အစားအသောက်ကို ဦးစားပေးပြီး စားကောင်းမယ့်ဆိုင်မျိုးတွေကို အမြဲလိုလိုရှာဖွေနေသူတွေ များလာတဲ့ ဒီဘက်ခေတ်မှာ စားသောက်ဆိုင်တွေကလည်း ဆိုင်အပြင်အဆင် အစားအသောက်အပြင်အဆင် အရသာတွေကို သူ့ထက်ငါ ထူးခြား အောင် တီထွင်ဆန်းသစ်လာကြပါတယ်။
ဒီတပတ်မှာတော့ မြို့လယ်ခေါင်မဟုတ်ပေမယ့် ရန်ကုန်ရဲ့ ထင်ရှားပြီး လူစည်ကားသောနေရာမှာ တည်ရှိပြီးတော့ ဆိုင်အတွင်းပိုင်းကို ဝါးလုံး၊ ဝါးခြမ်းတွေနဲ့ အလှဆင်ထားတဲ့ အသွင်အပြင်အနေအထားနဲ့ ဆိုင်တဆိုင်ကို မိတ်ဆက်ပေးချင်ပါတယ်။
ဆိုင်အမည်က Try Restaurant Menu ပါ။ ပုံမှန်ဆိုရင်တော့ ဝါးလုံး၊ ဝါးခြမ်းတွေနဲ့ အလှဆင်တာဟာ ရန်ကုန်လို တိုက်တာတွေကြားမှာ ထူးခြားတယ်လို့ ဆိုရမှာပါ။ အပြင်ဖက်က ကြည့်ရင်တော့ သာမန်စားသောက်ဆိုင်ခန်းလေးတခန်းပဲဖြစ်ပြီး အထဲကိုဝင်လိုက်မှသာ ဒီလို ထူးခြားပြီး ချစ်စရာကောင်းတဲ့ အပြင်အဆင်ဒီဇိုင်းကို တွေ့ရမှာ ဖြစ်ပါတယ်။
ဆိုင်ခန်းကတော့ အနည်းငယ် ကျဉ်းပါတယ်။ အပေါ်ထပ်ကို ဆိုင်ခန်းနေရာ ထပ်ချဲ့ထားတာ တွေ့ရပါတယ်။ သီချင်းသံတွေ အနည်းငယ် ဆူတာမို့ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ နေ့လယ်စာ၊ ညနေစာ စားသောက်တာမျိုးဆို ပိုပြီး အဆင်ပြေမှာပါ။ အေးအေးဆေးဆေး စားသောက်ချင်သူတွေ၊ စားရင်းသောက်ရင်း အလုပ်ကိစ္စ စကားပြော ဆွေးနွေးချင်သူတွေ အတွက်တော့ သဘောကျမှာ မဟုတ်ပါဘူး။ မွေးနေ့ပွဲတွေအတွက်လည်း စီစဉ်ပေးတယ်လို့ သိရပါတယ်။

ဂျပန်၊ တရုတ်၊ European၊ ထိုင်း အစားအစာတွေကို တနေရာထဲမှာ ရရှိနိုင်ပြီး အရသာလည်း မဆိုးလှတဲ့ ဆိုင်လို့ ပြောလို့ရပါတယ်။ ဝန်ထမ်းတွေလည်း ဆက်ဆံရေးပြေပြစ်တာကို တွေ့ရပါတယ်။ အာပူလျှာပူကြေးအိုး၊ တုံယမ်းကြေးအိုး၊ ကြက်ကချင်၊ Spaghetti အစရှိသဖြင့် ဟင်းလျာအမျိူးအစား တော်တော်များများ ရရှိနိုင်ပါတယ်။ ဟော့ပေါ့၊ ဝက်မွှေးငရုတ်ကောင်း၊ Glilipollo Spaghetti, Try Special Roll တို့ကို မှာယူမြည်းစမ်းခဲ့ပါတယ်။ မှာထားတာတွေ ရရှိဖို့ စောင့်နေတဲ့အချိန်မှာ အရင်ဆုံးနဲ့ အမြန်ဆုံး ရောက်ရှိလာတဲ့ ဟော့ပေါ့က စားသုံးသူတွေကို တခြားစားစရာတွေ စောင့်ရတဲ့အချိန်ကို ကြာမှန်းမသိအောင် ဆွဲဆောင်ထားတယ်လို့ ထင်ပါတယ်။ တခြားဟင်းလျာတွေရရှိဖို့လည်း အချိန်သိပ်မကြာလှပါဘူး။


ပင်လယ်စာနဲ့ အသီးအရွက် ရောထားတဲ့ ဟော့ပေါ့ ပူပူနွေးနွေး ခပ်စပ်စပ်က ခုလို ဆောင်းရာသီနဲ့ လိုက်ဖက်တာမို့ လူကြိုက်များပြီး စားကောင်းတဲ့ အစားအစာတခုဆိုလည်း မမှားပါဘူး။ စားနေကျ ဟော့ပေါ့အရသာတွေနဲ့ မတူတာ ကတော့ ဟင်းရည်မှာပါဝင်တဲ့ ဂျင်း၊ စပါးလင်၊ ပဒဲကော စတာတွေကို ကြေညက်အောင် ကြိတ်ပြီး ထည့်ထားတာမို့ ဟင်းရည်ကိုသောက်လိုက်ရင် ခံတွင်းထဲမှာ အချိုခပ်လေးလေး ခပ်ရှိန်းရှိန်းနဲ့ ငရုတ်သီးအစပ်ကြောင့် ချိုစပ်ရှိန်း အရသာကို ရရှိစေမှာပါ။ အချိန်နည်းနည်းကြာလာရင်တော့ ဟင်းရည်က ပျစ်လာပြီး ကြိတ်ထည့်ထားတဲ့ ဂျင်းတို့ စပါးလင်တို့က အနှစ်လိုဖြစ်လာကာ အနည်းငယ် ငံတဲ့အရသာကို ရရှိပါတယ်။

ဝက်မွှေးငရုတ်ကောင်းကတော့ ဝက်သားကို ငရုတ်ကောင်းနဲ့ ကြော်ချက်လိုပုံစံမျိုး လုပ်ထားတာဖြစ်ပြီး စားလိုက်ရင် ချိုစိမ့်တဲ့အရသာကို လျှာပေါ်မှာ ခံစားရမှာဖြစ်ပါတယ်။ ငရုတ်ကောင်းပါတယ်ဆိုပေမယ့် အနံ့မွှေးရုံလောက်သာ ထည့်ထားတာဖြစ်ပြီးတော့ ငရုတ်ပွသီးလည်း ပါဝင်ပါတယ်။ အများကြီးစားရင်တော့ အီမယ့်ဟင်းလျာမျိုးဖြစ်ပြီး ထမင်းနဲ့စားရင် အဆင်ပြေစေမှာပါ။

Try Special Roll ကတော့ Try ရဲ့ Sushi ဖြစ်ပြီး ဂျပန်ကနေ တိုက်ရိုက်မှာယူထားတဲ့ ဂျပန်ဆန်အစစ်နဲ့ ပြုလုပ်ထားကာ စားနေကျ ဆူရှီအရသာတွေနဲ့မတူဘဲ အရသာစွဲပြီး ကျန်နေခဲ့တာမျိုးပါ။ ဂျပန်အစားအစာကြိုက်နှစ်သက်သူတွေအနေနဲ့ အကြိုက်တွေ့စေမှာပါ။ ဆော့စ်တွေကိုလည်း သူတို့ရဲ့ ကိုယ်ပိုင်စတိုင်နဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
တခြားနေရာတွေမှာ မရနိုင်ဘဲ ရုတ်တရက်ကြည့်ရင် မန်ကျည်းသီးအနှစ်နဲ့တူတဲ့ ပန်းသီးဆော့စ်ကိုလည်း ချိုချိုချဉ်ချဉ်အရသာနဲ့ ထူးထူးခြားခြား မြည်းကြည့်နိုင်မှာဖြစ်ပါတယ်။
“ဒီဆိုင်လေးဖွင့်ထားတာတော့ တနှစ်လောက်ရှိပြီပေါ့။ စပြီးဖွင့်တုန်းက ကျနော်တို့က ဂျပန်အစားအစာဆိုင်ဆိုပြီး ဖွင့်ခဲ့တာပါ။ ဒါပေမယ့် အချိန်နည်းနည်းကြာလာတော့ တမျိုးတည်းရတဲ့ ဆိုင်တွေက နောက်မှာကျန်ခဲ့တာတွေ့ရတယ်။ အဲ့ဒီတော့ ကျနော်တို့ ဂျပန်၊ တရုတ်၊ European၊ ထိုင်း ဆိုပြီး ဖွင့်ဖြစ်ပါတယ်။ ဒီအစားအစာတွေရဲ့ အရသာတွေကတော့ မြန်မာတွေပါးစပ်နဲ့ အကြိုက်တွေ့အောင် အနည်းငယ်တော့ ပြန်ပြုပြင်ထားရပါတယ်။ ဝန်ထမ်းက စုစုပေါင်း ၃၀ လောက် ရှိတယ်ဗျ။ Chef က ကျနော်အပါအဝင် ၂ ယောက်ပါ။ အစားအစာက ၄ လိုင်းဆိုုတော့ ကျနော်တို့ တယောက်ကို ၂ လိုင်းဆီ ခွဲယူထားပါတယ်။ မွေးနေ့ပွဲတွေဘာတွေဆိုလည်း ကျနော်တို့ တတ်နိုင်သလောက် စီစဉ်ပေးပါတယ်” လို့ Try Restaurant Menu မှ Chef ဖြစ်သူ ကိုသူရထွန်းမှ ပြောပြပါတယ်။
ဆိုင်ဖွင့်ချိန် ပိတ်ချိန်တွေက မနက် ၁၀ နာရီမှ ည ၁၀ နာရီအထိဖြစ်ပြီး သင်္ကြန်ရက်တွေကလွဲလို့ ပိတ်ရက်မရှိဘူးလို့ သိရပါတယ်။ ဆိုင်လိပ်စာက No.B (01-11), လမ်းမတော်လမ်း၊ လသာမြို့နယ်၊ ရန်ကုန်ဖြစ်ပါတယ်။
ရန်ကုန်မြို့ထဲ ဖြစ်တာကြောင့် ကားနဲ့ သွားရောက် စားသုံးမယ့်သူတွေအနေနဲ့တော့ ကားပါကင် အခက်အခဲရှိနိုင်ပါတယ်။ အစားအသောက် ဈေးနှုန်းတွေအနေနဲ့တော့ ၂၀၀၀ ဝန်းကျင်ကနေ ၁၂၀၀၀ အထိ ရှိပါတယ်။