၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့၊ တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Mister and Miss Golden Future Myanmar Final ပြိုင်ပွဲ၏ ပွဲစီစဉ်သူက ပြိုင်ပွဲဝင်များအား လိမ်လည်မှုများ ရှိခဲ့တာကြောင့် ဆုရရှိသူ ပြိုင်ပွဲဝင်များမှ ဆုများကို ပြန်လည်အပ်နှံပြီး အမှုဖွင့် အရေးယူရန် မြိတ်မြို့နယ် ရဲစခန်းမှာ တိုင်ကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
ဖြစ်စဉ်မှာ Golden Future Myanmar Organization မှ ပွဲစီစဉ်သူ ကိုကောင်းဟိန်းလှိုင်ဟာ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ပြိုင်ပွဲဝင်များကို ဆန်ကာတင်ရွေးချယ်ပြီး Mister and Miss Golden Future Myanmar 2017 ပြိုင်ပွဲ ကို မြိတ်မြို့မှာ ကျင်းပရန် စီစဉ်ခဲ့တယ်လို့ သိရပါတယ်။
ပြိုင်ပွဲဝင်များ အနေနဲ့ အဆိုပါ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန် Deposit အနေဖြင့် တဦးကို အမေရိကန ဒေါ်လာ ၃၀ဝ စီ စတင်ပေးသွင်းခဲ့ရပြီး၊ ပွဲပြီးသည်နှင့် ပြန်လည်ပေးအပ်မည်ဟု စီစဉ်သူမှ ပြိုင်ပွဲဝင်များအား ပြောကြားခဲ့သည်ဟု ကာယကံရှင် ပြိုင်ပွဲဝင်များ၏ ပြောပြချက်အရ သိရပါတယ်။
သို့သော် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ ပွဲပြီးသည့်ရက်တွင် အဆိုပါငွေများကို ပြန်လည် မပေးအပ်သည့်အပြင် ပြိုင်ပွဲဝင်များ တည်းခိုရန် Organization မှ စီစဉ်ပေးထားသည် ဆိုသော ဟိုတယ်မှ အခန်းခများကိုပါ မရှင်းဘဲ စီစဉ်သူ ကိုကောင်းဟိန်းလှိုင်မှ ထွက်ပြေးတိမ်းရှောင် သွားတယ်လို့ ကာယကံရှင် ပြိုင်ပွဲဝင်များက ဆိုပါတယ်။
ယခုထက်ထိလည်း အဆက်အသွယ် မရသေးတာကြောင့် ပြိုင်ပွဲဝင်များမှ အမှုဖွင့်တိုင်ကြားရန် စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။
“သူလိမ်သွားတဲ့အတွက် ကျနော်တို့အနေနဲ့ ဆုံရှုံးမှုတွေ အများကြီး ရှိခဲ့ရပါတယ်။ ငွေကြေးသာ မကဘူး။ တခြား နာမည် ဂုဏ်သတင်း နစ်နာမှုတွေ အများကြီး ကြုံတွေ့ရပါတယ်။ စိတ်လည်း မကောင်းဘူးပေါ့ဗျာ” လို့ အဆိုပါ ပြိုင်ပွဲရဲ့ Winner တဦးဖြစ်သူ သျှားထက်စံက ပြောပါတယ်။
“နောက်ပိုင်းပြိုင်ပွဲတွေ ယှဉ်ပြိုင်မယ့် သူငယ်ချင်းတွေ အနေနဲ့ အခုလိုမျိုး မဖြစ်အောင် ပွဲကို မပြိုင်ခင် ကတည်းက ဘယ်လောက်ထိ အာမခံချက်ရှိတဲ့ ပွဲဆိုတာကို လေ့လာပြီးမှ ပြိုင်သင့်ပါတယ်” လို့ ပြိုင်ပွဲရဲ့ နောက်ထပ် Winner တဦးဖြစ်သူ မော်ဒယ်လ် ဇော်ရှိုင်းထက်က ပြောပါတယ်။
အဆိုပါ အမှုနဲ့ ပတ်သက်ပြီး အမှုကို ဝင်ရောက်ကူညီပေးနေတဲ့ ဥပဒေအကြံပေး ဦးအောင်ဇင်က “ကျနော့် အမြင်ဆိုတာထက် ဥပဒေရှုထောင့်ဘက်ကနေ အမြင်ဆိုရင် ဒီလိုဖြစ်ရပ်မျိုးဟာ လိမ်လည်မှု မြောက်ပါတယ်။ တဆက်တည်းမှာပဲ ကျနော်တို့နိုင်ငံက တိုးတက်လာတဲ့ အလျှောက် ဒီလိုပွဲမျိုးတွေ အများကြီး ကျင်းပလာမှာပါ။ ဒါပေမယ့် အခုလို လိမ်ပွဲတွေ မကျင်းပဖို့ကိုတော့ နိုင်ငံတော်က ဌာနတခုခုကနေ အခုလို အလှမယ်၊ အလှမောင် ပြိုင်ပွဲတွေ Organization ကို သေချာ ကြီးကြပ်ဖို့ လိုတယ်” လို့ ဧရာတီကို ပြောပါတယ်။
ဆက်လက်ပြီး သူက “ဥပမာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန လက်အောက်က အား/ကာ လိုမျိုးက တာဝန်ယူမလား၊ ယဉ်ကျေးမှုကပဲ တာဝန်ယူမလား၊ တခုခုပေါ့။ အဲဒီလိုမျိုး တာဝန်ယူမှ အဆင်ပြေနိုင်တယ်” လို့ ဆိုပါတယ်။
အဆိုပါ Mister and Miss Golden Future Myanmar 2017 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ နောက်ဆုံးအဆင့် ပြိုင်ပွဲဝင် Mr. ၁၀ ဦး၊ Miss ၄ ဦး စုစုပေါင်း ၁၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။