဲ့သည်။ BAT သည် ကြီးထွားနေသော စီးကရက်ဈေးကွက်တွင် ဝေစု ၂၂ % ရရှိထားပြီးဖြစ်သည်။
လတ်တလော မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်သုံးသူ ၆ သန်းကျော်ရှိသည်။ အခြားသော အာရှနိုင်ငံများကဲ့သို့ပင် အရွယ်ရောက်ပြီးသူ အမျိုးသားများ၏ မြင့်မားသော ရာခိုင်နှုန်း (၄၄ % ) ဆေးလိပ်သောက်ကြသည်။ လူငယ် ဆေးလိပ်သုံးစွဲသူ အရေအတွက်မှာလည်း မြင့်မားနေသောကြောင့် ယခုထက် ပိုကြီးထွားလာဖွယ်ရှိသည်။
၂၀၁၀ ခုနှစ်က မြန်မာနိုင်ငံတွင် ဆေးလိပ်အလိပ်ရေ ၁၃ ဘီလီယံရောင်းချခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၂ ဆတိုးပြီး အလိပ်ရေ ၂၅ ဘီလီယမ်အထိရှိမည်ဟု ခန့်မှန်းရကာ အာဆီယံ နိုင်ငံများ အားလုံးတွင် အမြင့်ဆုံးဖြစ်နေသည်။ မြန်မာနိုင်ငံတွင် ဆေးရွက်ကြီးနှင့် ပတ်သက်သောရောဂါများကြောင့် သေဆုံးမှုမှာ နှစ်စဉ် ၇ သောင်း ရှိနေသဖြင့် ထိုသတင်းမှာ ပြည်သူ့ကျန်းမာရေးစနစ်အတွက် သတင်းဆိုးဖြစ်သည်။ မြန်မာနိုင်ငံသည် လူသားဖွံ့ဖြိုးမှု အညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၈၈ တွင် အဆင့် ၁၄၈ ရှိကာ အာရှနိုင်ငံများအကြားတွင် အနိမ့်ဆုံး ဖြစ်နေသည်။ ကျန်းမာရေးအသုံးစရိတ်မှာလည်း ဂျီဒီပီ၏ ၁.၈ % အထိ နိမ့်ကျနေသည်။
ဆေးလိပ်သောက်သုံးသူ အများစုမှာ ဝင်ငွေနည်းသူများဖြစ်သည်။ စီးကရက်သည် မြန်မာနိုင်ငံတွင် လွန်စွာဈေးပေါပြီး ဆင်းရဲသားများ အလွယ်တကူ လက်လှမ်းမီနေသည်။ လူကြိုက်အများဆုံး စီးကရက်တဗူးလျှင် ဝ.၅၇ ဒေါ်လာသာပေးရသည်။ ဆေးလိပ်သောက်သုံးခြင်းနှင့် ပတ်သက်သော စစ်တမ်းတခုအရ မြန်မာလူငယ်များ၏ ၄၀ % သည် စတိုးဆိုင်မှ ဆေးလိပ်ဝယ်ယူနိုင်ကြသည်။ ပိုမိုစိုးရိမ်စရာကောင်းသောအချက်မှာ ဆေးလိပ်မသောက်သောလူငယ်များ၏ ၁၅ % က ၎င်းတို့သည် လာမည့်နှစ်တွင် ဆေးလိပ်သောက်မည်ဟု ပြောကြားကြပြီး ဤကိန်းဂဏန်းသည်လည်း အာဆီယံတွင် အမြင့်ဆုံးဖြစ်နေသည်။
ဤပြဿနာကို ဖြေရှင်းရန် မြန်မာနိုင်ငံတွင် ဆေးရွက်ကြီးထိန်းချုပ်ရေး အစီအစဉ်များရှိပြီး ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီးထိန်းချုပ်ရေး မူဘောင်သဘောတူညီချက် WHO Framework Convention on Tobacco Control (FCTC) ခေါ် ကမ္ဘာ့ဆေးရွက်ကြီးသဘောတူစာချုပ်ကို ၂၀၀၄ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ ပြီးနောက် ဆေးလိပ်ကြော်ငြာ အားလုံးကိုပိတ်ပင်ပြီး အများပြည်သူနှင့်ဆိုင်သော နေရာများကို ဆေးလိပ်ကင်းမဲ့ဇုံ ပြုလုပ်ရေးဥပဒေများပြဌာန်းခဲ့သည်။ သို့သော် ထိုထက်မက လုပ်ဆောင်ရန် များစွာလိုနေသေးသည်။
စီးကရက်နှင့် ဆေးလိပ်များအပေါ် အခွန်ထပ်မံတိုးမြှင့်ပြီး ဆင်းရဲသားများ၊ လူငယ်များ လက်လှမ်းမမီအောင် လုပ်ရန် လိုနေသေးသည်။ ဆေးလိပ်ကြော်ငြာနှင့် ဈေးကွက်မြှင့်တင်ခြင်းကို တားမြစ်ထားသော်လည်း အမြတ်ထုတ် အသုံးချရန် ဟာကွက်များရှိနေသည်။ မြန်မာ အစိုးရ အရာရှိများ၏ အတွေ့အကြုံကင်းမဲ့မှုကို အမြတ်ထုတ်ကြသော နိုင်ငံတကာ ဆေးရွက်ကြီး ကုမ္ပဏီကြီးများ၏ ဈေးကွက်နည်းပရိယာယ်ကို ရင်ဆိုင်နေရသည်။
ဥပမာဆိုရပါက ဆေးလိပ်ဗူးခွံပေါ်တွင် ပုံဖြင့် ၇၅ % သတိပေးခြင်းပြုလုပ်ရန်လိုသော ဥပဒေကို မြန်မာနိုင်ငံတွင် ၂၀၀၁၆ ခုနှစ်က အတည်ပြုကာ ဒေသတွင်းတွင် ၈၅ % အထိ ပုံဖြင့် သတိပေးရန်လိုသော ထိုင်းနိုင်ငံပြီးလျှင် ဒုတိယမြောက် သတိပေးသောပုံ အကြီးဆုံးသုံးရသောနိုင်ငံဖြစ်လာသည်။ သို့သော် ဂျပန်နိုင်ငံတကာဆေးရွက်ကြီးလုပ်ငန်း Japan Tobacco International က အဓိက သတင်းစာတစောင်ဖြစ်သော မြန်မာတိုင်းမ်တွင် ၎င်းတို့အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ စည်းမျဉ်းများကို မည်သို့လိုက်နာမည်နှင့် ပတ်သက်ပြီး အောက်တိုဘာလက ကြေညာချက် ထည့်သည်။ ထိုကြေညာချက်တွင် ကျန်းမာရေးသတိပေးသည့်ပုံ မပါဝင်သည့် ၎င်းတို့၏ဆေးလိပ်ဗူးအချို့နှင့် ပုံပါသည့် ဗူးအချို့တို့၏ ဓာတ်ပုံများကို ပြသထားသည်။ ထိုကြေညာချက်မှာ ဗြောင်ကျကျ ကြော်ငြာထည့်လိုက်ခြင်း ဖြစ်သည်။
ချိုးဖေါက်မှုအတွက် ပြစ်ဒဏ်များမှာလည်း ချမ်းသာကြွယ်ဝသောဆေးရွက်ကြီး ကုမ္ပဏီများအတွက် အသေးအဖွဲမျှသာ။ ပုံဖြင့် ကျန်းမာရေးသတိပေးချက် ထည့်သွင်းရန် ပျက်ကွက်သော လုပ်ငန်းတခုကို အာဏာပိုင်များက အရေးယူလျှင် ပထမအကြိမ် အရေးယူခြင်းအတွက် ဒဏ်ငွေမှာ ၇.၉၅ ဒေါ်လာသာရှိသည်။
ထို့ကြောင့်ပင် လူမှုအခြေပြုအဖွဲ့များ ပါဝင်လာကြဖို့ လိုလာသည်။ ၎င်းတို့သည် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေကြသော နိုင်ငံစုံဆေးရွက်ကြီးလုပ်ငန်းများ၏ ကိုယ်ကျင့်တရား ကင်းမဲ့သော၊ အမြတ်ထုတ် အသုံးချသော အလေ့အထများကို ဖေါ်ထုတ်ရာတွင် ပိုမိုထင်ရှား တက်ကြွသော အခန်းမှ ပါဝင်သင့်သည်။
ဆေးလိပ် ရောင်းဝယ် သောက်သုံးမှု ထိန်းချုပ်ရေး အောင်မြင်မှုတွင် မြန်မာနိုင်ငံအနေနှင့် အခြားသော အာဆီယံနိုင်ငံများနှင့် ရင်ဘောင်တန်းသင့်သည်။ နိုင်ငံအများစုတို့သည် ရောင်းချသောနေရာများတွင် ကြော်ငြာခြင်းကို ပိတ်ပင်ထားပြီးဖြစ်သည်။ ဘရူနိုင်း၊ ထိုင်းနှင့် စင်္ကာပူတို့သည် လက်လီဆိုင်များတွင် ဆေးလိပ်ဗူးကို မြင်သာအောင် ထားခြင်းကို ပိတ်ပင်ထားသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအတွက် ဆက်လက်ဆောင်ရွက်ရမည့် ခြေလှမ်းများ ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံသည် ၎င်းတို့ကို အကောင်အထည်ဖေါ်ရန် အရင်းအမြစ် အထူးသဖြင့် ဝန်ထမ်း ကင်းမဲ့နေသည်။ မြန်မာသည် အာဆီယံတွင် ဆေးရွက်ကြီးထိန်းချုပ်ရေးအတွက် အမျိုးသားရန်ပုံငွေချထားခြင်းမရှိသော တခုတည်းသောနိုင်ငံဖြစ်သည်။ ဆေးလိပ်ထိန်းချုပ်ရေးအစီအစဉ်များကို ပိုမိုတောင့်တင်းကောင်းမွန်အောင်ပြုလုပ်ပြီး အကောင်အထည်ဖေါ်ရန် ရင်းမြစ်များ ခွဲဝေချထားပေးပါက အစိုးရသည် ပြည်သူ့ကျန်းမာရေးကို ဆေးရွက်ကြီး၏ ဖျက်ဆီးမှုမှ ကာကွယ်ပေးရန် အလေးအနက်ထားကြောင်း ပြည်သူနှင့် ပုဂ္ဂလိက ကဏ္ဍတို့သို့ ခိုင်မာသော သတင်းစကားပေးပို့လိုက်ခြင်းပင် ဖြစ်မည်။
(Mary Assunta သည် အရှေ့တောင်အာရှ ဆေးရွက်ကြီး ထိန်းချုပ်ရေးအဖွဲ့ Southeast Asia Tobacco Control Alliance (SEATCA) မှ မူဝါဒဆိုင်ရာ အထက်တန်း အကြံပေးဖြစ်သည်)