Lifestyle

ဈေးကွက်အတွင်း မှိုဆိပ်ပါ ငရုတ်သီးမှုန့် တိုက်ဖျက်ရေး FDA ဆက်လုပ်မည်

Want create site? Find Free WordPress Themes and plugins.

ဈေးကွက်အတွင်း ရောင်းချနေသည့် နာမည်ကြီး အမှတ်တံဆိပ် ငရုတ်သီးမှုန့်များ အပါအဝင် လက်လီ၊ လက်ကား ရောင်းချနေသည့် ငရုတ်သီးမှုန့်၊ ငရုတ်အကြမ်းဖတ်မှုန့် အမျိုးအစားများတွင် အသည်းကင်ဆာ ဖြစ်စေနိုင်သည့် မှိုဆိပ်များ ပါဝင်နေသဖြင့် “မှိုဆိပ်ပါ ငရုတ်သီးမှုန့် တိုက်ဖျက်ရေး” လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (နေပြည်တော်) မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်က ပြောသည်။

ယနေ့ နေပြည်တော်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) တွင် ကျင်းပသည့် အမေရိကန်နိုင်ငံ အသိအမှတ်ပြု ISO/IEC 17025:2005 ဓာတ်ခွဲခန်းမှ ရလဒ်အပေါ် ရှင်းလင်းသည့် သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီ သတင်းဌာန၏ မေးမြန်းမှုကို ညွှန်ချုပ် ဒေါက်တာ သန်းထွဋ်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန်မှာ ငရုတ်သီးမှုန့် ရောင်းတဲ့သူတွေကို ၂ ခါ ခေါ်တွေ့တယ်။ ခင်ဗျားတို့မှာတော့ ထောက်ခံချက် ရှိထားတယ် ပြောတယ်၊ ကျနော် စစ်လို့ မှိုတွေ့ရင် အကုန်လုံး သိမ်းမယ်၊ ဈေးကွက်မှာ သိမ်းမယ်။ ဘုတ်ဆုံမတို့၊ ဆင်ဖြူတော်တို့ ကျနော် ပုဂ္ဂိုလ်ရေး မခင်ဘူး။ ဘယ်သူတွေမှန်းလည်း မသိဘူး။ ကျနော်သိတာက ကျနော်ပြည်သူတွေ အန္တရာယ်ကင်းဖို့ပဲ သိတယ်” ဟု ဒေါက်တာ သန်းထွဋ်က ပြောသည်။

ထိုသို့ FDA ၏ အရေးယူ ဆောင်ရွက်မှုကို မကျေနပ်သည့် ငရုတ်သီးမှုန့် ထုတ်လုပ်ရောင်းချသူများက ဦးရွှေမန်း ဦးဆောင်သည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်သို့ တင်ပြခဲ့သဖြင့် လာမည့် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကော်မရှင်ရုံးသို့ FDA မှ သွားရောက် ရှင်းလင်း တင်ပြရဦးမည်ဟု သိရသည်။

“လာမယ့် ၁၇ ရက်နေ့မှာ ဥပဒေ ရေးရာနဲ့ အထူးကိစ္စရပ်များ ကော်မရှင်ကို ဒီကိစ္စတွေ သွားပြောရမှာ ဖြစ်တယ်။ ဒီအဖွဲ့တွေက စုပြီးတော့မှ စာရေးတယ်။ ငရုတ်သီးမှုန့် အသင်းတွေ ထောင်ချင်တယ်တဲ့။ အဓိကကတော့ ငရုတ်သီးမှုန့်တွေကို ကျနော်တို့က တားဆီးတဲ့ကိစ္စကို သူတို့က မလုပ်စေချင်ဘူး။ ဒီမှိုတွေက ပါနေမှာပဲတဲ့။ ဒီမှိုတွေ မပါအောင် လုပ်ဖို့ မလွယ်ဘူးတဲ့။ ငရုတ်သီးမှုန့် လုပ်ငန်းတွေ စီးပွားပျက်နေပါပြီတဲ့။ ကျနော်ကတော့ လုံးဝ နောက်မဆုတ်ဘူး။ ဆက်ပြီး စစ်ဆေးမယ်” ဟု ဒေါက်တာ သန်းထွဋ်က ပြောသည်။

