ဒိန်းမတ်နိုင်ငံအခြေစိုက် Turning Tables အဖွဲ့အစည်းက မြန်မာလူငယ်များအတွက် ပြုလုပ်ပေးတဲ့ Voice of Youth ဆိုတဲ့ ဂီတပြိုင်ပွဲကို ၂၀၁၆ ခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလအတွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ဂီတကို ဝါသနာပါကြတဲ့ မြန်မာနိုင်ငံတဝှမ်းက လူငယ်ဂီတ ရေး၊ဆို၊တီး ဝါသနာရှင်အများအပြားက သူတို့ရဲ့ ကိုယ်ပိုင်တေးသီချင်းများနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှာ အသက် ၂၆ နှစ်အရွယ်ရှိ ဇွဲသက်ပိုင် က “လူ့အခွင့်အရေး”ဆိုတဲ့ တေးသီချင်းနဲ့ Winner ဆုကို ရရှိခဲ့ပါတယ်။ ဧရာဝတီက တင်ဆက်နေကြ လူငယ်ကဏ္ဍမှာ ဇွဲသက်ပိုင် ကို သူ ဝါသနာပါရာဂီတ၊ ယုံကြည်ရာဂီတနဲ့ လူ့အခွင့်အရေး သီချင်းရေးသားယှဉ်ပြိုင်ဖြစ်ပုံနဲ့ ပတ်သက်ပြီး မေးမြန်း တင်ဆက်ထားပါတယ်။
ကျနော်ရေးပြီးပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ လူ့အခွင့်အရေးဆိုတဲ့ သီချင်းအမျိုးအစားကတော့ Hip Hop အမျိုးအစားပါပဲ။ အကြောင်းအရာကတော့ ကျနော် နိုင်ငံရေးဘက်ကို အရမ်းမသွားဘူး။ လူငယ်တွေယုံကြည်တဲ့ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး လွတ်လပ်စွာပြောခွင့်မရဘူးဆိုတဲ့ အကြောင်းပါ။ လူ့အဖွဲ့အစည်းက သိပ်လက်မခံသေးဘူးဆိုတဲ့ အကြောင်းပါ။ ပြီးတော့ မှန်တာကို မှန်တဲ့အကြောင်း ပြောခွင့်မရသေးတဲ့ အကြောင်းလေးပါ။ ကျနော်ရေးတဲ့ Rap စာသားတွေက နည်းနည်း အတိုက်အခံဆန်တာပေါ့နော်။
နိုင်ငံရေးတွေလည်းပါမယ်၊ နိုင်ငံသားတယောက်အနေနဲ့ မဖြစ်သင့်ဘူးဆိုတာတွေကို အမှန်အတိုင်းပြောလိုက်တယ်။ အီလက်ထရောနစ်ဥပဒေတို့၊ နောက် မူးယစ်ဆေးဝါး ကိစ္စတွေ၊ တော်ရုံတန်ရုံ မီဒီယာတွေမှာမပါတာ ထုတ်မပြောတဲ့ကိစ္စတွေကို ကျနော်ကတော့ ပြောလိုက်တယ်။ ကျနော် ပြောချင်တာက အမှန်တရားကို ကျနော်တို့ပြောခွင့်ရှိရမယ်၊ သိခွင့်ရှိရမယ်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိရမယ်ဆိုတဲ့ Message ကိုပဲ ပေးချင်တာပါ။
အခုလုပ်တဲ့ လူငယ်အသံဂီတပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်တာက ဒီပွဲက မနှစ်ကလည်း သူတို့ ပထမတကြိမ်လုပ်ပြီးသွားပြီလေ။ အဲဒီတုန်းကလည်း ဆုရတဲ့ သီချင်းတွေရော၊ သူတို့ရွေးချယ်ခဲ့တာတွေရော သူတို့ပြန်ပြီးတင်ဆက်ပြသတာတွေကို ကျနော်မြင်တော့ သဘောကျတယ်။ လူငယ်တွေအတွက်လည်း အခွင့်အလမ်းတခုလို့ မြင်တယ်။ ပြိုင်ပွဲကို ဒီနှစ် မှာလည်း ထပ်လုပ်တယ်ဆိုတော့ ကျနော်ကလည်း သီချင်းလုပ်ထားတာနဲ့ ကွက်တိဖြစ်နေတယ်လေ။ ဒါနဲ့ပြိုင်ဖြစ်ခဲ့တာပါ။ ကျနော်ရေးပြီးပြိုင်ခဲ့တာက သီချင်းနှစ်ပုဒ်ပါ။ နာမည်တွေက “လူ့အခွင့်အရေး” နဲ့ “တန်းစီ” လို့ပေးထားတဲ့ သီချင်းနှစ်ပုဒ်ပါ။ Winner ရတာက “လူ့အခွင့်အရေး” ဆိုတဲ့ သီချင်းနဲ့ပါ။
ဂီတနဲ့ပတ်သက်ပြီး ဝါသနာပါလို့ ကျနော်လုပ်နေတာတော့ အချိန်တော်တော်ကြာနေပါပြီ။ ဆယ်တန်းပြီးလို့ တက္ကသိုလ်တွေမတက်ခင်အချိန်ကတည်းက လုပ်နေခဲ့တာပါ။ အဲဒီတုန်းကတော့ ဂီတနဲ့ပတ်သက်ရင် သိပ်ပြီး ငယ်သေးတော့ နားမလည်သေးဘူး။ အကြောင်းအရာ အတွေ့အကြုံပိုင်းတွေက မရင့်ကျက်သေးဘူး။ ဂီတကို လုပ်ရင်းလုပ်ရင်းနဲ့ နောက်ပိုင်းမှာ Hip Hop ကပဲ ဂီတအကိုတွေနဲ့ တွေ့ပြီး သူတို့သင်ပေးတာ လမ်းညွှန်ပေးတာတွေကို သင်ယူတယ်။ အခုဆိုရင် ဂီတကို လုပ်လာတာ ၉ နှစ်ကျော်လောက်ရှိလာပြီ။ ပြိုင်ပွဲမဝင်ခင်က ကျနော်သီချင်းတွေကို အခမဲ့ဝေတာတွေ လုပ်ဖူးတယ်။ သီချင်း ၇ ပုဒ်ပါတဲ့ အခွေလေးပေါ့၊ အဲဒါလည်းမဆိုးဘူး၊ တချို့လူငယ်တွေ တော်တော်များများ လက်ခံကြတယ်။
ရှေ့ဆက်ပြီး ဝါသနာပါတဲ့ ဂီတကိုပဲ ဆက်လုပ်သွားမှာပါ။ အခုက Hip Hop ဂီတကိုလည်း လူ့အဖွဲ့အစည်းအမြင်မှာ မှားနေသေးတယ်။ Hip Hop က စကားပြောတဲ့ ဂီတဆိုပေမယ့် ပြောချင်ရာပြောတဲ့ ဂီတလို့ တချို့က ထင်နေကြတာ။ အဲဒါကို ကျနော်တို့ ပြောင်းလဲရမယ်။ ပြီးတော့ ကျနော်တို့ Underground က ဂီတ လူငယ်တွေက Show ပွဲတွေ မဆိုရဘူး။ အခွေလည်းထွက်ခွင့်မရှိဘူး။ အနုပညာကြေးဆိုတာကလည်း ဘယ်ကမှ ပြန်မရလာဘူး။ အဲဒါကိုတော့ ကျနော်က နောက်ထပ်လာမယ့်သူတွေနဲ့ ရှေ့ကအစ်ကိုတွေနဲ့ပေါင်းပြီး တော်လှန်မယ်လို့ စိတ်ကူးရှိတယ်။ ဂီတလုပ်ဖို့ အိတ်စိုက်ချည်းပဲ ကျနော်တို့လုပ်ခဲ့ရတာလေ။ ဒါကြောင့် ရှေ့မှာ အဲဒါကြီးကို ကျနော်ပြောင်းလဲချင်တာပါ။
ဂီတကိုလုပ်တဲ့အခါ နာမည်ကြီးချင်လို့လုပ်တဲ့သူလည်း ရှိသလို တကယ်လုပ်ချင်လို့ကို လုပ်တဲ့သူလည်း ရှိတယ်။ နာမည်ကြီးချင်တဲ့သူကတော့ နာမည်ကြီးမယ့်လမ်းကိုပဲ လျှောက်မှာပေါ့နော်။ တချို့က ဝါသနာပါလို့ ပိုက်ဆံရှိလို့ လုပ်တဲ့သူကလည်း သပ်သပ်ရှိတယ်။ တချို့က ဂီတကို ယုံကြည်လို့ပေါ့၊ Hip Hop ဆိုလည်း Hip Hop၊ Punk ဂီတဆိုရင်လည်း Punk ပေါ့။ သူတို့ယုံကြည်တဲ့ ဂီတယဉ်ကျေးမှုကို ထုဆစ်ချင်တယ်။ ပြသချင်တယ်။ သီချင်း လုပ်တဲ့အခါ စတူဒီယိုဖိုး၊ သွားလာတဲ့စရိတ်၊ အတီးသမားတွေပေးတာ စသဖြင့် စရိတ်တွေရှိတယ်။ အဲဒါတွေကို ပြန်မရတဲ့အခါ သူတို့အနေနဲ့ ဒါကို ရှေ့ဆက်လုပ်ဖို့ ခက်လာတာတွေရှိတယ်။ အဲ့ဒီလမ်းလေးကို ကျနော် ဖွင့်နိုင်မယ်လို့တော့ မဟုတ်ဘူးပေါ့နော်။ အားလုံးလက်တွဲပြီး လုပ်သွားရမှာပေါ့။
လူငယ်တွေအနေနဲ့လည်း ကိုယ်ဝါသနာပါတာကို လုပ်ခွင့်မရဘဲ စားဝတ်နေရေးအတွက် တခြားအလုပ်ကို လုပ်ခဲ့ရတာတွေလည်း ရှိမှာပါပဲ။ ဒါပေမယ့် ကိုယ်ယုံကြည်တဲ့အရာ ကိုယ်လုပ်ချင်တဲ့အရာက ကိုယ့်ရဲ့အသက် မွေးဝမ်းကြောင်းကိုလုပ်ခွင့်ရမယ်ဆိုရင်တော့ လူငယ်တိုင်းက ကိုယ်ဝါသနာပါတာကိုပဲ လုပ်ချင်ကြမှာပေါ့။
ကိုယ်ယုံကြည်ရာကိုလုပ်ရတာနဲ့ စားဝတ်နေရေးအတွက် ကြိတ်မှိတ်ပြီးလုပ်ရတာ ခံစားချက်က ကွာတယ်လေ။ ကိုယ်ယုံကြည်ရာကို လုပ်နေခွင့်ရတဲ့သူကတော့ ဘာပဲဖြစ်ဖြစ် ပျော်နေမှာပဲလေ။ ကျနော့်မိဘတွေဆိုရင်လည်း ကျနော့်ကို စီးပွားရေးသမားတယောက် လုပ်စေချင်ပေမယ့် ကျနော်က ဂီတကို ဝါသနာပါတဲ့အခါ ဂီတဘက်မှာအောင်မြင်တဲ့သူတယောက်လုပ်ဖို့ ပြောပါတယ်။ ကိုယ်ယုံကြည်တဲ့လမ်းကိုလျှောက်မှ သူ့သားက သူ့ထက်တော်မယ်လို့ အဖေက ယုံကြည်ထားတာပါ။ ဒါ အဖေဆီက ကျနော်ကြိုက်တဲ့ ခံယူချက်လေးတခုပါပဲ။