“ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ” ဆိုတဲ့ ဧည့်သည်ကြီး ကဗျာကို ရေးသားခဲ့တဲ့ ကဗျာဆရာကြီး တင်မိုး ကွယ်လွန်တာ လာမယ့် ဇန်နဝါရီ ၂၂ ရက်ဆိုရင် ၁၀ နှစ်ပြည့်ပါပြီ။ မန္တလေးတက္ကသိုလ်ထွက် ကဗျာဆရာကြီးများဖြစ်တဲ့ မောင်သာနိုး၊ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည် အစရှိတဲ့ ကဗျာဆရာ အကျော်အမော်များထဲက တယောက် ဖြစ်ပါတယ်။
မြန်မာ့ရေမြေကို ချစ်တဲ့၊ မြန်မာ့စာပေကို တန်ဖိုးထားတဲ့ ကဗျာဆရာကြီး တင်မိုးဟာ စစ်အာဏာရှင်တို့ကြောင့် တိုင်းတပါး အရပ်ဆီမှာ အမိမြေကို လွမ်းဆွတ်တမ်းတရင်း ကွယ်လွန်ခဲ့ရတာ ဖြစ်ပါတယ်။
ကဗျာဆရာကြီး တင်မိုးကို မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ကန်မြဲရွာမှာ ၁၉၃၃ နိုဝင်ဘာ ၁၉ ရက်မှာ မွေးပါတယ်။ သက်ရှိ ထင်ရှားရှိမယ်ဆိုရင် ဆရာဟာ အသက် ၈၄ နှစ် ရှိပြီ ဖြစ်ပါတယ်။
အမည်ရင်းမှာ ဦးဘဂျမ်းဖြစ်ပြီး ကန်မြဲသက်နှင်း၊ ကန်မြဲ နန်းမြင့်နွယ်၊ ကိုရင်ဂျမ်း၊ စန်းရောင် ကလောင်များနဲ့ ကဗျာများ ရေးခဲ့ပြီး ၁၉၅၈ ကစကာ တင်မိုး ကလောင်နာမည်ကို သုံးခဲ့ပါတယ်။ ပြည်ပ ရောက်ရှိနေချိန်မှာလည်း ပြည်တွင်း မဂ္ဂဇင်းတချို့မှာ မာန်စိုး ကလောင်နဲ့ ရေးသားခဲ့ပါသေးတယ်။
ဆရာတင်မိုး ငယ်စဉ်ဘဝတွေကို ပြန်ကြည့်ရင် ဇဂျမ်းတိုင်းရင်း မြန်မာအလယ်တန်းကျောင်း၊ မန္တလေးကျောင်းတိုက် ဆရာတော် ဦးအာစရကျောင်း၊ ပခုက္ကူဦးခင်မောင်ကြီး ကျူရှင်ကျောင်းတို့မှာ ပညာသင်ကြားခဲ့ပြီး ဆယ်တန်းစာမေးပွဲကို ရေစကြို အစိုးရအထက်တန်းကျောင်းက အောင်မြင်ပါတယ်။
ဆရာ တင်မိုးဟာ ဆယ်တန်းစာမေးပွဲမှာ တနိုင်ငံလုံး မြန်မာစာ အမှတ်အများဆုံးနဲ့ မြန်မာစာဂုဏ်ထူး ရရှိခဲ့ပါတယ်။ ဖြေဆိုခဲ့တဲ့ မြန်မာစာ စာစီစာကုံးကို အဲဒီအချိန်က မြန်မာစာဌာနကဆရာ ဦးမောင်မောင်တင်က ဖတ်မိပြီး စာတမ်းအဖြစ် သိမ်းဆည်းခဲ့ပါတယ်။ ဆရာ တင်မိုး တက္ကသိုလ်ရောက်မလာလို့ သွားရောက်ခေါ်ယူ ကျောင်းအပ်စေခဲ့တယ်လို့ ဆရာ တင်မိုးရဲ့ သူငယ်ချင်း ကဗျာဆရာကြီး မောင်စွမ်းရည် ဆောင်းပါးတပုဒ်မှာ ဖတ်ရှုခဲ့ရပါတယ်။
ကဗျာဆရာကြီး တင်မိုး အကြောင်းပြောရင် ဧည့်သည်ကြီး၊ အမေ့သား စကားတိုးတိုးပြောလှည့်ပါ၊ ဒေါက်တာ ဂျော်နီ၊ ကွန်မြူနစ်ဆန့်ကျင်ရေး လူကြီးမင်းများ၊ သမိုင်းမှာ မင်းတရားခံဖြစ်မယ်၊ ဗုဒ္ဓနဲ့တွေ့ဆုံခြင်း အစရှိတဲ့ကဗျာတွေကို ထည့်မပြောရင် ပြီးပြည့်စုံနိုင်မယ် မထင်ပါ။
လူငယ်၊ လူကြီးများ အတွက်သာမက ကလေးများအတွက်လည်း ကလေးကဗျာ အများအပြားကိုလည်း ရေးသားစပ်ဆို ခဲ့ပါသေးတယ်။ လူလေးကြီးရင် ဘာလုပ်မယ် (၁၉၆၆)၊ ထီးကလေးနဲ့မနီ ကဗျာစာအုပ် (၁၉၇၀)၊ ကလေးကဗျာ ပန်းဥယျာဉ် (၁၉၉၇) အစရှိတဲ့ ကလေးများအတွက် ကဗျာများစွာကိုလည်း ရေးသားခဲ့ပါတယ်။
ဆရာတင်မိုးဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ် စာပေဖြင့် တတ်အားသရွေ့ ပြုစုပျိုးထောင်ချင်တဲ့ စိတ်ရင်းကို အထင်းသား မြင်ရတဲ့ “လူလေးကြီးရင် ဘာလုပ်မယ်” ဆိုတဲ့ ကလေးကဗျာမှာ ကြည့်ရင် သိနိုင်ပါတယ်။
လူလေးကြီးရင် ဘာလုပ်မယ်
အမေ မေးရင်ကွယ် …
နွားရုပ်ကလေး သနားတယ်
လယ်ထွန်စက်နဲ့ ထွန်ယက်မယ်။
လူလေးကြီးရင် ဘာလုပ်မယ်
အမေ မေးရင်ကွယ် …
ကမ္ဘာတခွင် လျှောက်လို့လည်
လေယာဉ်ပျံကြီး မောင်းပါ့မယ်။
လူလေးကြီးရင် ဘာလုပ်မယ်
အမေ မေးရင်ကွယ် …
ဖျားနာသူတွေ သနားဖွယ်
ဆရာဝန်လုပ်လို့ ဆေးကုမယ်။
လူလေးကြီးရင် ဘာလုပ်မယ်
အမေ မေးရင်ကွယ် …
တံတားဆောက်လို့ စက်ရုံတည်
ဗိသုကာကြီး လုပ်ပါ့မယ်။
လူလေးကြီးရင် ဘာလုပ်မယ်
အမေ မေးရင်ကွယ်
စာမတတ်တဲ့ ညီမငယ်
ကကြီး ခကွေး သင်ပေးမယ် ။ ။
ဆရာတင်မိုးဟာ ၁၉၆၇-၈၇ ရန်ကုန်တက္ကသိုလ်မှာ ဘာသာပြန်နဲ့ စာအုပ်ထုတ်ဝေရေးဌာန၊ စာပြုနဲ့ လက်ထောက် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၆၇-၈၄ အခြေခံပညာ သင်ရိုးညွှန်းတမ်း မြန်မာစာ သင်ရိုးအဖွဲ့ဝင်အဖြစ် ကျောင်းသုံးမြန်မာဖတ်စာ စာမူ ရွေးချယ်ခြင်းရေးသားခြင်း ပြုလုပ်ခဲ့ပါတယ်။
၁၉၈၈ လူထု အရေးအခင်းကြီး ဖြစ်တဲ့အခါမှာတော့ ဆရာ တင်မိုးလည်း စစ်အာဏာရှင်စနစ်ဆိုးကို တော်လှန်ရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တတ်သိပညာရှင်များအဖွဲ့မှာ ပါဝင်ပြီး လူထုနဲ့အတူ ဒီမိုကရေစီရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ စစ်အာဏာရှင်များဟာ စာပေပညာရှင်ရော ဘာရော နားမလည်၊ သူတို့အာဏာနဲ့ အကျိုးစီးပွားထိရင် ရန်သူသဖွယ် သတ်မှတ်ပြီး ကဗျာဆရာကြီး တင်မိုးကိုလည်း ၁၉၉၁-၁၉၉၅ အထိ ထောင်ချပစ်လိုက်ပါတယ်။
ထောင်က လွတ်လာတော့လည်း အငြိုးကြီးကြီးနဲ့ စောင့်ကြည့်၊ လိုက်လံနှောက်ယှက်၊ လက်မှတ်ခေါ်ထိုး အမျိုးမျိုး ဖိအားပေး လုပ်လာတာကြောင့် ဆရာတင်မိုးဟာ သူချစ်တဲ့မြန်မာမြေကို စွန့်ခွာကာ တိုင်းတပါး ထွက်ခွာခဲ့ရပါတယ်။
ဆရာနဲ့ နီးစပ်သူတွေရေးတဲ့ ဆောင်းပါး၊ စာတွေထဲမှာလည်း နိုင်ငံရပ်ခြားကနေ ဆရာဟာ မြန်မာပြည်ကို လွမ်းဆွတ် သတိရလို့ မဲဆောက်ဘက်ကနေ မြဝတီဘက်ခြမ်းကို လာလာငေးရင်း စိတ်ဖြေတဲ့ အကြောင်းတွေလည်း ဖတ်ရတော့ ဘာပြစ်မှု တစုံတရာမှ မကျူးလွန်ခဲ့သူလည်း စစ်အာဏာရှင်တွေကြောင့် တိုင်းပြည်ရတနာတွေဟာ တိုင်းတပါးမှာ ဖိတ်စင်ခဲ့ကြရတဲ့ သင်ခန်းစာကို သိခဲ့ရပါတယ်။
ဆရာဟာ ပြည်တွင်းမှာ နေထိုင်စဉ် ရေးသားခဲ့တဲ့ စာအုပ်များကတော့ ပန်းလက်ဆောင် (၁၉၅၈)၊ ဖလ်မီးအိမ်ကဗျာစာအုပ် (၁၉၅၉)၊ လှေတစင်းနဲ့ သီချင်းသည် (၁၉၆၃)၊ အဖိုးကဝိ ကဗျာများ (၁၉၆၄)၊ အမေ့ကျောင်း (၁၉၆၅)၊ လူလေးကြီးရင် ဘာလုပ်မယ် (၁၉၆၆)၊ ပန်းဈေးခင်း (၁၉၆၇)၊ စိမ်းလန်းသော အိပ်မက် (၁၉၆၉)၊ ပိတောက်မှ သရဖီ၊ ထီးကလေးနဲ့ မနီ (၁၉၇၀)၊ ဆီးသီးသည် မဗျိုင်း (၁၉၇၂)၊ ခုနှစ်စဉ်ကြယ်၊ နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်းနဲ့ ပျိုးခင်းတေးသံ (၁၉၇၃)၊ ပူစီ (၁၉၇၅)၊ ပုဂံကျောင်းက ခေါင်းလောင်းသံ၊ ကိုရင်ဂျမ်း အစမ်းစာ၊ ကလေးကဗျာပန်းဥယျာဉ် (၁၉၇၇)၊ ကံ့ကော်ရိပ်မှ အိပ် မက်များ (၁၉၉၇)၊ ကန္တာရနှစ်များ (၁၉၉၈) တို့ ဖြစ်ပါတယ်။
ဆရာတင်မိုးဟာ ဖလ်မီးအိမ် ကဗျာစာအုပ်နဲ့ စာပေဗိမာန် ဆု (၁၉၆၀)၊ ထီးကလေးနဲ့ မနီ ကဗျာစာအုပ်နဲ့ အမျိုးသား စာပေဆု (၁၉၇၀) တို့ ရရှိခဲ့ပါတယ်။ ဆရာရေးခဲ့တဲ့ ကဗျာတွေကနေ စိုင်းထီးဆိုင်ဆိုခဲ့တဲ့ မစ္ဆရိယ၊ မြတ်လေးနဲ့ ကလေးများဆိုခဲ့တဲ့ အရုဏ်ဦးက ကြယ်နီ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း အစရှိတဲ့ သီချင်းဖြစ်သွားတာတွေလည်း ရှိပါတယ်။
မြန်မာနိုင်ငံဟာ စစ်အာဏာရှင် စနစ်အောက်မှာ ၁၉၆၂ ခုနှစ်ကစလို့ မျိုးဆက် ၂ ဆက်နီးပါး နေထိုင်ခဲ့ရပါတယ်။ စစ်အာဏာရှင်အောက်မှာ ကျွန်းသစ်နဲ့ မြေအောက် သယံဇာတတွေ မျိုးတုံးလုဖြစ်ခဲ့ရသလို စစ်အာဏာရှင် ဘုန်းတော်ဘွဲ့ မရေးသားဘဲ ပြည်သူ့ဘက် မျက်နှာပြုခဲ့တဲ့ မြေပေါ်သယံဇာတတွေဖြစ်တဲ့ စာပေပညာရှင်၊ အတတ်ပညာရှင်တွေ ဟာလည်း ထောင်တွေ အချုပ်တွေကျ၊ တိုင်းတပါး ရောက်ကုန်နဲ့ မြန်မာပြည်ဟာ ကုန်းကောက်စရာမရှိ ဆင်းရဲမွဲတေခဲ့ရပါတယ်။ ဒီအထဲမှာ ကဗျာဆရာကြီး တင်မိုးဟာလည်း ပြည့်ရတနာထဲက တယောက်အပါဝင် ဖြစ်ခဲ့ရပါတယ်။
ဆရာဟာ ပြည်ပမှာနေထိုင်စဉ် အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်ရေး စောင့်ကြည့်ရေးအဖွဲ့က ပေးတဲ့ Hellman-Hammett Grant ဆု (၂၀ဝ၂)၊ နယ်သာလန်နိုင်ငံက Prince Claus Award စာပေဆု (၂၀ဝ၄) တို့လည်း ရရှိခဲ့ပါတယ်။
၂၀ဝ၇ ဇန်နဝါရီ ၂၂ရက်မှာတော့ ဆရာတင်မိုးဟာ သူချစ်တဲ့ အမိမြန်မာနိုင်ငံကို လွမ်းဆွတ်ရင်း အသက် ၇၄ နှစ်အရွယ်မှာ အမေရိကန်နိုင်ငံ၊ လော့အိန်ဂျလိစ် နေအိမ်အနီးက ကဖေးဆိုင်ထိုင်ရင်း သွေးတိုးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
သူချစ်တဲ့ အမိမြန်မာနိုင်ငံကို ပြန်ချင်ဇော ရှိခဲ့ပေမယ့်လည်း စစ်အာဏာရှင်စနစ်ကြောင့် ကိုယ့်ရေကိုယ့်မြေမှာ ခေါင်းချခွင့် မရခဲ့တဲ့ အဖြစ်ဆိုးကြီးကို ပြည်သူချစ် အညာသား အမျိုးသားစာဆိုကြီး ရေးသားခဲ့ရပါတယ်။ တိုင်းပြည်အတွက် ပြန်မရနိုင်တဲ့ ဆုံးရှုံးမှုကြီးတခုလည်း ဖြစ်ပါတယ်။
ဆရာ ကွယ်လွန်ခဲ့ပေမယ့်လည်း ဆရာ့ကဗျာများဟာ တိုင်းပြည်နဲ့လူမျိုးအတွက် အကျိုးများစွာ ဖြစ်ထွန်းကျန်ရစ်ခဲ့ပါတယ်။ ဆရာ ရေးသားခဲ့တဲ့ ကဗျာတွေထဲက “သမိုင်းမှာ မင်းတရားခံဖြစ်မယ်” ဆိုတဲ့ ကဗျာဟာလည်း ယနေ့ခေတ်ထိတိုင်အောင် မီးမောင်းထိုး သတိပေးနေဆဲဖြစ်ပါတယ်။
“သမိုင်းမှာ မင်းတရားခံ ဖြစ်မယ်”
မင်းမမှန်ရင်
မင်း တရားခံ ဖြစ်မယ်။
ငါမမှန်ရင်
ငါ တရားခံ ဖြစ်မယ်။
တရားဆိုတာ
ညှာလဲ မညှာ၊ ညာလဲ မညာ
သာစေ နာစေလဲ မရှိ
ပကတိ သူ့သဘောသူ ဆောင်ခြင်းပါပဲ။
ဒီနေ ့မင်းရဲ့လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အတ္ထုပ္ပတ်။
ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အနာဂတ်။
မပတ်သက်ချင်လို့ မရ
မဆက်စပ်ချင်လို့ မရ
မင်းဘဝကို မင်းကသာ ပြဋ္ဌာန်းတယ်။
မင်းဘာလဲ။
မင်း ဘယ်သူလဲ။
မင်းဟာ မင်းပဲ။ ။