စာရေးဆရာကြီးမောင်ထင်ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ “ငဘ” ဝတ္ထုကို ပြန်လည်အသက်သွင်း ရိုက်ကူးထားတဲ့ “ငဘ” အမည်ရှိ ရုပ်ရှင်ကို ရုပ်ရှင်ကြည့်ပရိသတ်တွေ ဇန်နဝါရီလ ၁၃ ရက်နေ့က စတင်ပြီး ပြသနေပြီဖြစ်ပါတယ်။
အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တို့မှာ ပညာမဲ့ ဆင်းရဲသား လယ်သမားတွေရဲ့ ဖိနှိပ်ခံဘဝတွေကို ပီပီပြင်ပြင်တွေ့ရမယ့် “ငဘ” ဝတ္ထုကို ကျော်သူ၊ ကျော်ရဲအောင်၊ မင်းဦး၊ နေမျိုးအောင်၊ စိုးမြတ်သူဇာနဲ့ အေးမြတ်သူတို့ ခေါင်းဆောင်ပါဝင်ပြီး ဒါရိုက်တာ ခင်စောမျိုး(အဖေ့ပညာ) က ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီ ဇာတ်ကားကို သုခမိန် ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဂျပန်ခေတ်ရဲ့ ဖိနှိပ်ခံလယ်သမား ငဘအဖြစ် ကျော်သူ၊ ဇနီး မယ်ဖော့ အဖြစ် စိုးမြတ်သူဇာ ၊ သမီး မိနီအဖြစ် အေးမြတ်သူတို့က ပါဝင်ထားကြပြီး ဂျပန်အလိုတော်ကြီး ဖိုးတုတ်အဖြစ် ကျော်ရဲအောင်၊ မျိုးချစ်လူငယ်မျိုးညွန့်အဖြစ် မင်းဦးတို့က သရုပ်ဆောင်ထားပါတယ်။ ဆင်းရဲငတ်ပြတ်ပြီး အပူပေါ် အပူဆင့် လယ်သမားဘဝမှ ဓားပြလို့ အစွပ်စွဲခံရပြီး ထောင်နန်းစံခဲ့ရတဲ့ ငဘရဲ့ ရင်ထုမနာဖြစ်ရတဲ့ ဘဝ၊ သမီးဖြစ်သူကလည်း ဂျပန် စစ်ဗိုလ်ရဲ့ မတရား အနိုင်ကျင့်စော်ကားခံခဲ့ရတဲ့ ဘဝတွေကို မြင်တွေ့ရမှာပါ။
ဇာတ်ကားရိုက်ကူးစဉ်က ဇာတ်ကောင်ကာရိုက်တာအရ ထမင်းနပ်မမှန်တဲ့ ငဘ ရဲ့ ပုံပန်းသဏ္ဍာန်နဲ့ ငဘအဖြစ်သရုပ်ဆောင်မယ့် ကျော်သူက ဝဖြိုးနေတဲ့အတွက် ဘယ်လိုမှ မကိုက်ညီဘူးလို့ ဝေဖန်မှုခံထားရတဲ့ ဇာတ်ကားတကားလည်းဖြစ်ပါတယ်။
“ငဘ” အဖြစ် သရုပ်ဆောင်ထားတဲ့ ကျော်သူကတော့ ဒီ ဇာတ်ကားအတွက် သူ့ဘက်ကအကောင်းဆုံး ကြိုတင် ပြင်ဆင်ထားခဲ့ပြီး လွန်ခဲ့တဲ့ နှစ် ၈၀ ကျော်က လယ်သမားတွေကိုင်တဲ့ တံစဉ်ကအစ နယ်ဘက်တွေမှာ သေချာရှာဖွေ ရိုက်ကူးထားသလို အင်္ကျီကိုလည်း တကားလုံးမှာ အစုတ်ပြတ်ဆုံး အဝတ်အစားများကို ဝတ်ဆင်သရုပ်ဆောင်ခဲ့တယ် လို့ ဇာတ်ကားရိုက်ကူးခဲ့စဉ်က ဆိုထားပါတယ်။
ဒီဇာတ်ကား ရိုက်ကူးဖို့အတွက်လည်း ဆင်ဆာကို ၃ ကြိမ်တင်ခဲ့ရပြီး ၄ ကြိမ်မြောက်မှ ရိုက်ကူးခွင့်ရတယ်လို့ ဒါရိုက်တာ ခင်စောမျိုးက ဒီဇာတ်ကား ရိုက်ကူးခဲ့စဉ်က ဧရာဝတီကို ပြောခဲ့ဖူးပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ချစ်၊ ကြိုက် ကွဲ၊ ညား နဲ့ ကလိထိုးဟာသဇာတ်ကားတွေကြားမှာ ရှေးအခါက မြန်မာလယ်သမားတွေရဲ့ဘဝကို ရင်နင့်ဖွယ်ရာ သရုပ်ဖော်ထားတဲ့ “ငဘ” ရုပ်ရှင်ဇာတ်ကားကတော့ ရုံတင်ပြီ ဖြစ်ပါတယ်။
ဒီဇာတ်ကားကို သံလျင်၊ ပုဂံ၊ ပုပ္ပါး ဘက်တွေမှာ သွားရောက်ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ဝေဖန်မှုတွေရှိခဲ့တဲ့ “ငဘ” ရုပ်ရှင် ဇာတ်ကားကတော့ ရုံတင်ပြီဖြစ်တဲ့အတွက် ငဘ ဇာတ်ကောင်နဲ့ ကျော်သူနဲ့ လိုက်ဖက်ခြင်း ရှိမရှိကတော့ ရုပ်ရှင်ရုံမှာသွားရောက်ကြည့်ရှုပြီး အကဲဖြတ်နိုင်ပါတယ်။
ဒီဇာတ်ကားကို ဇန်နဝါရီ ၁၃ ရက်နေ့မှစတင်ပြီး ကြားဖြတ်စနစ်အနေနဲ့ B ရုံတွေဖြစ်တဲ့ ရန်ကုန်မြို့ရှိ ရှေ့ဆောင်၊စံပြ၊ ဂမုန်းပွင့်၊ Junction Square အစရှိတဲ့ရုံများအပြင် မန္တလေး၊ နေပြည်တော်၊ ပုသိမ်၊ တောင်ကြီး၊ဘားအံ အစရှိတဲ့ မြို့ကြီးများမှာပါ တပြိုင်နက်တည်း ရုံတင်ပြသတော့မှာဖြစ်ပါတယ်။