ငရုတ်သီးတွင် မှိုပါဝင်မှု အခြေအနေကို လေ့လာစိစစ်ပါက စိုက်ပျိုးသည့် မျိုးစေ့တွင် မှိုဆိပ်ပါဝင်မှု ရှိနေခြင်းကြောင့် ဖြစ်နိုင်ကြောင်း၊ ယင်းအခြေအနေကို ဖြေရှင်းနိုင်ရန် လုပ်ငန်းရှင်များ၊ ကျန်းမာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် တောင်သူများပါ ပူးပေါင်းပါဝင် ဖြေရှင်းရန် လိုအပ်နေပြီ ဖြစ်ကြောင်း အိုကေ ထွန်း ငရုတ်သီးမှုန် ထုတ်လုပ်ဖြန့်ချိရေး ပိုင်ရှင် ဦးကိုကိုထွန်းက ဧရာဝတီသို့ ပြောဆိုခဲ့ဖူးသည်။

ယခုအခါ ငရုတ်သီးမှုန့် ရောင်းချသူများတွင် ထောက်ခံချက် လုံးဝ မရှိဘဲ ရောင်းချနေသူများနှင့် ထောက်ခံချက် ရှိသော်လည်း မှိုဆိပ် ပါဝင်သည့် ငရုတ်သီးမှုန့်များကို ရောင်းချနေသူများ ဟူ၍ ၂ မျိုးရှိရာ ထောက်ခံချက် မရှိသူများ အနေဖြင့် ဈေးကွက်အတွင်း ရောင်းချခွင့် လုံးဝမရှိကြောင်း FDA က ပြောသည်။

“အဲဒီလိုဆိုရင် ထောက်ခံချက် မရှိတာတွေကို မစားနဲ့ပေါ့။ ဒါတွေကို ကိုယ့်ပါးစပ်ကိုယ်ကိုယ် အလိုလိုက်ပြီး ဆက်စားနေလို့တော့ မဖြစ်ဘူး။ ရောင်းတဲ့လူတွေကလည်း တာဝန်သိစွာနဲ့ လူ့ကျင့်ဝတ် ပီသစွာနဲ့ ရောင်းသင့်တယ်။ ထောက်ခံချက် ရှိတာတွေကိုကျတော့ သူ့ပစ္စည်းမှာလည်းပဲ မှိုပါတာရှိတယ်၊ မပါတာရှိတယ်” ဟု FDA ညွှန်ချုပ် ဒေါက်တာ သန်းထွဋ်က ပြောသည်။

အသစ်ထုတ်မည့် ငရုတ်သီးမှုန့်များကိုလည်း စက်ရုံမှ ထွက်ထွက်ချင်း အစစ်ခံရမည် ဖြစ်ကြောင်း၊ ထုတ်ကုန်များစွာ ထုတ်လုပ်မှုကိုလည်း ကန့်သတ်ထားပြီး Expire Date တပ်ခိုင်းခြင်း၊ မှိုဆိပ်ပါ တံဆပ်များကိုလည်း ဈေးကွက်အတွင်းမှ ရုတ်သိမ်းခိုင်းထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

“ခင်ဗျားတို့ Market ကနေ ရုပ်ပေး။ ကျနော် ၂ ပတ် အချိန်ပေးမယ်။ အဲဒါတွေ လူတွေ ပါးစပ်ထဲ မရောက်စေနဲ့။ ပြီးတော့ ဒီအတိုင်း ရုပ်သိမ်းလို့ မရဘူး။ ဗီဒီယိုမှတ်တမ်း၊ ဓာတ်ပုံ မှတ်တမ်းတွေ လိုတယ်။ ပြီးတော့ သက်ဆိုင်ရာ မြို့နယ် အစားအသောက် ကော်မတီတွေ ရှိတယ်။ အခု သိမ်းထားတဲ့ ငရုတ်သီးမှုန့်တွေကို စုထားတယ်။ စုပြီး အဲဒါတွေကို မီးရှို့ခိုင်းတယ်။ မီးရှို့တော့ စည်ပင်က လက်မခံဘူး။ လက်မခံတော့ မြေမြှုပ်ပစ်ရတယ်။ အခု စုထားတာ သိန်း ၁၀ဝ ဖိုးလောက် ရှိနေပြီ” ဟု ဒေါက်တာ သန်းထွဋ်က ပြောသည်။

“တတိုင်းပြည်လုံးမှာရှိတဲ့ ငရုတ်သီးမှုန့်တွေကို စစ်တဲ့အခါမှာ မှိုပါတာတွေက ၆၀ ရာခိုင်နှုန်းလောက် ရှိတယ်။ မှိုပါတိုင်းတော့ မဟုတ်ဘူး၊ ၁ ဘီလီယံပုံ ပုံရင် ၁၀ ပုံ ပါနေပြီဆိုရင်တော့ အန္တရာယ် ရှိတယ်” ဟု ဒေါက်တာ သန်းထွဋ်က ပြောသည်။

