ယနေ့ အမေရိက၏ ခေတ်မီတိုးတက်မှု၊ ပညာဉာဏ် လင်းပွင့်မှု၊ အမျိုးသမီးတို့၏ အခန်းကဏ္ဍ တွင်ကျယ် နေရာရမှု၊ စာပေ၊ ဂီတ၊ ဝတ်စားဆင်ယင်မှု၊ ယဉ်ကျေးမှု အစုစု၏ အခြေပြုရာသည် ၁၉၂ဝ တွင် စတင်ခဲ့၏။
ထိုကာလကို ရွှေခေတ်ဟု သူတို့က ညွှန်းဆိုလေ့ရှိ၏။ “Roaring 20s” ဟု ဂုဏ်ယူ တင်စားလေ့ရှိ၏။ စိန်ခေါ်နေသော နှစ်ကာလများပီပီ၊ အရာခပ်သိမ်းသည် ရဲရဲရင့်ရင့်၊ ဝင့်ဝင့်ကြွားကြွား။
ခေါင်းစိုက်နေသော စိုက်ပျိုးမြေဈေးတို့ ပုံမှန်ဖြစ်သွားသည်မို့ လယ်ယာမြေ လုပ်ငန်းတို့ ပြန်လည် ဦးမော့လာသည်။ လိုအပ်ချက် အရ ပိုမိုခေတ်မီသော လယ်ယာသုံး ယန္တရားတို့ ပေါ်ပေါက်လာကြပြီ။ လယ်ထဲယာထဲ၌ လယ်ထွန်စက်သံ ညံမစဲတော့။
ပထမကမ္ဘာစစ်၏ သင်ကြားချက်အရ ကျောက်မီးသွေးကို ပင်မလောင်စာ စွမ်းအင်အဖြစ် သတ်မှတ် အားထားနေ၍ မဖြစ်တော့။ ရေနံကို အစားထိုး ရှာဖွေလာကြသည်။ မိုင်းလုပ်ငန်း ဆုတ်ယုတ်လာသည်။ “ရောက်ခ်ဖဲလား” အမည်ရ ဂျာမန် အိုင်းရစ် ညီအစ်ကို၏ ရေနံလုပ်ငန်း အောင်မြင်မှုမှာ ဒဏ္ဍာရီတပုဒ်ပမာ။ ကမ္ဘာ့သမိုင်းတလျှောက် အချမ်းသာဆုံး လူသားတွေတဲ့။
စီးပွားရေး ဦးမော့လာသည်မို့ သဘောဝအရ ယဉ်ကျေးမှု အဖြာဖြာလည်း တမုဟုတ်ချင်း ပြောင်းပြောင်းလဲလဲ။ အမျိုးသမီးတို့ ဂါဝန်တွေ ရုတ်တရက် တိုသွားသည်။ ဆံပင်တွေ ရုတ်တရက် တိုသွားသည်။ ဆံပင်တို့ နားရွက်အောက်နား ရောက်ရုံမျှသာ ရှိတော့၏။ ထိုပုံစံကို ‘Bob hair’ ဟု အမည်ပေးလိုက်ကြ၏။
မိတ်ကပ်လှလှ လိမ်းလာကြသည်။ မိတ်ကပ်ဘူးလေးတွေ ဖွင့်၍ လူကြားသူကြားမှာပင် အလှခြယ်သ တတ်လာကြသည်။ နီနီရဲရဲ ဆိုးထားသော နှုတ်ခမ်းနှစ်လွှာကြားရှိ စွပ်တံမှ ထွက်လာသော မီးခိုးငွေ့တို့သည် ပျိုပျိုမေတို့၏ ခံစားချက်ကို ဖော်ပြလျက် ရှိ၏။
ပိုးလက်အိတ်၊ ဖဲလက်အိတ်တို့သည် ပျိုပျိုမေတို့၏ ကာယအိန္ဒြေဖြစ်၏။ ပိုး၊ ဖဲ၊ ကတ္တီပါ ဦးထုတ်လှလှ တို့သည် လည်းကောင်း၊ ငှက်မွှေးလှလှ ဆင်ယင်ထားသည့် ဦးရစ်၊ ခေါင်းဆောင်းတို့သည် လည်းကောင်း သူတို့၏ သရဖူဖြစ်၏။
မျက်ဝန်းမှတဆင့် ထင်ဟပ်သော ခံစားမှုအစုစုကို ဖုံးကွယ်နိုင်သော ပိုးမျက်နှာဖုံး ဇာလွှာသည် ပျိုပျိုမေတို့၏ စက္ခုပါလတည်း။ ဆီးကွင့် ဘော်ကြယ်ထိုး၍ ပုလဲသီထားသော တက်တင်းဇာမြိတ် ဆင်ယင်ထားသော ဂါဝန်တို့သည် အမျိုးသမီးတို့၏ ရတနာတပါး ဖြစ်လာ၏။
ခါးအထိရှည်သော ပုလဲပုတီးများ လှပဆန်းကြယ်သော လည်ဆွဲများ၊ ချစ်သူ့လက်ဆောင် ချစ်သက်သေ ရင်ထိုးများဖြင့် ပျိုပျိုတို့ တင့်တင့်တယ်တယ်။ (ထိုခေတ်က ပျိုပျိုတို့သည် ကိုကိုတို့ပေးသော ရင်ထိုးကိုသာ ဆင်မြန်းလေ့ရှိ၏။ ကိုကိုတို့မှာလည်း ပျိုပျိုတို့ ထိုးပေးသော ဆွယ်တာ၊ လက်အိတ်၊ ခြေအိတ်တို့ကိုသာ မြတ်မြတ်နိုးနိုး ဝတ်ဆင်ကြ၏။)
ရေယွန်ထည်တွေ ပေါ်လာပြီမို့ ဝတ်ရဆင်ရ ပိုမိုပေါ့ပါးလာသည်။ အရောင်အသွေး ပိုပို စိုပြေလာသည်။ ရေယွန် ခြေအိတ်တွေကို စွပ်လိုက်ရုံဖြင့် ပေါ့ပါးနွေးထွေးကာ ခေတ်နှင့်အမီ ရင်ဘောင်တန်းနိုင်ခဲ့ပြီဟု ခံယူကြ၏။ ခါးသေးရင်ချီ ကိုယ်ဟန် ပေါ်ပေါက်စေရန် ကော့ဆက်ခေါ် ကိုယ်တုကိုယ်ယောင်ကို အသက်ရှူကျပ်မတတ် ရှေးယခင်ကကဲ့သို့ ဆင်မြန်းရန် မလိုတော့ပြီ။
စက်မှုလက်မှုလုပ်ငန်း တိုးတက်လာသော အကျိုးကျေးဇူးဖြင့် သတ္တုချိတ်များ၊ ဇစ်များ၊ ကြယ်သီးများသည် အမျိုးသမီး အတွင်းထည်တို့နေရာ၌ အစားထိုးဝင်ရောက်လာသည်။ ပိုးတုချည်မျှင် တွင်ကျယ်လာသည်မို့ ပျိုပျိုမေတို့ အလှတိုးစရာမှာ တမျိုးပြီး တမျိုး။
အထက်တန်းလွှာ အမျိုးသမီးတို့၏ အဆင်အယင်ကို လူလတ်တန်းစားများက လိုက်လံတုပကြသည်။ ဈေးသက်သာသော အထည်ဖြင့် ချုပ်လုပ်ထားသည့် ပုံစံတူဝတ်စုံတွေ လိုက်လံဝတ်ဆင်ကြ၏။ သူတို့၏ အလှအပကို နယ်မှ မြို့သို့ ပြောင်းရွှေ့ လာသည့် မိန်းကလေးတွေက တဖန် အတုယူရင်းဖြင့် အမျိုးသမီး ဖက်ရှင်သစ် အရှိန်အဟုန်သည် ကြီးကြီးမားမား။
အဝတ်အထည် ဆိုင်တို့၌ ချုပ်ပြီး အဝတ်အစားတို့ကို ပြသရန် လူအရွယ်အရုပ်တို့ ပေါ်ပေါက်လာသည်။ ပြင်သစ်ပြည် ပဲရစ်မှ ကိုကိုးရှဲနယ်၏ နောက်ဆုံးဖက်ရှင် သတင်းတို့သည် ဖက်ရှင်နိဗ္ဗာန်သို့ သွားရန် ဖက်ရှင် ဒေသနာတော်တည်း။
