၂၀၁၆ ခုနှစ် ကုန်ဆုံးလို့ ၂၀၁၇ ခုနှစ်ကို ကူးပြောင်းလာခဲ့ပါပြီ။ ၂၀၁၆ ခုနှစ် တောင်ကိုရီးယားရုပ်သံဇာတ်လမ်းများစွာကို ရုပ်သံဌာနများစွာက ရိုက်ကူးထုတ်လွှင့်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံတွင်းက ပရိသတ်များသာမက ကမ္ဘာအနှံ့က ပရိသတ်များကြားမှာပါ ရေပန်းအစားဆုံး အမျိုးသမီး သရုပ်ဆောင် ၁၅ ဦးကို Soompi အနုပညာ ဝက်ဘ်ဆိုက်မှ ရွေးထုတ် တင်ပြခဲ့ပါတယ်။ အဆိုပါ တောင်ကိုရီးယား အမျိုးသမီး သရုပ်ဆောင် ၁၅ ဦးကို ဖော်ပြလိုက်ပါတယ်။
၁။ ဂျန်ဂျီဟွန်း (Jun Ji Hyun)
ဂျန်ဂျီဟွန်းဟာ သရုပ်ဆောင်လောကထဲကို ဝင်ရောက်စဉ်က ရုပ်သံဇာတ်လမ်းများမှာ ဇာတ်ပို့အဖြစ်နဲ့ ပါဝင် သရုပ်ဆောင် ပြီးနောက် ရုပ်ရှင်ဇာတ်ကားများနဲ့ စီးပွားရေးကြော်ငြာများကိုသာ အဓိကရိုက်ကူးရင်း ရုပ်သံဇာတ်လမ်းလောကနဲ့ အဆက်ပြတ်သွားသူလို့ ဆိုနိုင်ပါတယ်။
အဲ့ဒီနောက်၂၀၁၆ ခုနှစ်မှာ တောင်ကိုရီးယား ထိပ်တန်းသရုပ်ဆောင်တဦးဖြစ်တဲ့ လီမင်ဟိုနဲ့ တွဲဖက်ပြီး The Legend of the Blue Sea ရုပ်သံဇာတ်လမ်းကို ရိုက်ကူးခဲ့ပါတယ်။ ဒီရုပ်သံမှာ ဂျန်ဂျီဟွန်းဟာ ရေသူမလေးအဖြစ်နဲ့ သရုပ်ဆောင်ထားပြီး ရုပ်သံလောကနဲ့ အဆက်ပြတ်သွားတဲ့ သူမကို ရုပ်သံပရိသတ်များစွာက အားပေးခဲ့ကြကာ ၂၀၁၆ ခုနှစ်အတွက် အတောက်ပဆုံး အမျိုးသမီး သရုပ်ဆောင်အဖြစ် သတ်မှတ်ခြင်းခံထားရသူပါ။
၂။ ဂွန်ဟိုဂျင် (Gong Hyo Jin)
ပရိသတ်များရဲ့ စိတ်ဝင်စားမှုကို ဒုတိယမြောက်အများဆုံး ပိုင်ဆိုင်ထားသူကတော့ ဂွန်ဟိုဂျင်ပဲဖြစ်ပါတယ်။ သူမကတော့ တောင်ကိုရီးယားမင်းသမီးအများစုထဲမှာ စွဲမက်ဖွယ် အလှပိုင်ဆိုင်ထားခြင်းမရှိဘဲ ရိုးရှင်းတဲ့ အာရှဒေသအလှကို ပိုင်ဆိုင် ထားသူပါ။ ၂၀၁၆ ခုနှစ်မှာ ပြသခဲ့တဲ့ Don’t Dare to Dream ရုပ်သံဇာတ်လမ်းမှာတော့ အောင်မြင်တဲ့သတင်း တင်ဆက်သူတယောက်ဖြစ်လိုတဲ့ စိတ်ဆန္ဒကြောင့် အမျိုးသားနှစ်ယောက်ကို တပြိုင်နက် စွဲဆောင်ရတဲ့သူအဖြစ် သရုပ်ဆောင်ရင်း ဟာသဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း သူမဟာ ၂၀၁၆ ခုနှစ် SBS ရုပ်သံမှ ချီးမြင့်တဲ့ Top Excellence Award နဲ့ Actress in a Romantic Comedy Drama ဆုများကို ရရှိခဲ့သူပါ။
၃။ အိုင်ယူ (IU)
ကိုရီးယားပေါ့ပ်အဆိုတော် အိုင်ယူကတော့ သရုပ်ဆောင်လောကကို ခြေချခါစမှာပဲ တခြားသော ဝါရင့်သရုပ်ဆောင်များနဲ့ အပြိုင် ၂၀၁၆ ခုနှစ်ရဲ့ ဆွဲဆောင်မှုအရှိဆုံး သရုပ်ဆောင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ သူမဟာ Scarlet Heart: Goryeo ဆိုတဲ့ ရုပ်သံဇာတ်လမ်းမှာ နာမည်ကြီး မော်ဒယ်လ်တဦးအဖြစ် သရုပ်ဆောင်ထားပြီး ဂိုရိုးခေတ်သို့ မမျှော်လင့်ဘဲ ရောက်ရှိ သွားခဲ့ကာ အလွဲလွဲအချော်ချော်ဖြစ်ရတဲ့ ရုပ်သံဇာတ်လမ်းမှာ ချစ်စရာကောင်းတဲ့ မော်ဒယ်လ်ကောင်မလေးအဖြစ် သရုပ်ဆောင် ခဲ့ပါတယ်။
၄။ ဆောင်းဟေကို (Song Hye Kyo)
ငြိမ်းချမ်းသော ချစ်ခြင်းတရား (Descendants of the Sun) ရုပ်သံဇာတ်လမ်းနဲ့ တောင်ကိုရီးယားထိပ်တန်း သရုပ်ဆောင် တဦးဖြစ်တဲ့ ဆောင်းဟေကိုဟာ ၂၀၁၆ ခုနှစ်ရဲ့ အတောက်ပဆုံး သရုပ်ဆောင်အဖြစ်ကို ဆက်လက် ထိန်းသိမ်း ထားနိုင်ခဲ့ ပါတယ်။ ဒီ ရုပ်သံဇာတ်လမ်းနဲ့ ဆောင်းဟေကိုဟာ ၅၂ ကြိမ်မြောက်ကျင်းပတဲ့ Baeksang Arts Awards ဆုပေးပွဲမှ Most Popular Actress (TV)ဆု၊ iQiyi Global Star Award ၊ KBS Drama Awards မှ ချီးမြင့်တဲ့ Best Couple Award နဲ့ Grand Prize (Daesang) ဆုများကို ရရှိခဲ့ပါတယ်။
ရုပ်ရှင်ဇာတ်ကားကိုသာ ရွေးချယ်ရိုက်ကူးနေရာမှ ရုပ်သံပရိသတ်များနဲ့ အဆက်ပြတ်သွားပြီး ပြန်လည်ရိုက်ကူးရာမှာ Descendants of the Sun ရုပ်သံဇာတ်လမ်းဟာ ဆောင်းဟေကိုအတွက် ပရိသတ်ရဲ့အားပေးမှုများစွာ ပြန်လည်ရရှိခဲ့တဲ့ ရုပ်သံဇာတ်လမ်း တခုလို့ဆိုနိုင်ပါတယ်။
၅။ ဟန်ဟျိုဂျိုး (Han Hyo Joo)
ဟန်ဟျိုဂျိုးကတော့ ၂၀၁၆ ခုနှစ်မှာ W အမည်ရတဲ့ MBC ရုပ်သံဇာတ်လမ်းတွင် နှလုံးခွဲစိတ်အထူးကု ဆရာဝန်မလေး အဖြစ် သရုပ်ဆောင်ရင်း ပရိသတ်ရဲ့ အားပေးမှုများစွာကို ရရှိခဲ့ခြင်းပါ။ သူမအနေနဲ့ အလွန်ခက်ခဲတဲ့ ဒိုင်ယာလော့ခ်များနဲ့ အိုက်တင်များကို သရုပ်ဆောင်ခဲ့ရတယ်လို့ ဒီဇာတ်လမ်းကို ရေးခဲ့တဲ့ စာရေးဆရာက မှတ်ချက်ပေးခဲ့ပါတယ်။ ဒီရုပ်သံနဲ့ ဟန်ဟျိုဂျိုးဟာ MBC ရုပ်သံမှ ချီးမြှင့်တဲ့ Top Excellence Award အပြင် APAN Star Awards ဆုများကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။
၆။ ဘတ်ရှင်ဟေး (Park Shin Hye)
ဘတ်ရှင်ဟေးဟာ သူမထက်အသက် ၁၀ နှစ်ခန့်ကြီးတဲ့ ဂင်ရေးဝမ်နဲ့ အတူတွဲပြီး သရုပ်ဆောင်ခဲ့တဲ့ ချစ်သော ဒေါက်တာ (Doctors) ရုပ်သံဇာတ်လမ်းတွင် ပရိသတ်အားပေးမှုများစွာ ရရှိအောင်သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း ကိုရီးယားရုပ်သံဇာတ်လမ်းတော်တော်များများဟာ ဆရာဝန်ဇာတ်လမ်းတွေများပြားခဲ့တာကြောင့် ဆရာဝန်မလေးအဖြစ် သရုပ်ဆောင်ရာမှာ စိတ်ဖိစီးမှုများစွာ ဖြစ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ သို့သော်လည်း သူမဟာ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ပြီး ပရိသတ်ရဲ့အားပေးမှုကိုပါ ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဘတ်ရှင်ဟေးဟာ SBS ရုပ်သံမှ ချီးမြင့်တဲ့ Best Actress Award ကိုရရှိခဲ့ပါတယ်။
၇။ ယူအီး (Uee)
ယူအီးကတော့ ၂၀၁၆ ခုနှစ်မှာ စွဲဆောင်မှုရှိတဲ့ သရုပ်ဆောင်စာရင်းကို ဝင်ရောက်လာခဲ့တာကတော့ MBC ရုပ်သံမှ ထုတ်လွှင့်ပြသခဲ့တဲ့ Marriage Contract ဆိုတဲ့ ရုပ်သံဇာတ်လမ်းကြောင့်ပါ။ ဒီရုပ်သံမှာ ယူအီးဟာ ကလေးတဦးကို တစ်ကိုယ်တည်းတာဝန်ယူမွေးဖွားခဲ့တဲ့ Single mother တဦးဖြစ်ကာ လက်ထပ်ပွဲများကို ပွဲစားလုပ်ပေးသော ကုမ္ပဏီတခုနဲ့ ချိတ်ဆက်ပြီး ဟန်ဆောင်လက်ထပ်မှုများကို တာဝန်ယူလုပ်ကိုင်ပေးသူအဖြစ် သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအစပိုင်းမှာတော့ သူမရဲ့ အလှနဲ့ တဖက်သားကို စွဲဆောင်ရတဲ့ ဇာတ်ရုပ်ပုံစံနဲ့ ပရိသတ် ရယ်ရွှင်ဖွယ်ဖြစ်အောင် သရုပ်ဆောင်ခဲ့ပေမယ့် ဇာတ်လမ်းနောက်ပိုင်းမှာတော့ သူမမှာ ဦးနှောက်အကြိတ်ကင်ဆာ ရောဂါကြောင့် လောကအလယ်မှာ ချန်ထားခဲ့ရမယ့် ရင်သွေးအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရတာကို သရုပ်ဆောင်တဲ့အခါမှာ ပရိသတ်ရဲ့ မျက်ရည်ကို ချူသွားနိုင်ခဲ့တာပါ။ ဒီရုပ်သံဇာတ်လမ်းတွဲနဲ့ ယူအီးဟာ MBC ရုပ်သံမှ ချီးမြင့်တဲ့ Best Actress (Special Project) Award ကို ရရှိခဲ့ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
Ref: https://www.soompi.com