၄င်းက ဆက်၍ “အခု ကျနော်တို့ ကြေညာလိုက်တဲ့ ထောက်ခံချက် မရှိတဲ့ အမှုန့်တွေ ဈေးကွက်မှာတွေ့ရင် အထောက်အထား နဲ့တကွ အစားအသောက် ဥပဒေအရ အရေးယူမယ်။ အလားတူပဲ ထောက်ခံချက်ရှိပြီး ထုတ်နေတဲ့ အဖွဲ့တွေ ကျနော် မရောင်းပါနဲ့လို့ ပြောထားတာတွေမှာ မှိုပါရင် အရေးယူမယ်” ဟု ဆိုသည်။

စားသောက်ကုန် ထုတ်သူများကို ငွေဒဏ်သာ ချမှတ်လေ့ရှိကြောင်း၊ နောက်ပိုင်းတွင် ပညာပေး ပြန်လွှတ်မှုများပါ ရှိလာသဖြင့် ထိထိရောက်ရောက် အရေးယူရန် လိုအပ်နေကြောင်း ရှေ့နေကွန်ရက်မှ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

“တရုတ်နိုင်ငံမှာဆိုရင် သေဒဏ်တောင် ပေးတယ်။ ဒီမှာ ထောင်ချတယ်ဆိုတာ တခါမှာ မကြားဘူး။ အလွန်ဆုံး ငွေဒဏ်ပဲ ချတယ်။ လူ သေစေလောက်အောင် လုပ်တယ်ဆိုရင်တော့ ထိထိရောက်ရောက် အပြစ်ပေးစေချင်တယ်။ ဥပဒေမှာလည်း ထောင်ဒဏ် မချ မနေရဆိုတာမျိုး ထည့်ဖို့ လိုနေပြီ” ဟု ဦးကြီးမြင့်က ပြောသည်။

အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ ၃၁ တွင် သက်ဆိုင်ရာ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ထိုသူအား ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ် ကျပ် ၁၀ဝ၀ မှ ကျပ် ၃၀ဝ၀ဝ အထိ ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

ထိုကဲ့သို့ ကိစ္စများကို ဖော်ထုတ်ရာတွင် FDA တခုထဲကိုသာ အားကိုးမနေဘဲ မည်သူမဆို အထောက်အထားနှင့် တကွ သက်ဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်သည့် စည်ပင်၊ စာသုံးသူရေးရာ၊ FDA ၊ စက်မှု ဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့ကို တိုင်ကြားနိုင်ကြောင်း၊ အားလုံး ဝိုင်းဝန်း ဖော်ထုတ်သင့်ကြောင်း ဒေါက်တာ သန်းထွဋ်က ပြောသည်။

“စားသုံးရန် မသင့်ဘူးလို့ ကြေညာလိုက်တာသည် ကျနော့်ကို သတ်တာထက် ဆိုးပါတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောတယ်။ မကြေညာလို့လည်း မရဘူး။ နားလည်စေချင်တာက ငရုတ်သီးမှုန့်က မှိုရှိတာ ရှိတယ်။ မရှိတာ ရှိတယ်။ ရှိတာတွေကို ကျနော်တို့ ကြေညာပေးနေတယ်။ ဒါပေမယ့် ဈေးကွက်မှာ တချို့လည်း ဥပဒေ မကြောက်၊ ဘာမကြောက်။ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုပြီး ရောင်းနေကြသူတွေလည်း ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

မှိုဆိပ်ပါဝင်ကြောင်း တွေ့ရှိခဲ့သည့် တံဆိပ် ၉ ခုမှာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် ဒေါ်တင် ဆင်ဖြူကျွန်း၊ အိုကေထွန်း၊ မြို့မဆင်ဖြူတော်၊ ဖိုးဝ၊ မြန်မာရနံ့၊ ဒေါ်ထွေး၊ မခင်အေး (မော်လမြိုင်)၊ KSS ၊ ဘုတ်ဆုံမ တို့ ဖြစ်ကြောင်း သိရသည်။

နေပြည်တော်မှ အိမ်ရှင်မတဦး ဖြစ်သူ မဇာဇာကမူ “ငရုတ်သီးမှုန့် မသုံးရလည်း ဘာမှ မဖြစ်ဘူး။ (ငရုတ်သီး) အစိမ်းတောင့်ကိုပဲ ထောင်းသုံးမယ်။ အရောင်လှချင်ရင် ခရမ်းချဉ်သီး ထည့်လိုက်မယ်။ ရောဂါတွေတော့ အဖြစ်မခံနိုင်ဘူး။ စစချင်းတော့ အဆင်မပြေပေမယ့် နောက်ပိုင်း တော့ ဖြစ်သွားမှာပါ။ ပါးစပ် အလိုလိုက်နေလို့တော့ မဖြစ်ဘူး။ ကြောက်တယ်” ဟု ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading