လူငယ်မိန်းကလေးတွေကြား ခေတ်စားနေတဲ့ Crop Top ဖက်ရှင်
ပြောင်းလဲလာတဲ့ ခေတ်ရေစီးနဲ့အတူ ဆယ်ကျော်သက် မိန်းကလေးတွေကြား ရေပန်းစားနေတဲ့ Crop Top အင်္ကျီတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီ Crop Top အင်္ကျီတွေဟာ အရင်ကတည်းက ရှိနေတာဖြစ်ပေမယ့် သိပ်မဝတ်ကြသလို ဒီဇိုင်းတွေကလည်း ရိုးရှင်းပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ ဆန်းပြားပြီး အနောက်တိုင်းဆန်တဲ့ ဒီဇိုင်းတွေနဲ့ ဈေးကွက်ထဲကို ဝင်ရောက်လာတာ တွေ့ရပါတယ်။
အနောက်တိုင်းဆန်တဲ့ ဒီဇိုင်းတွေ ခေတ်စားလာသလို တဖက်မှာလည်း မြန်မာလုံချည်ကို ဒီလို Crop Top ဒီဇိုင်းမျိုးတွေနဲ့ ဝတ်ဆင်လာကြတာ တွေ့ရပါတယ်။
Crop Top တွေဟာ မြန်မာဆန်တဲ့ လူငယ်ဒီဇိုင်းမျိုးဖြစ်အောင် လုံချည်နဲ့တွဲဖက် ဝတ်ဆင်ပြီး ဘုရားသွား၊ ကျောင်းတက်လို့ ရသလို လူငယ်သဘာဝ သွားလာကြတဲ့အချိန်တွေလည်း ကြိုက်နှစ်သက်ရာနဲ့ တွဲဝတ်ဖို့ အဆင်ပြေကာ လတ်တလော လူငယ်အများစု သဘောကျနေတဲ့ ဖက်ရှင်ဖြစ်နေပါတယ်။
အခုနောက်ပိုင်းမှာ EDM (Electronic Dance Music) ပွဲတွေလည်း ခေတ်စားလာပြီး EDM ပွဲများ ဒါမှမဟုတ် ဂီတရှိုးပွဲများ သွားကြသူတွေ အဝတ်များလာတဲ့ ဖက်ရှင်တခုလို့ ပြောရမှာပါ။

Crop Top အင်္ကျီ ဒီဇိုင်းတွေကို အနောက်နိုင်ငံတွေမှာတော့ ချက်တို့ ဗိုက်သားတို့ကိုပေါ်အောင် အသားပေး ဝတ်ဆင်တတ်ကြတဲ့ ဖက်ရှင်တခုအဖြစ်နဲ့ ကြာခဲ့ပြီဆိုပေမယ့် မြန်မာနိုင်ငံအနေနဲ့ကတော့ အနုပညာရှင်တွေ မော်ဒယ်လ်၊ အလှမယ်တို့တွေ အထက်တန်းလွှာမိန်းကလေးတွေ ပျော်ပွဲရွှင်ပွဲတို့ ရှိုးပွဲတို့ သွားတဲ့အခါ အများဆုံး ဝတ်ဆင်လာကြရာကနေ သာမန် မိန်းကလေးငယ်တို့ရဲ့ ခန္တာကိုယ်ပေါ်အထိ ခေတ်စားလာခဲ့တဲ့ ဖက်ရှင်တခုလို့လည်း ဆိုနိုင်ပါတယ်။
“ဆယ်ကျော်သက် မိန်းကလေးတွေကြားမှာ တော်တော်လေး ခေတ်စားလာတယ်ပေါ့နော်။ များသောအားဖြင့်တော့ စတစ်ကာပါတာလေးတွေ ဝတ်ကြတယ်ပေါ့။ EDM ပွဲတွေမှာ ဝတ်ကြတဲ့ဒီဇိုင်းတွေကတော့ Handmade ဒီဇိုင်းတွေပဲ များတယ်။ တက်တင်းထိုးထားတာတွေပေါ့။ ဈေးနှုန်းတွေအနေနဲ့က Crop Top ဒီဇိုင်းတွေပေါ်မူတည်ပြီးတော့ ၈၀၀၀ ကျပ် ပတ်ဝန်းကျင်လောက်ကနေစပြီး ဒီဇိုင်းဆန်းရင်ဆန်းသလို ၂၀၀၀၀ ပတ်ဝန်းကျင်လောက်အထိ ရှိပါတယ်” လို့ Rosella Gar Pink Online Shop မှ တာဝန်ရှိသူတဦးက ဆိုပါတယ်။