Lifestyle

ဒီတပတ်ဖတ်စရာ

Want create site? Find Free WordPress Themes and plugins.

စာရေးဆရာ – ချစ်ကြည်ရေး ကြည်ညွန့်
စာအုပ်အမည် – သမိုင်းဝင် သူရိယ၊ မြန်မာ့အလင်းနှင့် မြန်မာ့နိုင်ငံရေး
အမျိုးအစား – သမိုင်းမှတ်တမ်း
ကိုလိုနီခေတ် နယ်ချဲ့ဆန့်ကျင်ရေးနဲ့ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲမှာ မြန်မာ သတင်းစာဆရာတွေရဲ့ အားထုတ် ကြိုးပမ်းမှုတွေ၊ ရပ်တည်ချက်တွေကို ဆရာချစ်ကြည်ရေး ကြည်ညွန့်က ပြုစုထားတာ ဖြစ်ပါတယ်။ သမိုင်းဝင် သူရိယ၊ မြန်မာ့အလင်းနှင့် မြန်မာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေး နိုးကြားစခေတ်၊ မြန်မာ့အလင်းနှင့် သူတို့အကြောင်း၊ ပထမ ကျောင်းသားသပိတ်၊ ဒိုင်အာခီခေတ်၊ ၁၉၃၀ ခုနှစ် ဝန်းကျင် မြန်မာ့နိုင်ငံရေးနှင့် သတင်းစာကြီး နှစ်စောင်၊ ၁၃၀၀ ပြည့် အရေးတော်ပုံ၊ လွတ်လပ်ရေး တိုက်ပွဲခေတ် စတဲ့ အခန်း ၇ ခန်းနဲ့ အတူ နောက်ဆက်တွဲ အဖြစ် သူရိယ၊ မြန်မာ့အလင်း ကာတွန်းများ ၊ ဦးစောဘိလပ်သွားပြဇာတ်၊ ဖိုးစိန်နဲ့ ကျောင်းသားသပိတ်ကြီး တို့ကို ထည့်သွင်းထားပါ တယ်။ ဇဝန၊ ဦးစောဦး၊ ဦးသန်းတင့်၊ ဦးမောင်မောင်ခင်၊ ဦးဘသန်း၊ ဂျာနယ်ကျော်မမလေး စတဲ့ သတင်းစာ ဆရာကြီးများရဲ့ သုံးသပ်ချက်၊ အမြင်နဲ့ အမှာစာတွေကိုလည်း ဖတ်ရှု့ရမှာ ဖြစ်ပါတယ်။ စိတ်ကူးချိုချိုစာအုပ်တိုက်က တန်ဖိုး ၄၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

စာရေးဆရာ – မဟာဆွေ
စာအုပ်အမည် – မဟာဆွေ၏မဟာဆွေ
အမျိုးအစား – အတ္ထုပ္ပတ္တိ
`ဗမာပြည်ကြီးလွတ်လပ်တာ မဟာဆွေရဲ့ ညာလက်ရုံးတစ်ဖက်ပါတယ်’ လို့ အဆိုရှိပါတယ်။ သခင်အောင်ဆန်းက `သခင်ဗဟိန်းက နေသူရိန် ဆိုတာ ဆရာပဲ ဆိုလို့၊ ဒါပေမယ့် ဆရာကိုယ်တိုင်က ပြောတာ ကြားချင်တယ်’ လို့ အတည်ပြုချက် ယူခဲ့ဖူးပါတယ်။ မဟာဆွေ၏ မဟာဆွေမှာ အပိုင်း ၃ ပိုင်း ပါဝင်ပြီး ကိုလိုနီခေတ် ပညာရေး၊ လူမှုရေး၊ သတင်းစာ၊ စာပေ၊ နိုင်ငံရေးလောကအကြောင်း တစေ့တစောင်းနဲ့ ဆရာကြီးမဟာဆွေရဲ့ ဘဝ၊ အတွေးအခေါ် ယုံကြည်ချက်၊ လုပ်ရပ်တွေကို ဖတ်ရှုရမှာ ပါ။ ၁၉၅၃ ခုနှစ်၊ ပထမအကြိမ်ထုတ်မှာ မပါတဲ့ ဆရာမကြီးခင်ဆွေဦးရဲ့ ဆောင်းပါး ၃ ပုဒ်ကိုလည်း နောက်ဆက်တွဲ အနေနဲ့ဖတ်ရှုရမှာဖြစ်ပါတယ်။ ပြည်မြန်မာ စာအုပ်တိုက်က တန်ဖိုး ၅၀၀၀ နဲ့ ဖြန့်ချိထားပါတယ်။

စာရေးသူ – သစ္စာနီ
စာအုပ်အမည် – ရွေးကောက်ပွဲအလွန်…ဒီချုပ်အစိုးရ
(လက်သန်းဖျားပေါ်မှ ခရမ်းရောင်အိပ်မက်များ )
အမျိုးအစား – နိုင်ငံရေး
`တကယ်တော့ မြန်မာ့နိုင်ငံရေးမှာ ကျားသနားမှ နွားချမ်းသာခွင့်ရမည့် နိုင်ငံရေးပင် ဖြစ်နေလေသည်’ လို့ ဆရာသစ္စာနီက ဆိုပါတယ်။ ရွေးကောက်ပွဲ အကြိုကာလကစလို့ အစိုးရသစ်ဖွဲ့ပြီး ကြုံတွေ့လာနိုင်တဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဆရာသစ္စာနီက ခန့်မှန်း၊ အကြံပေး၊ သုံးသပ်ဝေဖန်ထားတဲ့ စာအုပ်ပါ။ ရွေးကောက်ပွဲ စစ်တမ်း၊ ခရမ်းရောင်လက်သန်းတော်လှန်ရေး၊ လူထုခေါင်းဆောင်နှင့် သမ္မတ၊ အခြေခံဥပဒေ အာဏာရှင်စနစ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းစဉ်၊ သမ္မတ အရှုပ်တော်ပုံ ၊ အစိုးသစ်အခင်းအကျင်း၊ အစိုးရသစ် အတွက် ပြဿနာပေါင်း သောင်းခြောက်ထောင် စတဲ့ နိုင်ငံရေး သုံးသပ်ချက်တွေကို ဖတ်ရှု့ရမှာ ဖြစ်ပါတယ်။ ရန်ကုန်လမ်းမများ စာပေက တန်ဖိုး ၁၈၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

စာရေးဆရာ – ဝင့်ပြုံးမြင့်
စာအုပ်အမည် – ဝမ်တိန်အသွားလမ်း
အမျိုးအစား – ဘာသာပြန်
နိုင်ငံတကာ စာအုပ်ဈေးကွက်ကို ထိုးဖောက်နိုင်ခဲ့တဲ့ မြန်မာပြည်ဖွား နိုင်ငံတကာ စာရေးဆရာမ တဦးဖြစ်တဲ့ ဝင်ဒီလောရုံရဲ့ THE ROAD TO WANTING စာအုပ်ကို ဆရာမဝင့်ပြုံးမြင့်က ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ တရုတ် နယ်စပ်ရောက် လုတိုင်းရင်းသူလေး တဦးရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝဖြတ်သန်းမှု့ကို ဖတ်ရှု့ရမှာ ဖြစ်ပါတယ်။ ငါတို့စာပေက တန်ဖိုး ၃၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါ တယ်။ အိမ်တိုင်ရာရောက်မှာယူလိုသူများ ၀၉-၂၅၀၀၉၁၉၁၃ ကို ဆက်သွယ် မှာယူနိုင်မှာဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading