ဗမာ တိုင်းရင်းသားတွေရဲ့အိမ်မှာ ဧည့်သည် လာပြီဆို လက်ဖက်သုတ်၊ ထန်းလျက်၊ ရေနွေးကြမ်းတို့နဲ့ ကြိုဆို ဧည့်ဝတ် ကျေကြသလို တောင်တန်း ဒေသတွေက တိုင်းရင်းသားတွေမှာလည်း သူတို့ရဲ့ ရိုးရာ အစားအစာတွေနဲ့ ဧည့်ခံတဲ့ ဓလေ့တွေ အမျိုးမျိုး ရှိကြပါတယ်။
ဒေသခံ မဟုတ်သူတွေ ဧည့်သည် လာလုပ်လေ့ မရှိသလောက် နည်းပါးတဲ့ မြန်မာနိုင်ငံ၊ မြောက်ပိုင်း အစွန်အဖျားက ကချင် တိုင်းရင်းသား၊ ရဝမ်မျိုးနွယ်စုတွေရဲ့ အိမ်မှာတော့ ဧည့်သည်လာပြီဆို လာချားခရော့ နဲ့ ဧည့်ဝတ်ပျူငှာ ကြပါတယ်။
လာချားခရော့ ဆိုတာက ၃ ပေလောက် ရှည်တဲ့ ဝါးဘူးကြီးထဲမှာ ဝက်ဆီဖတ်၊ မြေပဲ၊ နို့မှုန့်၊ သစ်ဆီနဲ့ ကြက်ဥ တွေကို လက်ဖက်ရည်ကြမ်း၊ ရေနွေးအဖြူတို့နဲ့ ရောထည့် ထောင်းပြီး မိသားစုတွေ ဝိုင်းဖွဲ့ သောက်တဲ့ ရဝမ်ရိုးရာ အစားအစာ တခုပါ။
နောင်မွန်မြို့သား ဦးဖုန်လတ်က “လားချားခရော့ကို ဗမာလို ဘာသာပြန်မယ်ဆို ရဝမ် တီးမစ်ပေါ့” လို့ ပြောပါတယ်။
လာချားခရော့ ပြုလုပ်မယ်ဆိုရင် ဝါးဆစ်နဲ့ ပြုလုပ်ထားတဲ့ ဝါးဘူး ၁ ဘူး လိုပါတယ်။ ရိုးရာ ဝါးဘူးတွေက ၃ ပေ ကနေ ၄ ပေလောက် ရှည်ကြပေမယ့် တချို့အိမ်တွေမှာတော့ ၁ ပေ ဝန်းကျင်လောက်သာ ရှိတဲ့ ဝါးဘူးလေးတွေကိုလည်း လာချား ခရော့ ဘူးအဖြစ် သုံးကြပါတယ်။
ဝါးဘူးထဲမှာ ထည့်မည့် အစာပလာတွေကို ထောင်းဖို့ အတွက်လည်း ထိပ်မှာ လေးထောင့်ပုံစံ လုပ်ထားတဲ့ ဝါးတုတ်တံ တချောင်းလည်း ရှိရမယ်လို့ ဦးဖုန်လတ်က ပြောပါတယ်။
ဝါးဘူးထဲမှာ ကြက်ဥအစိမ်းကို ဖောက်ထည့်၊ နွားနို့ သို့မဟုတ် နို့မှုန့်၊ ညက်နေအောင် ထောင်းထားတဲ့ မြေပဲနဲ့ နှမ်း၊ ထောပတ်၊ သစ်ဆီ၊ ဝက်ဆီဖတ်တွေကို ထည့်ပြီး လက်ဖက်ရည်ကြမ်းနဲ့ ရေနွေးကို အချိုးကျ ထည့်ပြီး ဝါးတုတ်တံနဲ့ ညက်နေအောင် ထောင်းပါတယ်။
ထည့်ထားတဲ့ အစာပလာတွေ ညက်သွားလောက်ပြီ ဆိုရင်တော့ နွားနို့လို အဖြူရောင်ရှိတဲ့ လာချားခရော့ကို ရပါပြီ။
လာချားခရော့ရဲ့ အနံ့က ထောပတ်နံ့မွှေးနေပြီး အရသာကတော့ ထောပတ်တွေ၊ မလိုင်တွေ များများ ထည့်ထားလို့ အီစိမ့်နေတဲ့ အရသာရှိတဲ့ နွားနို့တခွက်ကို သောက်ရတာနဲ့ တူပါတယ်။
အချိုကြောင့် အီစိမ့်တဲ့ အရသာကို မကြိုက်တဲ့သူတွေ ရှိနိုင်ပေမယ့် ရဝမ် တိုင်းရင်းသားတွေကတော့ အလွန် ကြိုက်နှစ်သက်ကြတဲ့ ရိုးရာအစားအစာ ဖြစ်တာကို တွေ့ရပါတယ်။
ဦးဖုန်လတ်က “ကျနော်တို့ ရဝမ်တွေက အိမ်မှာ ဧည့်သည်လာပြီဆို လာချားခရော့ လုပ်ပြီး တိုက်ကြတယ်။ ပြောရရင် ရိုးရာ အစားအစာ လာချားခရော့နဲ့ ကြိုဆိုတာပေါ့” လို့ ပြောပါတယ်။
ရဝမ် တိုင်းရင်းသားတွေ နေထိုင်တဲ့ဒေသက ရေခဲတောင်တွေဆီကို သွားဖို့ နောက်ဆုံး ကားလမ်းပေါက်တဲ့ အရပ်ဖြစ်ပြီး အအေးဓာတ်ကလည်း ပိုပါတယ်။ ဆောင်းတွင်းဆိုရင် ၂ ဒီဂရီ ဖာရင်ဟိုက်၊ ၃ ဒီဂရီ ဖာရင်ဟိုက်လောက် ရှိတာကြောင့် မီးဖိုချောင်မှာ မီးကို အဆက်မပြတ် မွှေးထားကြပါတယ်။
လာချားခရော့ကို ဖျော်ပြီး မီးဖိုခန်းထဲက မီးဖိုဘေးမှာ ရေနွေးအိုးနဲ့ ထည့်ပြီး ထားတတ်ကြပါတယ်။ အလုပ်က ပြန်လာတဲ့ အခါမျိုးမှာ ဖြစ်စေ၊ အဆာပြေ သောက်ဖို့ ဖြစ်စေ ဆောင်ထားကြပြီး တချို့ကတော့ မနက်စာအဖြစ် သောက်သုံး ကြပါတယ်။
ရဝမ်တိုင်းရင်းသူ ဒေါ်မေရီက “နေမကောင်းဖြစ်တဲ့ သူတွေဆို လာချားခရော့ တိုက်လိုက်ရင် မြန်မြန် ကျန်းမာတယ်။ အာဟာရ များတယ်လေ” လို့ ပြောပါတယ်။
ပါဝင်တဲ့ ပစ္စည်းတွေက အဆီအနှစ်တွေ များတာကြောင့် ဆန်စပါး ရှားပါးပြီး ထမင်း ပုံမှန် ချက်မစားနိုင်တဲ့ ဒေသတွေမှာတော့ လာချားခရော့က အာဟာရအတွက် အထောက်အပံ့ များစွာ ပေးတယ်လို့ သိရပါတယ်။
ဦးဖုန်လတ်က “ဒီဒေသတွေက ဟိုးအရင်က ဆန်စပါး မရှိသလောက် ရှားတယ်။ ထမင်းချက်စားဖို့ ခက်တယ်။ အဲဒီတော့ လာချားခရော့ကိုပဲ အားပြုပြီး စားကြတယ်။ အဲဒီလိုနဲ့ လာချားခရော့က ဒေသရဲ့ ရိုးရာရဲ့ အစားအစာတခု ဖြစ်လာတယ်” လို့ ပြောပါတယ်။
နောင်မွန်မြို့နယ်၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းတဲ့ ပူတာအိုမြို့ကနေ မိုင် ၁၀ဝ ကျော်ပဲ ဝေးပေမယ့် တောင်တွေ အထပ်ထပ် ဖြတ်ကျော်ပြီး မြေလမ်း ကြမ်းကြမ်းကို ဖြတ်သန်းသွားရမှာ ဖြစ်တာကြောင့် တနေ့တာ အချိန်ယူရပြီး မိုးတွင်းတွေမှာဆိုရင် ၂ ရက်လောက် အချိန်ယူပြီး သွားရပါတယ်။
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် နောင်မွန်ရဲ့ ဆန်ဈေးက သာမန်ထက် ဈေးနှုန်း ၃ ဆခန့် မြင့်နေပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေကလည်း ၁ လုံး သို့မဟုတ် ၂ လုံးကို ၅၀ဝ ကျပ်ခန့် ပေးဝယ်ရပါတယ်။
နောင်မွန်မြို့ထက် ပိုအလှမ်းဝေးတဲ့ ရွာတွေမှာတော့ ဆန်စပါးလည်း စိုက်ပျိုးလို့ မရတာကြောင့် လာချားခရော့ကိုပဲ အားပြုပြီး သောက်သုံးကြတယ်လို့ သိရပါတယ်။
လာချားခရော့ သောက်သုံးတဲ့ ဓလေ့ကို ကချင်ပြည်နယ်၊ နောင်မွန်မြို့နယ်ထဲမှာ နေထိုင်ကြတဲ့ ရဝမ် မိသားစုတွေ ဆီမှာသာ မြင်တွေ့နိုင်ပါတယ်။
ရဝမ် မိသားစုတွေကတော့ အိမ်မှာ ဧည့်သည် လာပြီဆိုရင် အခန်းထောင့် တနေရာမှာ ထောင်ထားတဲ့ ဝါးဘူးကြီးကို ဆွဲပြီး လာချားခရော့ လုပ်ဖို့ ပြင်ဆင်ကြတော့တာပါပဲ။
ဧည့်သည်နဲ့ စကားပြောရင်း လာချားခရော့ တိုက်ရင်းနဲ့ တခွက်ကုန်သွားတိုင်း တခွက် ထပ်ထည့်ပေးဖို့လည်း ဝန်မလေးကြပါဘူး။
ရဝမ်တို့ရဲ့ အယူအဆအရ လာချားခရော့က အသားအရည်ကို ကြည်လင်လှပ စိုပြည်စေတယ်။ အာဟာရ ပြည့်ပြီး ခန္ဒာကိုယ်ကို ဖွံ့ဖွံ့ထွားထွား ဖြစ်စေတယ်လို့လည်း ဒေါ်မေရီက ပြောပါတယ်။
အဲဒါကြောင့်လည်း သူတို့ဆီ လာတဲ့ ဧည့်သည်တွေကို လာချားခရော့ များများသောက်ဖို့ တိုက်တွန်းလေ့ ရှိကြပါတယ်။
တခါတရံမှာတော့ လာချားခရော့ နဲ့အတူ ရဝမ်ရိုးရာ အစားအစာတွေဖြစ်တဲ့ ဆန်နဲ့ လုပ်ထားပြီး ငှက်ပျောရွက်နဲ့ ပတ်၊ မီးကင်စားရတဲ့ သားရေစာမုန့်တွေ၊ ပီလောပီနံမြစ်ကို မီးကင်ထားတာတွေလည်း ချကျွေး တတ်ပါတယ်။
ဦးဖုန်လတ်ကတော့ “ ကျနော်ကတော့ လာချားခရော့ကို အရမ်းကြိုက်တယ်။ အရမ်းသောက်လို့ ကောင်းတယ်လေ ” လို့လည်း သူ့ရိုးရာအစားအစာကို ချီးမွမ်း ပြောဆိုလိုက်ပါတယ်။
လာချားခရော့က ရဝမ်တို့ရဲ့ ဧည့်ဝတ်ကျေပွန်ခြင်း သင်္ကေတ တခုပါပဲ။