ဓာတ်မတည့်မှု Allergy တွေက လက္ခဏာမျိုးစုံ၊ ပုံစံမျိုးစုံနဲ့ ဖြစ်ပေမယ့် အရေပြားမှာ အဖြစ်များပါတယ်။ အရေပြားမှာ ဓာတ်မတည့်တာ ဖြစ်ရင် ယားယံတာ၊ နီရဲလာတာ၊ ရောင်ရမ်းတာတွေ ဖြစ်လာပါတယ်။ အများအားဖြင့် ၁ ပတ်၊ ၂ ပတ်လောက်ဆို ပျောက်သွားတတ်ပေမယ့် အိမ်တွင်း ကုထုံးလေးတွေကလည်း သက်သာမှု ရစေပါတယ်။
ဖြစ်တဲ့အရာကိုရှောင်
ဒါကတော့ ကိုယ့်အနေနဲ့ သတိပြုမိရင် အဆင်ပြေပါတယ်။ တခုခု စားသောက်၊ ထိတွေ့ရာက ဒီလို ဖြစ်တယ်ဆိုရင် အဲဒါကို ထပ်ပြီး မထိတွေ့အောင် သတိထားမိဖို့ပါပဲ။
အအေးဓာတ်
ရေခဲပတ်ကလေး ကပ်ပေးတာ၊ ရေချိုးလိုက်တာတွေက ယားယံမှုတွေ သက်သာစေပါတယ်။ ဖြစ်တဲ့နေရာကို လက်ဖဝါးနဲ့ ခပ်ဖြည်းဖြည်း ဖိပေးပြီး ခြောက်သွေ့အောင်လုပ်၊ ရေလေးနဲ့ စွတ်စိုအောင် လုပ်ပေးလည်း သက်သာပါတယ်။
ဂျုံမှုန့်
ဂျုံမှုန့်ကို ရေနဲ့ရောပြီး ရောင်ရမ်းနေတဲ့ နေရာကို အုပ်ပေးထားရင် သက်သာစေပါတယ်။ ဒီနည်းမှာ ပြဿနာရှိတာက ဂျုံကို ဓာတ်မတည့်တာမျိုး ကြုံရတတ်တာပါ။ ရေကို ကြက်သီးနွေးရုံသာ သုံးသင့်ပါတယ်။ သိပ်ပူတဲ့ရေနဲ့ဆို အရေပြားကို ပိုပြီး ဆိုးလာစေပါတယ်။
အယားပျောက်ဆေး
သိပ်ဆိုးရွားရင်တော့ ယားယံတာကို လိမ်းဆေးတွေ သုံးပြီး ဖြေဖျောက်နိုင်ပါတယ်။ Hydrocortisone ဒါမှမဟုတ် Calamine ပါဝင်တဲ့ လိမ်းဆေးတွေ ဝယ်ပြီး သုံးနိုင်ပါတယ်။
အဝတ်ပွပွ
အဝတ်အစားကို ကျပ်တာတွေ မဝတ်မိဖို့ သတိထားပါ။ အဲဒီ အဝတ်တွေကိုက အရေပြားကို ယားယံစေပါတယ်။ ပေါ့ပါးပြီး ခပ်ပွပွဖြစ်တဲ့ အဝတ်တွေ ဝတ်တာက အဆင်ပြေစေပါတယ်။
ရေစို အဝတ်လေးဝတ်ပေးပါ
ယားယံတာက သိပ်ပြီး ပြင်းထန် ဆိုးရွားနေရင် အဝတ်ရေစို ဝတ်ပေးတာက သက်သာစေပါသတဲ့။ အရင်ဆုံး ချည်သား လက်ရှည် တီရှပ်လိုမျိုးတွေကို ရှာပြီးသုံးသင့်ပါတယ်။ အဝတ်ကို ရေသန့်သန့်နဲ့ စိမ်၊ ရေသေချာ ပြန်ညစ်ပြီး ဝတ်ဆင်ထားတာမျိုး လုပ်ပေးတာ အဆင်ပြေတယ်လို့ ဆိုပါတယ်။ အဲဒီပေါ်ကနေ နွေးထွေးတဲ့ အဝတ်ပွပွလေး ထပ်ဝတ် ထားသင့်တယ်လို့လည်း ဆိုပါတယ်။
အရေပြားနဲ့ ပတ်သက်ပြီး ဖြစ်လာတဲ့ ပြဿနာတွေကို အဲဒီလိုနည်းလေးတွေ သုံးပြီး စမ်းကြည့်လို့ နည်းနည်းပါးပါး သက်သာပေမယ့် လုံးဝ ပျောက်သွားတာမျိုး မရှိရင်တော့ အကြောင်းရင်းခံ ရောဂါ တမျိုးမျိုး ရှိနေနိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်သင့်တယ်ဆိုတာ သတိပေးလိုက်ပါရစေ။