အဖြူအမည်းပင် ဖြစ်လင့်ကစား၊ အသံပင် တိတ်လင့်ကစား ရုပ်ရှင်ပိတ်ကားပေါ်မှ မင်းသမီး ‘မေရီပစ်ဖို့ဒ်’ ဘာ ဖက်ရှင် ဆင်မြန်းသလဲ သိလိုစိတ်ဖြင့် ရုံထဲဝင်ကြပြန်သည်။ ‘မာလင်းဒိုင်ယက်ထရစ်ချ်’ ၏ ဖက်ရှင်ကိုလည်း မျက်ခြည်ပြတ် ခံ၍မဖြစ်။
သူ ဘာဦးထုပ် ဆောင်းသလဲ၊ သူ ဘယ်လိုပြုံးသလဲ၊ သူ ဘယ်လို စိတ်ဆိုးသလဲ၊ သူ ဘယ်လို စီးကရက်မီးခိုးကို ရှိုက်ထုတ် သလဲ ဆိုသည်ကလည်း ပျိုပျိုတို့၏ ဖက်ရှင်မှတ်စု ဖြစ်၏။ ပျို့ကိုကိုတို့ကိုလည်း ‘ဒေါက်ဂလပ်ဖဲယားဘင့်’ ကဲ့သို့ ဝတ်ဆင်စေချင်ကြသည်။
‘ဗဲလင်တီနို’ ၏ အကြည့်အောက်၌ သူတို့အားလုံး၏ နှလုံးသားတို့ အရည်ပျော်ကျရသည့်တိုင် နောင်တ မရှိ၊ သူ့အသံကို မှန်းဆ၍ ရုပ်လုံးဖော်ကြည့်တိုင်း ရွှေရင်တလှပ်လှပ်၊ သူ့အသံ ဝါသလား၊ သူအသံ ဝဲ သလား၊ နားထောင်ကြည့်ချင် စမ်းပါဘိ။ အသက် ၃၀ အရွယ်၌ မင်းသား သေဆုံးသွားသောအခါ ပျိုပျိုမေတို့အားလုံး သူတို့ကိုယ်သူတို့ မုဆိုးမအဖြစ် ခံယူလိုက်ကြလေသည်။
လူမှုဝန်းကျင်၌ အမျိုးသမီးတို့နေရာ ပိုရလာကြသည်။ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ပိုရလာကြသည်။ လက်နှိပ်စက် စာရေးမ၊ တယ်လီဖုန်း အော်ပရေတာ စသော အမျိုးသမီးလုပ်သား လူတန်းစားသစ် တရပ် ပေါ်ပေါက်လာသည်။ ထို မိန်းကလေးတို့သည်လည်း ဖက်ရှင်၏ မိတ်ဆွေတို့ ဖြစ်၏။
ညပွဲတက်ဝတ်စုံ မဟုတ်သော နေ့လယ်ခင်းဝတ် ဖက်ရှင်ဝတ်စုံတို့ကို ရေယွန်ထည်တို့ဖြင့် ဖန်တီးပြီး၊ ဈေးကွက်၌ ရောင်းချ ကြသည်မှာ လက်မလည်။ အမျိုးသမီးတို့ နေရာရလာလေ သတ္တိပိုမို ရှိလာလေ၊ ဖက်ရှင်ပိုမို ဖွံ့ဖြိုးလာလေ မဟုတ်လား။
အလှအပကို ကိုးကွယ်သူတွေမို့ နေရောင်မှ ကင်းပစေရန် ကာသောထီး၊ ဆောင်းသောထီးကိုပင် စက္ကူ၊ ဝါးဖြင့်ဖန်တီးသည့် အရှေ့တိုင်းဖြစ်ထီးများကို လည်းကောင်း ထီးရွက်အဖြစ် ပိုးစများဇာစများဖြင့်လည်းကောင်း တန်ဆာဆင်ကြ၏။
အပူဒဏ်မှ သက်သာစေရန် စက္ကူ ခေါက်ယပ်တောင်လေးတွေ ဆောင်ကြသည်။ ညနေ ပွဲလမ်းသဘင်တို့တွင် ငှက်မွှေး ရောင်စုံ ယပ်တောင်တို့ကို တဖျပ်ဖျပ်ခပ်ရင်း ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့ကို ထိုယပ်တောင် နောက်၌ ကွယ်ဝှက်၍ ပွဲလည်တင့် ကြသေးသည်။
အမျိုးသမီးတို့က ပိုမိုလှလာသည်။ ပိုမို ရဲတင်းလာသည်။ ပိုမို ဝင်ဆန့်လာသည်။ ထိုလှပ၊ ရဲတင်း၊ ဝင်ဆန့်ခြင်းနှင့် လျော်ညီသည့် ဖက်ရှင်တွေ ပေါ်ပေါက်လာသည်။ အမျိုးသမီးများ ကားမောင်းလာကြသည်။ အမျိုးသားတို့နှင့် တန်းတူ အခွင့်အရေး ရကာ မဲပေးနိုင်ခွင့်လည်း ရလာသည်။ ပထမဆုံး Miss America ပင် ပေါ်ထွန်းလာခဲ့ပြီလေ။
စာရေးဆရာ ‘စကော့ဖစ်ဂျရယ်’၊ ‘ဆင်ကလဲယားလူးဝစ္စ’ တို့၏ ဝတ္ထုတွေမှာ သူတို့၏ သမ္မာကျမ်းစာတည်း။ မွေးဖွားစဉ်က အိုမင်း ရင့်ရော်စွာ မွေးလာပြီး၊ အသက်ကြီးရင့် လာသည်နှင့်အမျှ တစတစ ငယ်နုလာသော Benjamin Button ကို သူတို့ အံ့သြမဆုံး။
ယူဂျင်းအိုနီး၏ ပြဇာတ်တို့ကို ဘရော့ဒ်ဝေး ဇာတ်ခုံပေါ်မှာ အရသာခံကြသည်။ ဘရော့ဒ်ဝေး လမ်းတလျှောက်မှာ တေးသံစုံ ပြဇာတ်ရုံများစွာသည် ပျိုပျိုတို့၏ ညနေခင်း ဖက်ရှင်ရှိုး ဖြစ်၏။
အမေရိကန် Jazz ဆိုသော ဂီတသစ်တမျိုး ပေါ်ပေါက်လာကာ၊ Jazz အကသစ်သည်လည်း မွေးဖွားလာပြန်သည်။ မန်ဟက်တန်မှ Jazz club တခုဖြစ်သော Coton Club သို့ မရောက်ဖူးလျှင် ခေတ်မမီသေး။
ထိုခေတ် ထိုအခါက သူတို့ကိုယ်သူတို့ Clapper ဟု အမည်ပေးထားသော ပျိုပျိုတို့၌ အချင်းချင်း စကားပြောလျှင် သုံးနှုန်းသည့် ဘန်းစကားတွေလည်း ရှိလာသည်။ ချစ်သူကို Baby ဟုခေါ်၍ ငွေကို Dough ဟု အမည်ပေး၏။
ရဲကိုမူ နွားသိုးဟု သတ်မှတ်ပြီး၊ ပျိုပျို၏ ငွေကြေး တောင့်တင်းသော ကိုကို ကို Daddy ဟု နာမည်တွင်စေသည်။
အမေရိကား၏ ယနေ့ခေတ် ဖွံ့ဖြိုးတိုးတက်သမျှ အရာရာသည် ထို “Roaring 20s”မှ စတင်ခဲ့သည်ချည်း။
‘Come on daddy baby တို့ ကကြရအောင်လေ’။